ကျန်းဟုန်မေ့က ဝူယွီနျန်၏ ကိုယ်ပေါ်မှ ခါးစည်းပုဆိုးကို လျင်မြန်စွာ ချွတ်ပေးလိုက်ပြီး သူမ၏ ပုခုံးကိုတွန်းကာ အပြင်သို့ ခေါ်ဆောင်သွားခဲ့သည်။
ဝူယွီနျန်က ငြင်းဆန်နေဆဲပင်။
“ငါ မလာတော့ပါဘူး၊ ဒီလိုပွဲလမ်းသဘင်မျိုးတွေမှာ ငါမနေတတ်ဘူး”
“လာခဲ့ပါ၊ ဒါက ဆွေမျိုးတွေအနေနဲ့ သူတို့က ပထမဆုံး လာလည်တာပဲ၊ အန်တီမရှိနေရင် သူတို့က လှောင်ရယ်နေကြပါဦးမယ်”
ကျန်းကျူးရိကလည်း ဝင်ပြောခဲ့သည်။
“ဒါ့အပြင် အန်တီက အဖေ့ကို ဒီလောက်နှစ်အကြာကြီး ပြုစုပေးခဲ့တာ၊ ကျွန်တော်တို့ မောင်နှမတွေကိုလည်း ပြုစုပျိုးထောင်ပေးခဲ့တာပဲလေ
ဧည့်သည်တွေနဲ့အတူ စားပွဲမှာ ထိုင်စားဖို့က အန်တီ့ရဲ့ ရပိုင်ခွင့်ပဲ၊ ကျွန်တော်ဆိုရင်တော့ ဒီလို အားနာနေမှာ မဟုတ်ဘူး”
ဝူယွီနျန်တစ်ယောက် ရုတ်တရက် ဝမ်းနည်းဝမ်းသာဖြစ်ပြီး မျက်ရည်ဝဲလာခဲ့သည် ။
“ကောင်းပါပြီ ကောင်းပါပြီ”
အမျိုးအမည်မသိသော အကြောင်းပြချက်တစ်ခုကြောင့် ဝူယွီနျန်တစ်ယောက် စိတ်လက်ပေါ့ပါးသွားပြီးသူတို့နောက်သို့ လိုက်ကာ အိမ်ရှေ့ခန်းသို့ ဝင်လာခဲ့၏။
စုဝေ့မင်က အနည်းငယ်အံ့အားသင့်သွားခဲ့သော်လည်း ဘေးနားတွင်ရှိနေသည့် ယန်အန်းကော်က အလျင်အမြန် ရှင်းပြလိုက်လေ၏။
စုဝေ့မင်က ချက်ချင်းပင် နားလည်သွားခဲ့သည်။ သို့သော်လည်း သူသည်က ဝင်ရောက်ပြောဆိုခြင်းမရှိဘဲ ဝူယွီနျန်က ကျန်းရူတုန်း၏ ညာဘက်တွင် ထိုင်လိုက်သည်ကိုသာ ကြည့်နေခဲ့၏။
ထမင်းဝိုင်းမှာ အလွန်ပင် စည်ကားပြီး ပျော်ရွှင်စရာလေထုတို့ဖြင့်ပြည့်နှက်နေကာ အိမ်ရှင်နှင့် ဧည့်သည်များအားလုံးက ပျော်ရွှင်နေခဲ့ကြသည်။ သောက်စားနေချိန်အတွင်း နှစ်ဖက်မိသားစုက မင်္ဂလာရက်ကို (၁၂) လပိုင်း (၂၈) ရက်နေ့အဖြစ် သတ်မှတ်လိုက်ကြ၏။
ရက်သတ်မှတ်လိုက်ချိန်မှစပြီး မင်္ဂလာပွဲအထိ (၁၂) ရက်သာ လိုတော့သည်။
စုမိသားစုအတွက် အချိန်က အလွန်ပင် အရေးကြီးနေသောကြောင့် ထမင်းစားပြီးနောက်တွက် ဆက်မနေတော့ဘဲ စုဝေ့ချင်းကိုပါ ခေါ်ဆောင်ပြီး နှုတ်ဆက်ထွက်ခွာသွားခဲ့ကြသည်။
သူတို့ သုံးယောက် စက်ရုံသို့ ပြန်ရောက်ပြီးနောက် စုဝေ့မင်က ညတွင်းချင်းပင် ပြည်နယ်မြို့တော်ရှိ ညီအစ်ကိုများထံသို့ ဖုန်းဆက်ပြီး စုဝေ့ချင်း၏ မင်္ဂလာပွဲအကြောင်း အသိပေးလိုက်သည်။
သူတို့တွင် အလုပ်မအားလျှင်ပင် (၁၂) လပိုင်း (၂၈) ရက်နေ့တွင်ပြုလုပ်မည့် မင်္ဂလာပွဲသို့ တက်ရောက်ရန် ပိုင်မားခရိုင်သို့ လာရမည်ဖြစ်ကြောင်း ဖိတ်ကြားလိုက်လေ၏။
ထို့နောက်တွင် လော်ယွီရှို့က ထောက်ပံ့ရေးဌာနမှူး ကျန့်တာ့ရှီးထံသို့ သွားခဲ့သည်။ ဤဌာနမှူးက နေရာအနှံ့တွင် အဆက်အသွယ်ရှိသူဖြစ်ပြီး ပိုင်မားခရိုင်ရှိ စက်ရုံခေါင်းဆောင်များစွာနှင့်လည်း ရင်းနှီးကျွမ်းဝင်သူဖြစ်ပေ၏။
မင်္ဂလာပွဲက အချိန်အလွန်ကပ်နေသောကြောင့် ပရိဘောဂစက်ရုံတစ်ခုကို အချိန်ပိုဆင်းပြီး ပရိဘောဂအသစ်တစ်စုံပြုလုပ်ခိုင်းရန် သူ့ကို အကူအညီတောင်းခံချင်ခဲ့သည်။
လော်ယွီရှို့ ထွက်သွားပြီးနောက် ကျန့်တာရှီး၏ ဇနီး ဝမ်အာ့က သိချင်စိတ်ပြင်းပြနေသော မျက်နှာဖြင့် မေးမြန်းလာသည် ။
“ဘာလို့ ဒီလောက်တောင် အလျင်စလို ဖြစ်နေရတာလဲ.. ဗိုက်များ ကြီးနေလို့လား”
သူမက သူမ၏ ဝမ်းဗိုက်ပေါ်တွင် လက်ဖြင့် စက်ဝိုင်းပုံသဏ္ဍာန်ရေးဆွဲပရင်း မေးမြန်းလိုက်လေ၏။
“သွားစမ်းပါ၊ မင်းကတော့ အမြဲတမ်း ပေါက်ကရတွေ တွေးနေတာပဲ၊ အဲဒီမိန်းကလေးက ငါတို့ ဆေးဝါးစက်ရုံမှာ အလုပ်လုပ်နေတာ၊ သူက ကိုယ်ဝန်ရှိနေတာ မဖြစ်နိုင်ပါဘူး”
ကျန့်တာ့ရှီးအနေဖြင့် သူ၏ဇနီးသည်မှ စပ်စုချင်နေသည်ကို အလွန်ပင် စိတ်မရှည် ဖြစ်နေခဲ့၏။ သူသည်က ဝမ်အာ့၏ ဤအချက်ကို အမုန်းဆုံး ပင်။
ဤမိန်းမက မည်သည့်စကားကို ပြောသင့်၊ မပြောသင့်ဆိုသည်ကိုပင် နားမလည်ဘဲ ပြဿနာဖြစ်စေနိုင်သော စကားများကို အလွယ်တကူ ပြောဆိုတတ်ပေသည်။
“ဒါဆို ဘာလို့လဲ”
ဝမ်အာ့အနေဖြင့် ခင်ပွန်းသည်၏ အမူအရာကို ကျင့်သားရနေပြီဖြစ်သောကြောင့် စိတ်မဆိုးဘဲ ဆက်လက်၍ မေးမြန်းနေပြန်သည်။
“သူတို့ ဒီလောက်ထိ အလျင်စလို လက်ထပ်ချင်နေတာက သူ့မိသားစု အကြောင်းပြချက်ကြောင့်ပဲဖြစ်လိမ့်မယ်”
ကျန့်တာ့ရှီးက ဝမ်အာ့ကို စိုက်ကြည့်ရင်း သတိပေးလိုက်သည် ။
“မင်း ဒီအကြောင်း ဒီအကြောင်းတွေ လျှောက်ပြောမနေနဲ့ဦး၊ မင်းသာ ဒါကို လိုက်ပြောနေရင်မင်းရဲ့မိသားစုဝင်တွေ တစ်ယောက်မကျန် ကျေးလက်ဒေသကိုဆင်းရလိမ့်မယ်လို့တွေးထားလိုက်”
ဝမ်အာ့ ချက်ချင်းပင် ထိတ်လန့်သွားတော့သည်။ ကျန့်တာ့ရှီးက စုဝေ့မင်၏ ထိပ်ဆုံးမှ အားပေးထောက်ခံသူတစ်ဦးဖြစ်သည့်အတွက် ဝမ်အာ့အနေဖြင့် ခင်ပွန်းဖြစ်သူ၏ အစီအစဉ်များကို မဖျက်ဆီးရဲပါချေ။
သူမက စပ်စုတတ်သော်လည်း မည်သည့်စကားကို ပြောသင့်ပြီး မည်သည့်စကားကို မျိုသိပ်ထားသင့်ကြောင်း ကောင်းစွာ သိရှိပေသည်။
တစ်ဖက်တွင်တော့ စုဝေ့မင်တို့ မိသားစု သုံးယောက်ကို ပို့ဆောင်ပေးပြီးနောက် ကျန်းမိသားစုသည်လည်း စုဝေးပြီးထိုင်ကာ လီရှန်း၏ မင်္ဂလာကိစ္စကို ဆွေးနွေးကြပြန်သည်။
စုဝေ့မင် ကျန်းကျူးရိကို ပြောခဲ့ချိန်က တင်တောင်းငွေအဖြစ် အနည်းဆုံး ယွမ်တစ်ထောင် ပေးအပ်မည်ဟု ပြောဆိုသွားခဲ့သည်။
ဤခေတ်ကာလတွင် ယွမ်တစ်ထောင်ကို မဆိုထားနှင့်။ သာမန်မိသားစုတစ်ခုအတွက် ယွမ်နှစ်ရာ ၊ သုံးရာ ပေးလျှင်ပင် ကြွားဝါစရာကောင်းလောက်သည်အထိ မြင့်မားသော တင်တောင်းငွေဖြစ်ပေသည်။သူတို့ဘက်က စိတ်ရင်းမှန်မှုကို ပြသခဲ့သောကြောင့် ကျန်းမိသားစုသည်လည်း အလားတူ တုံ့ပြန်ရန် လိုအပ်ပေသည်။
ဥပမာအားဖြင့်...
မင်္ဂလာပွဲအတွက် ခန်းဝင်ပစ္စည်းများအဖြစ် ပေးအပ်ရလိမ့်မည်။
“ရှန်းရှန်းက ငါ့သမီးအရင်းနဲ့ မခြားဘူး၊ တင်တောင်းငွေက ဘယ်လောက်ပဲရရ ငါ တစ်ဆင့်မှ မယူဘူး၊ အကုန်လုံးကို ခန်းဝင်ပစ္စည်းအဖြစ်ပဲ ပြန်ထည့်ပေးလိုက်မယ်
ဒါ့အပြင် ငါ့ဘက်ကလည်း ယွမ် ၆၀၀ ထပ်ပေးမယ်”
ကျန်းကျူးရိက စီးကရက်ကို တစ်ချက်ရှိုက်လိုက်၏။ သူသည်က အလုပ်သမားခန့်ခွဲရေး ဒါရိုက်တာဖြစ်ပြီး ဖန်ချင်းသည်လည်း တရားဝင်ဝန်ထမ်းတစ်ဦး ဖြစ်ပေသည်။ သူတို့ဇနီးမောင်နှံနှစ်ဦး၏ လစဉ်လစာက ယွမ် ၁၀၀ ကျော်ရှိသည်။
သူတို့၏ သားသုံးယောက်မှာလည်း အိမ်ထောင်မပြုကြသေးသောကြောင့် အိမ်တွင် ငွေကြေးလိုအပ်ချက်မရှိသေးသည့်အတွက် ယွမ် ၆၀၀ကို အလွယ်တကူ ပေးနိုင်ပေသည်။
ကျန်းကျူးရိမှ စတင်ပြောဆိုလိုက်သည်နှင့် ကျန်းဟုန်မေ့ကလည်း ချက်ချင်းပင် လိုက်ပါပြောဆိုလာသည် ။
“ကျွန်မတို့ မိသားစုကတော့ အစ်ကိုကြီးထက် ပိုပေးလို့မကောင်းဘူး၊ ဒါကြောင့် ကျွန်မက ယွမ် ၃၀၀ ပေးပါ့မယ်”
သူမ၏ ခင်ပွန်းသည်ယန်အန်းကော်ကလည်း သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်၏။
ထိုဇနီးမောင်နှံသည်က လစာကောင်းကောင်း ရရှိခပြီး၊ သူတို့၏ကလေးမှာလည်း ငယ်ရွယ်သေးသည်။ ထို့အတူ ယန်မိသားစုမှာလည်း ချမ်းသာကြွယ်ဝသောကြောင့် သူတို့အတွက် မခက်ခဲပါချေ။
ကျန်းကျူးပင်းသည် ထိုနေရာတွင် မရှိသော်လည်း သူသည်လည်း သေချာပေါက် ရက်ရောပေလိမ့်မည်။
ယခုအချိန်တွင် ဖိအားများက ကျန်းရှင်းမင်နှင့် သူ၏ဇနီးပေါ်သို့ ရောက်ရှိသွားတော့သည်။ ကျန်းရှင်းမင်နှင့် ချန်ဖန်းတို့နှစ်ယောက်လုံးက တရားဝင်ဝန်ထမ်းများ ဖြစ်ကြသော်လည်း သူတို့က ကလေးကို ပြုစုပျိုးထောင်နေရသည်။
ထို့အပြင် ချန်ဖန်း၏ မိသားစုမှာလည်း မချမ်းသာသောကြောင့် ချန်မိသားစုကိုလည်း ကူညီပေးနေရပြန်သည်။
ထိုဇနီးမောင်နှံက ယခုအချိန်တွင် အနည်းငယ် အကျပ်ရိုက်နေခဲ့ကြရသည်။
“ဘယ်လိုလဲ၊ ငါတို့ ယွမ် ၅၀ ပေးကြမလား”
ကျန်းရှင်းမင်က ချန်ဖန်း၏ သဘောထားကို မေးမြန်းလိုက်သည်။
မတိုင်ခင်က တွေ့မြင်ခဲ့ရသော စုဝေ့မင်နှင့် သူ၏ဇနီးတို့၏ အလွန်ဂုဏ်သရေရှိသည့်အသွင်အပြင်ကို တွေးတောမိပြီးနောက် ချန်ဖန်းတစ်ယောက် အံကိုတင်းတင်းကြိတ်ပြီး ပြောလိုက်သည် ။
“ယွမ် ၁၅၀ ပေးလိုက်တာပေါ့”
သူမအနေဖြင့် ငွေကြေးများကုန်ကျမည်ကို တွန့်ဆုတ်နေမိသော်လည်း သူမ၏ ခင်ပွန်းသည်ကို သူ၏ မောင်နှမများကြားတွင် မျက်နှာငယ်ရမည်ကိုလည်း မလိုလားပါချေ။
ထို့ပြင် ရှန်းရှန်းက အခြေအနေကောင်းမွန်သော မိသားစုသို့ လက်ထပ်သွားရခြင်းဖြစ်သည့်အတွက် သူမ၏သားများ ကြီးပြင်းလာသောအချိန်တွင် သူတို့၏ အစ်မဖြစ်သူထံမှ အကျိုးကျေးဇူးများကို ခံစားရနိုင်ပေလိမ့်မည်။
ကျန်းရှင်းမင်လည်း ချန်ဖန်းက ဤမျှအထိ ရက်ရောလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ သို့သော်လည်း ဇနီးသည်၏စကားကြောင့် သူသည်လည်း အလွန်ပင် ပျော်ရွှင်သွားခဲ့သည်။
ဆိုရလျှင် မည်သူကမျှ မျက်နှာငယ်ရမည်ကို မလိုလားပေ။
“ငါ့ဆီမှာ နောက်ထပ် ယွမ် ၂၀၀ ရှိသေးတယ်၊ ဒါကို ရှန်းရှန်းအတွက် အရေးပေါ်သုံးဖို့ ပေးလိုက်မယ်”
ကျန်းရူတုန်းကလည်း အလျင်အမြန်ပင် ဝင်ရောက်ပြောဆိုလိုက်သည် ။
“ဒါက ငါစုဆောင်းထားသမျှ အကုန်လုံးပဲ၊ ဒါကို ရှန်းရှန်းကိုပဲ အကုန်ပေးလိုက်မယ်
နောင်ပိုင်း မင်းတို့ကလေးတွေရဲ့ မင်္ဂလာပွဲကျရင်တော့ ငါ ဝင်မပါတော့ဘူး၊ ငါ့ကို မျက်နှာလိုက်တယ်လို့တော့ မပြောကြနဲ့”
သူ့အနေဖြင့် ဤငွေများကို လွန်ခဲ့သည့်အချိန်များကတည်းက ပြင်ဆင်ထားခဲ့ခြင်းဖြစ်ပေသည်။
လီရှန်း ကြီးပြင်းလာပြီး လက်ထပ်မည်ဆိုလျှင် သူမတွင် ခန်းဝင်ပစ္စည်းများ မရှိဘဲ လက်ထပ်မည်ဆိုပါက ခင်ပွန်းသည်၏မိသားစုမှ အထင်သေးမှုကို ခံရမည်ကို စိုးရိမ်နေခဲ့သည်။
ယခုအချိန်တွင် သူ၏ သားသမီးအားလုံးက ဝိုင်းဝန်းကူညီလာကြသောကြောင့် ကျန်းရူတုန်းအနေဖြင့် အလွန်ပင် စိတ်ကျေနပ်သွားခဲ့သည်။
လီရှန်းအနေဖြင့် ရာထူးကြီးသော မိသားစုတွင် လက်ထပ်ရခြင်းဖြစ်သောကြောင့် ခန်းဝင်ပစ္စည်းများပြားစွာရှိမှသာလျှင် နောက်ပိုင်းတွင် ပိုမိုကောင်းမွန်သောဘဝကို ရရှိနိုင်ပေလိမ့်မည်။
“တင်တောင်းငွေကို သတို့သားမိသားစုကို အရင်ပေးလိုက်ပြီး ကျန်တာကိုတော့ ခန်းဝင်ပစ္စည်းအဖြစ်ပဲ သိမ်းထားလိုက်တော့”
ခန်းဝင်ပစ္စည်းများအကြောင်းကို ဆွေးနွေးပြီးနောက် မိသားစုက လီဟုန်ကျွင့်အကြောင်းကို တစ်ဖန် ပြန်လည်ပြောဆိုကြပြန်သည်။
ကျန်းရူတုန်းက နှာခေါင်းရှုံ့လျက် ပြောလိုက်သည်။
“သူ့ကို ဘာလို့ ပြောပြနေမှာလဲ၊ ဘယ်လိုပဲဖြစ်ဖြစ် သူက မင်္ဂလာပွဲကိုရော နာရေးတွေကိုရော ဂရုမစိုက်ဘူးလို့ ပြောထားပြီးသားပဲ
ရှန်းရှန်း ကောင်းကောင်းမွန်မွန်လက်ထပ်ရတာပဲဖြစ်ဖြစ်၊ ထပ်မထပ်ရတာပဲဖြစ်ဖြစ် သူနဲ့ ဘာမှမဆိုင်ဘူး”
သူက လီဟုန်ကျွင့်အား အမှန်တကယ်ပင် မုန်းတီးပေသည်။ လီဟုန်ကျွင့်နှင့် လက်ထပ်ပြီးကတည်းက ကျန်းဟုန်ကျန်းတစ်ယောက် ကောင်းသောနေ့ရက်ဟူ၍ တစ်ရက်မျှ မကြုံခဲ့ရရှာပါချေ။
အကယ်၍ ဝူယွီနျန်သာ ကလေးအား သွားရောက်မကြည့်ရှုမိဘဲ ထိုအကြောင်းကို မသိခဲ့ပါက ၊ သို့မဟုတ် အဘွားကြီးလီကို မောင်းမထုတ်ခဲ့မိပါက ကျန်းဟုန်ကျန်းအား ထိုအမျိုးသမီးက မည်မျှအထိ နှိပ်စက်ဦးမည်ကို မည်သူက သိနိုင်ပါမည်နည်း။
***