ကျန်းကျူးရိမှ နှုတ်ဆိတ်နေခဲ့သောကြောင့် တခြားလူများကလည်း စကားမပြောရဲကြပါချေ။
လီရှန်းသည်ကား ဤနှစ်များတစ်လျှောက် ကျန်းကျူးရိ၏ ထောက်ပံ့မှုဖြင့်သာ ရပ်တည်ခဲ့ရခြင်းဖြစ်ပေ၏။
စုဝေမင်က ခေတ္တမျှ စဉ်းစားလိုက်ပြီး ကျန်းကျူးရိ၏ စိုးရိမ်ပူပန်မှုကို နားလည်သွားသည့်အတွက် အလျင်အမြန်ပင် ပြောလိုက်သည် ။
“စိတ်မပူပါနဲ့၊ ကျွန်တော်တို့ မိသားစုက အယူသည်းတဲ့ လူစားမျိုးတွေ မဟုတ်ပါဘူး၊ တကယ်လို့ တစ်ခုခု ဖြစ်လာခဲ့ရင်တောင် ချွေးမဖြစ်သူကို အပြစ်တင်စရာ အကြောင်းမရှိပါဘူး
ဒါ့အပြင် ကျွန်တော်တို့ မိသားစုနှစ်ခုလုံးက မျိုးရိုးကောင်းတဲ့သူတွေပဲမလား၊ ကျွန်တော်တို့ဘက်က အမှားအယွင်းမလုပ်သရွေ့ ပြဿနာဖြစ်လာမှာ မဟုတ်ဘူး”
ယန်အန်းကော်က နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။
“ဒါကတော့ အမှန်ပါပဲ”
သူက ဆက်လက်၍ ပြောလိုက်လေ၏။
“ပြီးတော့ ကျွန်တော်တို့လည်း ဒီမှာ ရှိနေတာပဲ၊ ရှန်းရှန်းကိုသာ နောက်ပိုင်းမှာ တစ်ယောက်ယောက်က နှိပ်စက်နေရင် ကျွန်တော်တို့က ဒီအတိုင်း ကြည့်နေမှာတဲ့လား”
ဤစကားက သတိပေးချက် အနည်းငယ် ပါဝင်နေပေသည်။
ဆေးဝါးစက်ရုံက ပိုင်မားခရိုင်ထဲတွင် တည်ရှိသည်။ စုဝေ့မင်အနေဖြင့် ပြည်နယ်မြို့တော်မှ စေလွှတ်ထားသော ဒုတိယညွှန်ကြားရေးမှူး ဖြစ်သော်လည်း ကိစ္စမရှိပေ။
အကယ်၍ စုဝေ့ချင်းကသာ လီရှန်းအပေါ် နှိပ်စက်ခဲ့ပါက ယန်အန်းကော်နှင့် အခြားသူများက လီရှန်းအတွက် ရပ်တည်ပေးရန် အသင့်ရှိနေကြပေသည်။
ဆိုရလျှင် တန်ခိုးသြဇာကြီးသော နဂါးတစ်ကောင်ဖြစ်နေလျှင်ပင် ဒေသခံမြွေကို မနှိမ်နင်းနိုင်ပါချေ။
“ဝေ့ချင်းကသာ ရှန်းရှန်းကို နှိပ်စက်ခဲ့ရင် ခင်ဗျားတို့ ပြောစရာတောင် မလိုပါဘူး၊ ကျွန်တော် ကိုယ်တိုင်ပဲ သူ့ရဲ့ခြေထောက်ကို ရိုက်ကျိုးပစ်မယ်”
စုဝေ့မင်က ရင်ဘတ်ကို ပုတ်လျက် ကတိပေးလိုက်၏။
တစ်ချိန်လုံး တိတ်တဆိတ်နားထောင်နေခဲ့သော လော်ယွီရှို့ကလည်း ဝင်ပြောလာခဲ့သည် ။
“စိတ်မပူပါနဲ့၊ ကျွန်မတို့ မိသားစုက တကယ်ကိုအဆင်ပြေပါတယ်၊ ကျွန်မက သားနဲ့ချွေးမရဲ့ ကိစ္စတွေမှာ ဘယ်တော့မှ ဝင်မစွက်ဖက်ဘူး
ကျွန်မတို့တွေက အိမ်ခွဲမနေကြသေးပေမယ့် ကိုယ့်ဘဝနဲ့ကိုယ် နေကြမှာပဲ၊ သူတို့ရဲ့ လစာထဲက တစ်ပြားတစ်ချပ်ကိုမှလည်း ကျွန်မ မယူဘူး
ခမည်းခမက်တို့ စိတ်အေးအေးထားလို့ရပါတယ်၊ ကျွန်မက ရှန်းရှန်းကို ကိုယ့်သမီးအရင်းလိုပဲ သဘောထားမှာ”
ကျန်းကျူးရိနှင့် တခြားလူများက လော်ယွီရှို့၏ အာမခံချက်ကို အလေးအနက် မထားကြပါချေ။
ဤကဲ့သို့သော ယောက္ခမများသည်က သားဖြစ်သူ မိန်းမ မရမီအချိန်တွင် သူတို့ပြောခဲ့သမျှသော စကားများမှာ သီချင်းဆိုနေသကဲ့သို့ ချိုသာလွန်းပြီးနားထောင်၍ကောင်းနေတတ်ကြသည် မဟုတ်ပါလား။
“ကောင်းပါပြီ၊ နှစ်သစ်ကူးခင် သူတို့ကို လက်ထပ်ပေးကြတာပေါ့..အချိန်က နည်းနည်းတော့ ကပ်နေပေမဲ့ အခြေအနေတွေက အရေးကြီးနေတော့ တခြားအရာတွေကို ထည့်တွက်မနေတော့ဘူး”
ကျန်းကျူးရိက နောက်ဆုံးတွင် ခေါင်းညိတ်လိုက်လေသည်။
သို့သော်လည်း ဆက်ပြောလာခဲ့သည်။
“လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေကိုတော့ လိုက်နာဖို့လိုအပ်သေးတယ်”
“ဒါပေါ့၊ ဒါပေါ့”
စုဝေ့မင်က အကြိမ်ပေါင်းများစွာ ခေါင်းညိတ်လိုက်သည်။
“ကျွန်တော့်မှာ သားသုံးယောက် ရှိတယ်၊ သူတို့အားလုံးကို အမြဲတမ်း တန်းတူရည်တူပဲ ဆက်ဆံခဲ့တာ၊
ဒါပေမဲ့ ကျွန်တော့်ရဲ့ အကြီးဆုံးသားရဲ့ အိမ်ထောင်ရေးကတော့ လမ်းချော်သွားခဲ့တယ်၊
ဒုတိယသားကလည်း တစ်နှစ်ပတ်လုံး အိမ်မှာ မရှိသလောက်ပါပဲ နောင်ကျရင် ကျွန်တော်နဲ့ ကျွန်တော့်ဇနီးက သားအငယ်ဆုံးနဲ့ပဲ အတူနေဖြစ်ဖို့ များတယ်
ကျွန်တော် ဒီနေ့ ပြန်ရောက်တာနဲ့ ကလေးနှစ်ယောက်အတွက် အခန်းကို ပြုပြင်မွမ်းမံဖို့ ထောက်ပံ့ရေးဌာနကို ဆက်သွယ်လိုက်ပါ့မယ် တခြား ဘာတွေပဲလိုအပ်တာပါစေ ပြောလို့ရပါတယ်၊
ခင်ဗျားတို့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားပါ့မယ်”
ဤသည်မှာ အလွန်ပင် စိတ်ရင်းမှန်သော ပြောစကားများဖြစ်ပေသည်။ စုဝေ့မင်က သူတို့၏ တောင်းဆိုချက်များမှာ အလွန်အကျွံ မဖြစ်သရွေ့ ဖြည့်ဆည်းပေးရန် အသင့်ရှိကြောင်း ထင်ရှားပေသည်။
ကျန်းကျူးရိလည်း လက်ကမ်း၍ စုဝေ့မင်နှင့် သဘောတူလိုက်၏။ နှစ်ဖက်လုံးမှာ ဂုဏ်သိက္ခာရှိ မိသားစုများဖြစ်ကြသဖြင့် ပွင့်လင်းလွန်းရန် မလိုအပ်ပါချေ။
မည်သည့်တောင်းဆိုချက်မှ မလုပ်လျှင်ပင် စုဝေ့မင်က လီရှန်းအပေါ် မတရားပြုစွာဆက်ဆံမည်မဟုတ်ကြောင်း သိနိုင်သည်။
“ဟင်းတွေ အဆင်သင့်ဖြစ်ပြီ၊ စားကြရအောင်”
ချန်ဖန်း၏ အော်ဟစ်သံကြောင့် လူတိုင်းက အိမ်ရှေ့ခန်းသို့ ပြန်လှည့်ကြည့်လျှင် ထိုနေရာတွင် ကြီးမားသော စားပွဲဝိုင်းကြီးတစ်ခုကို ပြင်ဆင်ထားသည်ကို တွေ့လိုက်ရလေ၏။
စားပွဲပေါ်တွင် ငါး၊ အသားနှင့် ပုစွန်များအပါအဝင် ဟင်းလျာများစွာ တည်ခင်းထားခဲ့သည်။ ကျန်းရှင်းမင်က အရက်တစ်ပုလင်းပင် ထုတ်လာခဲ့သေးသည်။
ကျန်းရူတုန်းက အနည်းငယ် မကျေနပ်စွာဖြင့် ညွှန်ကြားလိုက်သည်။
“ဒီအရက်ကို မသောက်နဲ့၊ ငါ့ခုတင်နောက်ကိုသွားပြီး မောက်ထိုင် အရက်တစ်ပုလင်း သွားဖွင့်လိုက်
ခမည်းခမက်တွေက ပထမဆုံးအကြိမ် လာလည်တာလေ၊ ရိုင်းပျတာမျိုး မဖြစ်စေနဲ့”
ကျန်းရှင်းမင်ကလည်း အရက်ပုလင်းကို သိုလှောင်ခန်းထဲသို့ အမြန်ပြန်ထည့်လိုက်ပြီး အခန်းထဲသို့ ဝင်သွားရင်း ညည်းညူလိုက်၏ ။
“အဖေက တကယ်ကြီး မောက်ထိုင်အရက်ကို ဝှက်ထားတာပဲ၊ နှစ်သစ်ကူးတုန်းကတောင် ကျွန်တော်တို့ကို ထုတ်မတိုက်ဘူး လုံးဝ သေသေချာချာ ဝှက်ထားတာ”
“တော်စမ်းပါ၊ မင်းက ဘာကောင်မို့လို့ မောက်ထိုင်သောက်ချင်နေတာလဲ”
ကျန်းရူတုန်းက ဒေါသတကြီးဖြင့် ကျန်းရှင်းမင်အား ကန်ရန်ပြင်လိုက်သော်လည်း ကျန်းရှင်းမင်က ခြေလှမ်းနှစ်လှမ်းခန့် အမြန်ဆုတ်လိုက်သောကြောင့် ကျန်းရူတုန်း၏ ကန်ချက်ကို ရှောင်ရှားနိုင်ခဲ့လေသည်။
သို့သော် ကျန်းရူတုန်းက အမှန်တကယ် စိတ်ဆိုးနေခြင်း မဟုတ်ပါချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူသည်က ယနေ့တွင် အလွန်ပင်ပျော်ရွှင်နခဲ့သည်။
လစဥ်လတိုင်း၏ ပထမဆုံးတစ်ရက်နေ့တိုင်းတွင် သူ၏ သားသမီးများက သူ့ထံသို့ လာရောက်တွေ့ဆုံတတ်ကြသည်။ ယခုအချိန်တွင် မျိုးဆက်သစ်များကလည်း အိမ်ထောင်ပြုပြီး ကိုယ်ပိုင်အလုပ်အကိုင်များကို စတင်ထူထောင်နေကြပေပြီ။
ကျန်းရူတုန်းအနေဖြင့် အချိန်ကာလများ ကုန်ဆုံးသွားသည်ကို ခံစားနေရသော်လည်း သူ၏ သားသမီးမြေးမြစ်များစွာကို တွေ့မြင်ရသည့်အတွက် ကြည်နူးပျော်ရွှင်မှုက ပိုမိုများပြားနေခဲ့သည်။
ထို့ကြောင့် သူက အပြင်ပန်းတွင် တည်ငြိမ်လေးနက်နေသော်လည်း အတွင်းစိတ်တွင် အလွန်အမင်း ဝမ်းမြောက်ပျော်ရွှင်နေမိ၏။
သူက ကျန်းဟုန်မေ့ကိုပင် အားမရစွာ ပြောလိုက်သေးသည် ။
“မင်းတို့ကိုလည်း ကြည့်လိုက်ဦး၊ ဘယ်သူမှ ကလေးတွေကို ခေါ်မလာကြဘူးလား”
“ဘာလို့ ခေါ်လာရမှာလဲ၊ ဒီနေ့က ရှန်းရှန်းရဲ့ မင်္ဂလာရှိတဲ့ နေ့ထူးနေ့မြတ်လေ ၊ လူငယ်တွေ အများကြီးကို ခေါ်လာလို့ သမက်အသစ်က လန့်ပြေးသွားရင် ဘယ်လိုလုပ်မလဲ”
ကျန်းဟုန်မေ့က ကျန်းရူတုန်း၏ လက်မောင်းကို ကိုင်ဆွဲပြီး တောင်ဘက်ကိုမျက်နှာမူထားသော ထိုင်ခုံသို့ ပို့ဆောင်ပေးလိုက်၏။
“ရှန်းရှန်းရဲ့ မင်္ဂလာပွဲနေ့ကိုရောက်ရင်တော့ ရှောင်စုကို ကျွန်မတို့ ရှန်းရှန်းမှာ မောင်နှမ ဘယ်နှစ်ယောက်ရှိလဲဆိုတာ ပြပေးရမယ်၊
ဒါမှ သူ ရှန်းရှန်းကို အနိုင်ကျင့်ချင်ရင် နှစ်ခါပြန် စဉ်းစားရလိမ့်မယ်၊ ကျွန်မတို့ ရှန်းရှန်းရဲ့ နောက်မှာ အားကိုးရမဲ့ မောင်နှမတွေအများကြီးရှိကြောင်း သူ သိသွားတာပေါ့”
တိုက်ဆိုင်မှုလားတော့ မသိပါချေ။
ကျန်းမိသားစုတွင် မောင်နှမငါးယောက် ရှိသော်လည်း၊ လီရှန်း၏အမေ ကျန်းဟုန်ကျန်းတွင် သမီးအဖြစ် လီရှန်းကို ရရှိခဲ့သည်။ ကျန်ရှိသောမောင်နှမများအားလုံးတွင် သားယောင်္ကျားများကိုသာ ထွန်းကားခဲ့ကြလေသည်။
ကံမကောင်းစွာဖြင့် လီရှန်းက စောစီးစွာ မွေးဖွားလာခဲ့လေသည်။ ကျန်းဟုန်ကျန်း သေဆုံးသွားချိန်တွင် ကျန်းဟုန်မေ့က အိမ်ထောင်မပြုရသေးသောကြောင့် လီရှန်းက သူမ ရသင့်သော အလိုလိုက်ယုယမှုများအလုံးစုံကို မခံစားခဲ့ရရှာပါချေ။
“ဒါကတော့ အမှန်ပဲ၊ ကျန်းခမ်းနဲ့ ကျန်းယွမ်တို့ကိုပါ ပြန်ခေါ်နိုင်ရင် အကောင်းဆုံးပဲ”
မိသားစုထဲတွင် ဤမောင်နှမနှစ်ယောက်သာ လီရှန်းနှင့် အသက်အရွယ်နီးစပ်ကြပြီး ကျန်သူများမှာတော့ အလွန်ပင် ငယ်ရွယ်ကြသေးသည်။
“ဒါကတော့ ဖြစ်မယ်မထင်ဘူး၊ ဒုတိယအစ်ကို ပြောတာတော့ နှစ်သစ်ကူးပြီးရင် စစ်တပ်က စစ်သည်အသစ်တွေ ခေါ်ယူတော့မယ်တဲ့၊ သူတို့က စစ်ထဲကိုဝင်ဖို့ ဆေးစစ်ချက်တွေ သွားခံယူရဦးမယ်”
ကျန်းကျူးပင်းရှိနေသဖြင့် ထိုညီအစ်ကိုနှစ်ယောက်၏ နိုင်ငံရေးနောက်ခံစစ်ဆေးမှုမှာ ပြဿနာရှိမည်မဟုတ်ပေ။ ဆေးစစ်ချက် အောင်မြင်သည်နှင့် သူတို့က ကျွန်းသို့သွားရမည့် ပထမဆုံးအသုတ် စစ်သည်သစ်များတွင် ပါဝင်ကြပေလိမ့်မည်။
သူ၏ မြေးနှစ်ယောက်က စစ်ထဲသို့ ဝင်တော့မည့်အကြောင်းကို ကြားလိုက်ရလျှင် ကျန်းရူတုန်းက အလျင်အမြန်ပင် ပြောလိုက်သည် ။
“ဒါဆိုရင်တော့ သူတို့ကို အနှောင့်အယှက် မပေးကြနဲ့တော့”
သူသည်လည်း အငြိမ်းစား စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သောကြောင့် စစ်တပ်အပေါ်တွင် အလွန်အမင်းသံယောဇဉ် ရှိသူဖြစ်ပြီး သူ၏မြေးများ စစ်တပ်ထဲသို့ဝင်မည်ကို အလွန်ဂုဏ်ယူနေမိပေ၏။
ကျန်းရူတုန်းက အဓိကနေရာတွင် ထိုင်လိုက်ပြီး သူ၏ ဘယ်ဘက်တွင် စုဝေမင်းနှင့် လော်ယွီရှို့တို့ ထိုင်ကြသည်။ ကျန်းရူတုန်း၏ ညာဘက်နေရာက လစ်လပ်နေသောကြောင့် ကျန်းကျူးရိက ပြောလာခဲ့သည်။
“ကျွန်တော် နောက်ဘက်ကိုသွားပြီး အန်တီဝူကို ခေါ်လိုက်ဦးမယ်”
ကျန်းဟုန်မေ့သည်လည်း ထိုင်ခုံတွင် ထိုင်လိုက်ရရုံသာရှိသေးသော်လည်း ချက်ချင်းပင် ပြန်ထရပ်လိုက်သည် ။
“ကျွန်မလည်း အတူလိုက်ခဲ့မယ်”
သူတို့နှစ်ဦးက မီးဖိုချောင်သို့ တိုက်ရိုက်သွားခဲ့ကြ၏။ ဝူယွီနျန်မှာ သူမ၏အလုပ်များကို ယခုလေးတင် ပြီးစီးသွားခဲ့လေသည်။
သူက လက်ဆေးနေခဲ့ပြီး မီးဖိုချောင်ထဲတွင် ထမင်းတစ်ပန်းကန် ခူးခတ်ပြီး ထိုင်စားရန် ပြင်ဆင်နေခဲ့သည်။
ထိုအခိုက်တွင် ကျန်းကျူးရိနှင့် ကျန်းဟုန်မေ့တို့ ရောက်ရှိလာသည်ကို တွေ့လိုက်ရသောကြောင့် ဝူယွီနျန်က အလျင်အမြန် ထရပ်လိုက်သည် ။
“ဘာဖြစ်လို့လဲ၊ ဟင်းပွဲ ချဖို့ မေ့သွားတာရှိနေလို့လား”
“အန်တီဝူ၊ အိမ်ရှေ့ခန်းကို ထမင်းစားဖို့ လာခဲ့ပါဦး”
ကျန်းကျူးရိက ပြောလိုက်၏။
***