အလုပ်အကိုင်ကိစ္စများကို ဆွေးနွေးပြီးနောက် ယန်အန်းကော်က မြေကွက်ကိစ္စကို ထပ်မံ ပြောလာခဲ့သည် ။
“မြေကွက်လဲလှယ်တဲ့ ကိစ္စက နှစ်သစ်ကူးပြီးတဲ့အထိ စောင့်ရလိမ့်မယ်၊ ဝူချန်းချွန်းက အကုန်လုံးကိုစီစဉ်ထားပြီးပါပြီ”
“ဒါဆိုလည်း အဲဒီအချိန်ကျရင် စာချုပ်မှာလက်မှတ်ထိုးဖို့ ငါလည်း အတူလိုက်ခဲ့မယ်”
ကျန်းရူတုန်းက ကျန်းကျူးရိ၏ အစီအစဉ်ကို သိရှိထားပြီးသား ဖြစ်၏။ အတိအကျ ပြောရလျှင် ကျန်းရူတုန်းသည်လည်း ထိုအိမက်တွင် ဝေစုတစ်ခု ရှိနေဆဲပင်။
သူသည်က ကျန်းဟုန်ကျန်း၏ ဖခင်အရင်းပင်မဟုတ်ပါလား။
သူ၏ ဝေစုကို သူ စွန့်လွှတ်ခဲ့ခြင်းမှာ လီဟုန်ကျွင့်က လီရှန်းအပေါ် ကောင်းမွန်စွာ ဆက်ဆံလိမ့်မည်ဟု မျှော်လင့်ခဲ့ခြင်းကြောင့်သာ ဖြစ်ပေ၏။
သို့သော် လီဟုန်ကျွင့်က လီရှန်းအား မထောက်ပံ့ခဲ့သောကြောင့် ယခုအချိန်တွင် သူ၏ ဝေစုကို ပြန်လည်ရယူရန် အချိန်တန်ပေပြီ။
ထို့ပြင် ကျန်းဟုန်ကျန်း၏ ပင်စင်လစာကိစ္စလည်း ရှိနေသေးသည်။
ကျန်းရူတုန်းအနေဖြင့် လီဟုန်ကျွင့်၏ အိမ်ကိစ္စကို ပြေလည်သွားသည်အထိ စောင့်ဆိုင်းပြီးမှ အထည်အလိပ်စက်ရုံသို့ သွားကာ ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး ထိုကိစ္စကို ဖြေရှင်းရန်လည်း စီစဉ်ထားသည်။
လီရှန်းတစ်ယောက် နားထောင်ရင်းနှင့် ပိုမိုအံ့သြလာခဲ့မိ၏။ သူမ၏ မိသားစုဝင်များက နောက်ပိုင်းတွင်ဖြစ်လာမည့် ကိစ္စရပ်များကို ကြိုတင်ပြီး စနစ်တကျစီစဉ်ထားကြလိမ့်မည်ဟု သူမ လုံးဝမထင်မှတ်ထားခဲ့ပါချေ။
သို့ဆိုလျှင် သူမ၏ အတိတ်ဘဝတွင် လီဟုန်ကျွင့်၏ မိသားစုက သူမ မြင်တွေ့ခဲ့ရသကဲ့သို့ အမှန်တကယ်ပင် ပျော်ရွှင်ချမ်းမြေ့နေခဲ့ကြသည်လား။
ပြန်လည်စဉ်းစားကြည့်ပြီးနောက် သူမအနေဖြင့် လီဟုန်ကျွင့်က သူ၏သမီးအား အိမ်ထောင်ချပေးသည်ကို မြင်တွေ့ပြီးသည်နှင့် စနစ်၏ ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် မည်သည့်အရာများ ဆက်ဖြစ်လာသည်ကို သူမ မသိရှိခဲ့ပါချေ။
ဤအခိုက်အတန့်တွင် သူမက ယခင်အချိန်များက သူမ၌ ရှိခဲ့ဖူးသော စနစ်အား ရုတ်တရက် သတိရလိုက်မိသည်။
အကယ်၍ ထိုစနစ်သာ ရှိနေသေးပါက သူမ၏ အတိတ်ဘဝတွင် မည်သည့်အရာများ ဆက်ဖြစ်ခဲ့သည်ကို မေးမြန်းနိုင်ပေလိမ့်မည်။
ထိုအချိန်က သူမအနေဖြင့် တာဝန်များကိုသာ ပြီးမြောက်အောင် လုပ်ဆောင်ရန်အတွက်အာရုံစိုက်နေခဲ့ပြီး နောက်ဆက်တွဲကိစ္စများကို စိတ်မဝင်စားခဲ့ပေ။
စနစ်က သူမကို သိချင်လားဟု မေးမြန်းခဲ့ချိန်ကပင် သူမက မကြားချင်ယောင်ဆောင်ခဲ့ဖူးသည်။
ယခု ပြန်လည်စဉ်းစားကြည့်ပြီးနောက်... သူမ အမှန်တကယ်ပင် နောင်တရမိ၏။
ဤသည်မှာ လီရှန်း ပြန်လည်ရောက်ရှိလာပြီးနောက် စနစ်ကို ပထမဆုံးအကြိမ်အဖြစ် သတိရမိခြင်းပင်။
သို့သော် အဝေးတစ်နေရာမှ အာကာသထဲတွင် သူမနှင့်အတူ ကမ္ဘာများစွာကို ဖြတ်သန်းခဲ့သော စနစ်က ရုတ်တရက်တစ်စုံတစ်ခုကို သိမြင်ခဲ့ပုံရပြီး သူ၏သခင်ဟောင်းရှိနေသော အရပ်မျက်နှာသို့ အလျင်အမြန် ဦးတည်ပျံသန်းလာခဲ့ကြောင်းကိုတော့ သူမ မသိရှိခဲ့ပါချေ။
*
မင်္ဂလာရက်ကို သတ်မှတ်ပြီး နောက်တစ်နေ့တွင် စုမိသားစုက အိမ်ကို ပြုပြင်မွမ်းမံခြင်းကို စတင်ခဲ့ကြသည်။
စုဝေ့ချင်းက အခန်းထဲရှိ အရာအားလုံးကို အပြင်သို့ ထုတ်လိုက်လေ၏။ သူ၏အိပ်ယာအတွက် စုဝေ့ဖင်း၏ အခန်းလေးထဲတွင် ခေတ္တအိပ်စက်ရန်အတွက် ခေါက်ခုတင်လေးတစ်ခုကို ထည့်သွင်းပေးထားသည်။
စုဝေ့ချင်း၏ အခန်းထဲမှ ပရိဘောဂအဟောင်းများကိုတော့ ဧည့်ခန်းထဲသို့ ရွှေ့ထုတ်လိုက်လေ၏။ လော်ယွီရှို့က အခန်းအား အရင်ဆုံး ပြောင်စင်အောင် သုတ်သင်လိုက်ပြီး နံရံပေါ်မှ ကွာကျနေသော ဆေးများကို ခြစ်ထုတ်လိုက်ကာ၊ ဆေးအသစ်ပြန်သုတ်ရန်အတွက် နေ့ကောင်းရက်သာ တစ်ရက်ကို ရွေးချယ်ရန် စီစဉ်ခဲ့သည်။
စုမိသားစုက သူတို့၏ အလုပ်များတွင် အလွန်ပင် သေသေချာချာလုပာနေခဲ့ကြပေသည်။ သူတို့ စတင်ပြောင်းရွှေ့လာချိန်က ကြမ်းပြင်ကို အဖြူရောင်အင်္ဂတေ သုတ်ထားခဲ့သော်လည်း နှစ်အနည်းငယ်ကြာခဲ့ပြီဖြစ်၍ အရောင်မှိန်သွားခဲ့ပေပြီ။
ယခုအချိန်တွင် အင်္ဂတေပြန်ကိုင်ရန် လိုအပ်နေသည်။ ထို့အပြင် ကြမ်းပြင်နှင့် ပတ်သက်ပြီး လော်ယွီရှို့က သစ်သားကြမ်းပြင်ခင်းလိုသော်လည်း စုဝေ့ချင်းက သူမကို တားဆီးခဲ့၏။
“အဲဒါက ဆူညံနေလိမ့်မယ်၊ ခြေလှမ်းတိုင်းက တကျိကျိနဲ့ မြည်နေမှာဆိုတော့ လမ်းလျှောက်တာနဲ့ အောက်ထပ်ကလူတွေပါ အကုန်ကြားနေရလိမ့်မယ်၊ အင်္ဂတေကြမ်းပြင်လောက် မကောင်းဘူး”
စုဝေ့ချင်းအနေဖြင့် ဘေးအိမ်မှ လုတုန်းရှန်၏အိမ်ရှိ သစ်သားကြမ်းပြင်ကို ပြန်လည်တွေးတောမိပြီး အလွန်ပင် စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့သည်။
လုချင်းလန် သစ်သားကြမ်းပြင်ကို ခင်းခဲ့ချိန်ကက ထိုအဆောက်အအုံရှိ တခြားသူများက သူမကို အရင်းရှင်ဆန်သော အပြုအမူဖြစ်သည်ဟု ပြောဆိုခဲ့ကြဖူးသည်။
အကယ်၍ စုမိသားစုကလည်း ထိုသို့ လုပ်ဆောင်ခဲ့ပါက သူတို့က သေချာပေါက် ပြဿနာရှာကြပေလိမ့်မည်။
လော်ယွီရှို့က ခဏမျှ တုံ့ဆိုင်းသွားရသည်။
“ဒါဆို တကယ်ကြီး မခင်းတော့ဘူးလား”
သူမက ယခင်ချွေးမဟောင်းများ၏ အပြုအမူများကို ပြန်လည်တွေးတောမိပြီး မစိုးရိမ်ဘဲ မနေနိုင်ခဲ့ပါချေ ။
“ဒါဆို ရှန်းရှန်းကိုပဲခေါ်ပြီး ကြည့်ခိုင်းရအောင်၊ ခင်းမလား မခင်းဘူးလားဆိုတာကို သူမကိုပဲ ဆုံးဖြတ်ခိုင်းလိုက်တာပေါ့”
သူမအနေဖြင့် တစ်ချိန်က သူမ၏ ယခင်ချွေးမကြီးအတွက် အိပ်ရာတစ်ခု ပြင်ဆင်ပေးခဲ့ဖူးသော်လည်း ထိုချွေးမက ဒေါသထွက်သွားခဲ့ဖူးသည်။
“အတော်ပဲ၊ ရှန်းရှန်းက ငါတို့ရဲ့အိမ်ကို မရောက်ဖူးသေးဘူးမလား၊ မင်း သူမကို ခေါ်လာခဲ့ပြီး ငါတို့နဲ့အတူ ထမင်းတစ်နပ်လောက် လာစားခိုင်းလိုက်မလား”
“ကောင်းပြီ”
လီရှန်း၏အကြောင်းကို ပြောလိုက်သည်နှင့် စုဝေ့ချင်းက ချက်ချင်းပင် သဘောတူလိုက်၏။
“ဒါဆို ဒီနေ့ နေ့လယ်စာစားချိန်ကျရင် ကျွန်တော် သူမကို ပြောလိုက်မယ်”
လော်ယွီရှို့က သစ်သားကြမ်းပြင်ကိစ္စကို စိတ်မပူတော့ဘဲ လူငယ်ဇနီးမောင်နှံအသစ်လေးအတွက် ဂွမ်းကတ်စောင်အသစ်များ ချုပ်ပေးရန်သာ စဉ်းစားခဲ့သည်။
ထို့နောက် သူမက ပြည်နယ်မြို့တော်သို့ ဖုန်းဆက်ပြီး စုဝေ့မင်၏ညီအစ်ကိုများနှင့် သူမ၏ မောင်နှမများထံမှ ငွေစုပေါင်းကာ ၁၀ ပေါင်စာဂွမ်းဝယ်ယူခွင့်လက်မှတ် ရအောင် စီစဉ်လိုက်လေသည်။
သို့ဆိုပါက ၅ ပေါင်စီရှိသော ဂွမ်းစောင်အသစ်နှစ်ထည်ဝယ်ရန် လုံလောက်ပေ၏။
ထိုလက်မှတ်များအပြင် အဝတ်အထည်ဝယ်ယူခွင့်လက်မှတ်များကိုလည်း ပူးတွဲတင်ပြရပေမည်။
စုမိသားစုဝင်အားလုံး တက်ကြွလှုပ်ရှားပြီး အလုပ်ရှုပ်နေကြသည်ကို မြင်လျှက် ထိုအဆောက်အအုံတွင်ရှိနေသော တခြားနေထိုင်သူများက မကြာခင်ပင် အာရုံစိုက်လာခဲ့ကြသည်။
သူတို့ထဲတွင် လုချင်းလန်က အဆိုးဆုံးပင်။
“ပြီးခဲ့တဲ့တစ်ခေါက်က ဝေ့ချင်းကို ငါ့ညီမလေးနဲ့ အောင်သွယ်ပေးချင်ခဲ့တာ၊ ဒါပေမဲ့ လောင်လော်က ဝေ့ချင်းမှာ ချစ်သူရှိနေပြီလို့ ပြောလာတယ်လေ၊ အခုသူတို့က ဒီလောက်တောင် အလုပ်ရှုပ်နေကြတာဆိုတော့ ကြည့်ရတာ မကြာခင် လက်ထပ်တော့မယ် ထင်တယ်”
“ဒီလိုမျိုး တစ်ခါမှ မကြားဖူးပါဘူး၊ စေ့စပ်တာတောင် မလုပ်ရသေးဘူး၊ တစ်ခါတည်း လက်ထပ်တော့မှာလား”
“ဗိုက်ကြီးနေတာလား မသိဘူး”
လုချင်းလန်က သူမ၏နှုတ်ခမ်းကို မဲ့ကာ လှောင်ပြောင်လိုက်၏။
“ရှင် ဒီလိုတွေ လျှောက်မပြောသင့်ဘူး! ဒီခေတ်ကြီးမှာ မိန်းကလေးတစ်ယောက်နဲ့ ဒီလိုပွေရှုပ်တာမျိုးဖြစ်ဘာရင် လယ်မြေတွေမှာအလုပ်ကြမ်းလုပ်ဖို့ အပို့ခံရမှာနော်၊ ရှင်ပြောတဲ့စကားကို ရှင်တာဝန်ယူရမယ်”
လုချင်းလန်တစ်ယောက် ထိတ်လန့်သွားပြီး လက်ကို အလျှင်အမြန်ဝေ့ရမ်းကာ ငြင်းဆိုလိုက်သည်။
“ငါက ဒီအတိုင်း သတိလက်လွတ်ပြောလိုက်တာပါ၊ ဒါပေမဲ့ ငါ့ကို အပြစ်တင်လို့တော့ မရဘူး၊ စုမိသားစုက အရမ်းကိုအလောတကြီး ဖြစ်နေတာကိုး”
ထိုအချိန်တွင် လော်ယွီရှို့၏အသံ အနောက်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“ကျွန်မတို့ရဲ့ဝေ့ချင်းက ခေါင်းဆောင်ကြီးရဲ့ လမ်းညွှန်ချက်အတိုင်း လွတ်လွတ်လပ်လပ် ချစ်ကြိုက်ပြီးလက်ထပ်ဖို့လုပ်နေတာ၊ အရင်ခေတ်ဟောင်းတုန်းကလိုမျိုး စီစဉ်ပေးတဲ့ အိမ်ထောင်ရေးကို ပြတ်ပြတ်သားသားဆန့်ကျင်နေတာပဲ
ဒါကြောင့် ကျွန်မတို့ ဝေ့ချင်းရဲ့ လက်တွဲဖော်က သူကိုယ်တိုင် ရှာထားတဲ့မိန်းကလေးပဲ၊ ဒီလူငယ်နှစ်ယောက်က အပိုအလုပ်တွေမလုပ်ချင်တော့ဘဲ တိုက်ရိုက်ပဲလက်ထပ်ဖို့ ဆုံးဖြတ်လိုက်ကြတာ
ဒါကိုလည်း လောင်စုနဲ့ ကျွန်မက အပြည့်အဝ ထောက်ခံပေးထားတယ်”
လူတိုင်း၏ မျက်နှာအမူအရာများက ချက်ချင်းပင် ပြောင်းလဲသွားကြလေ၏။
ဒီဘေးဒုက္ခနတ်ဆိုးက ဘယ်အချိန်ကတည်းက ရောက်နေတာလဲ!
“ပြီးတော့ ရှင်တို့အားလုံးသိကြတဲ့အတိုင်း စေ့စပ်ပွဲဆိုတာက ဘာအတွက်လဲ၊ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒါတွေက ပဒေသရာဇ်ခေတ်က အစွဲအလမ်းတွေပဲမဟုတ်ဘူးလား၊
ကျွန်မကတော့ ဒါတွေကို လုံးဝအယုံအကြည်မရှိဘူး၊ ဒါကြောင့် စေ့စပ်တာပဲဖြစ်ဖြစ်၊ မစေ့စပ်ဘဲလက်ထပ်တာပဲဖြစ်ဖြစ် ကျွန်မမိသားစုအတွက် ဘာမှ မထူးခြားဘူး”
လော်ယွီရှို့က လူအုပ်ကြားတွင် အလွန်သဘာဝကျစွာ ရပ်နေခဲ့၏။
လုချင်းလန်က မျက်လုံးကို အကြည့်လွှဲပြီး ပြောလိုက်လေ၏။
“ပိုက်ဆံမသုံးချင်လို့ပဲပွင့်ပွင့်လင်းလင်း ပြောလိုက်ပါလား”
“ဟုတ်တယ်၊ ငါ မသုံးချင်ဘူး”
လော်ယွီရှို့က အေးစက်စွာဖြင့် နှာခေါင်းရှုံ့လိုက်၏။
“နင်ကရော သုံးနိုင်လို့လား၊ နင့်ညီမရဲ့ စေ့စပ်ပွဲအတွက် စားသောက်ပွဲကို တက်ဖို့ ငါ စောင့်နေမယ်”
“ရှင်... အမြောက်ကြီး ၊ အဲဒါ ဘာစကားပြောတာလဲ”
“လုဖားပြုတ်မ! ငါပြောတာ မှားလို့လား”
လော်ယွီရှို့က မေးကို မော့လိုက်ပြီး သူမကိုယ်တိုင် လုချင်းလန်အတွက် ပေးထားသော နာမည်အသစ်ကို တိုက်ရိုက်ပင် ခေါ်လိုက်၏။
လုချင်းလန်တစ်ယောက် လုံးဝ ဆွံ့အသွားလေသည်။
“ရှင် ဘယ်သူ့ကို ဖားပြုတ်လို့ ခေါ်နေတာလဲ!”
“ ငါ့ကို အမြောက်ကြီးလို့ ခေါ်တဲ့ ဘယ်သူမဆို ငါကလည်း လုဖားပြုတ်လို့ ပြန်ခေါ်မှာပဲ”
လုချင်းလန်၏ ဒေါသထွက်နေသော မျက်နှာကို မြင်လျှင် လော်ယွီရှို့တစ်ယောက် ကျေနပ်အားရမှုများ ပြည့်နှက်သွားခဲ့လေ၏။ ဤနာမည်သစ်က သူမ၏ စိတ်ထဲတွင် ရှိ နေသည်မှာ ရက်အတော်ကြာပေပြီ။
ယနေ့မှသာ ထိုနာမည်ကို အသံကျယ်ကျယ်ဖြင့် ထုတ်ပြောခွင့် ရခဲ့သည်။ ဤသည်က သူမကို အလွန်ပင် သက်သောင့်သက်သာခံစားရစေခဲ့၏။
လုချင်းလန်က ပြန်လည်တုံ့ပြန်ခြင်း မပြုနိုင်မီမှာပင် သူမက ခါးကို ထောက်ကာ ဆူပူလိုက်ပြန်သည်။
“နင်က အမြဲတမ်း လူတွေရဲ့ နောက်ကွယ်မှာ အတင်းအဖျင်း ပြောနေတာပဲ၊ နင့်မှာ ဘာလို့ ဒီလောက်တောင် အားလပ်ချိန်တွေ များနေရတာလဲဒီအချိန်တွေမှာ အိမ်ပြန်ပြီး နင့်သားကြီးနဲ့ အချိန်ဖြုန်းဖို့ သုံးသင့်တာမလား၊ နင်က သူ့ကို ပြည်နယ်မြို့တော်မှာ ထားခဲ့တာဆိုတော့ သူက တစ်ယောက်တည်း စိတ်ထိခိုက်ပြီးအားငယ်နေရမှာပဲ၊ နင်က ဘယ်လို အမေမျိုးလဲဆိုတာတောင် တကယ်ကို မသိတော့ဘူး”
လုချင်းလန် : “...”
သာမန် စကားများရုံလောက်နဲ့ ဘာလို့ ကလေးကိုပါ ဆွဲထည့်နေရတာလဲ။
***