လုချင်းလန်ကို အရှက်ခွဲလိုက်ရပြီးနောက်တွင် လော်ယွီရှို့တစ်ယောက် အလွန်ကျေနပ်သွားပြီး ဘေးပတ်ဝန်းကျင်ရှိ လူများကို ကြေညာလိုက်သည်။
“ကျွန်မတို့ မိသားစုက (၁၂)လပိုင်း (၂၈) ရက်နေ့မှာ မင်္ဂလာပွဲရှိပါမယ်၊ အဲဒီအချိန်ကျရင် အားလုံးပဲ လာရောက်ပြီးစားသောက်ကြပါဦး”
“လာခဲ့ပါ့မယ်၊ လာခဲ့ပါ့မယ်”
အတင်းအဖျင်း ပြောတတ်သော အမျိုးသမီးတစ်စုမှာ လော်ယွီရှို့ကို စိတ်ဆိုးမည်ကို ကြောက်ရွံ့ပြီး သူတို့ကိုလည်း နာမည်သစ် ပေးလိုက်မည်ကို ကြောက်ရွံ့သောကြောင့် ခေါင်းကို အလျှင်အမြန်ညိတ်ပြလိုက်ကြသည်။
ပြောရမည်ဆိုလျှင် ထိုအဆောက်အအုံတွင် မိသားစုဒါဇင်ပေါင်းများစွာရှိသော်လည်း လုချင်းလန်က သတ္တိအရှိဆုံးဖြစ်ပေသည်။
သူတို့အားလုံးက လော်ယွီရှို့၏ နောက်ကွယ်တွင်သာ “အမြောက်ကြီး” ဟု ခေါ်ရဲကြသော်လည်း လုချင်းလန်ကတော့ လော်ယွီရှို့၏ မျက်နှာရှေ့တွင်ပင် ထိုသို့ ခေါ်ရဲခဲ့သည်။
လုချင်းလန်က အမှန်တကယ်ပင် စစ်သည်တော်တစ်ဦးအဖြစ်သတ်မှတ်နိုင်သည်။
သူတို့အားလုံးကတော့ အရှုံးကို အလွယ်တကူ ဝန်ခံလိုက်ကြရလေသည်။
*
စုဝေ့ဟိုင်သည်လည်း စုဝေ့ချင်း၏ မင်္ဂလာပွဲ သတင်းကို ချက်ချင်းပင် သိရှိခဲ့ပြီး ဝူလီကိုခေါ်ကာ ကူညီရန်အတွက် အမြန်ရောက်လာခဲ့လေသည်။
ဝူလီက စုဝေ့မင်ထံမှ တင်တောင်းခငွေ ယွမ် ၁,၀၀၀ ပေးရန်အတွက် စီစဉ်ထားကြောင်းကို ကြားလိုက်ရချိန်တွင် ချက်ချင်းပင် မကျေမနပ် ဖြစ်သွားခဲ့သည်။
သူမက လော်ယွီရှို့၏ နောက်ကွယ်တွင် စုဝေ့ဟိုင်ဆီသို့ညည်းညူပြောဆိုခဲ့သည်။
“ဘာလို့ တတိယယောက်မကျတော့ တင်တောင်းကြေး ယွမ် ၁,၀၀၀တောင် ရပြီး၊ ကျွန်မကျတော့ ယွမ် ၅၀၀ ပဲ ရတာလဲ..
ရှင့်မိဘတွေက တကယ်ကို ဘက်လိုက်တာပဲ၊ အငယ်ဆုံးသားကိုပဲ ချစ်ကြတယ်”
စုဝေ့ဟိုင်က နှစ်သိမ့်စကား တချို့ကို ပြောရန် ပြင်လိုက်သော်လည်း
လော်ယွီရှို့က နောက်တစ်ကြိမ်ရုတ်တရက် ပေါ်လာခဲ့ပြန်သည်။
“ငါ ဝေ့ဟိုင်အတွက်လည်း တစ်ထောင် သုံးခဲ့တာပဲလေ၊ အရင်တစ်ယောက်အတွက် ငါးရာ၊ နင့်အတွက် ငါးရာ”
ဝူလီ : “...”
ဒီလိုမျိုး တွက်လို့ရတာလား။
“သူ့အဖေနဲ့ ငါက အရမ်းကို တရားမျှတတဲ့လူတွေပဲ၊ ဝေ့ယန်အတွက်လည်း နောက်ထပ် ငါးရာ အပိုပေးဖို့ ပြင်ထားတယ်၊ ဒါဆိုရင် ညီအစ်ကို သုံးယောက်စလုံးက တစ်ထောင်စီ ရကြမှာပေါ့
ငါတို့က ဘယ်သူ့ကိုမှ ဘက်မလိုက်ဘူး၊ ဒါကြောင့် ငါ့ကို မမျှတဘူးလို့ လာမပြောနဲ့”
လော်ယွီရှို့၏ ဆိုလိုရင်းက အလွန်ပင် ရှင်းလင်းပေ၏။
သူမက ဘက်မလိုက်ပါချေ။ ဝူလီကသာ နောက်ကျမှ ရောက်လာသူဖြစ်သဖြင့် ဒုတိယဇနီးသာ ဖြစ်ကြောင်းပြောချင်ခဲ့ခြင်းသာဖြစ်သည်။
ဝူလီတစ်ယောက် ဝမ်းနည်းသွားသော်လည်း မည်သို့ ပြန်လည်ချေပရမည်ကို မသိခဲ့ချေ။
ယောက္ခမများက သူတို့၏ သားများအပေါ်တွင် အမှန်တကယ်ပင် မျှတကြသည်။ သို့သော်လည်း ချွေးမအပေါ်တွင်တော့ ထည့်တွက်ခြင်း မရှိကြပေ။
ပြန်စဉ်းစားကြည့်လျှင် ဒုတိယနှင့် တတိယချွေးမများမှာ လူပျိုများနှင့် အိမ်ထောင်ကျခဲ့ပြီး တစ်ဦးလျှင် တစ်ထောင်စီ ရရှိကြသည်။
သူမသည်က အိမ်ထောင်ကွဲတစ်ဦးနှင့်သာ ရရှိခဲ့သော်လည်း ငါးရာသာ ရရှိခဲ့သည်။ ထို့အပြင် တခြားအမျိုးသမီးတစ်ဦး၏ ကလေးကိုလည်း ပြုစုစောင့်ရှောက်နေရပေသည်။
ဝူလီတစ်ယောက် တွေးတောလေလေ စိတ်ခံစားချက်မကောင်းဖြစ်လေလေ ဖြစ်လာရသောကြောင့် စုဝေ့ဟိုင် ကြည့်သော အကြည့်များမှာလည်း မကျေမနပ် ဖြစ်လာခဲ့ရ၏။
“ကောင်းပြီ၊ စိတ်မဆိုးပါနဲ့တော့၊ အိမ်ပြန်ရောက်ရင် ငါ မင်းအတွက် ငါးရာ ပြန်ဖြည့်ပေးပါ့မယ်၊ ဟုတ်ပြီလား”
စုဝေ့ဟိုင်က ဝူလီကိုချော့မော့လိုက်လေသည်။
“ရှင့်ပိုက်ဆံက ကျွန်မရဲ့ပိုက်ဆံ မဟုတ်ဘူးလား”
ဝူလီက ပို၍ပင် ဒေါသထွက်သွားရလေ၏။ စုဝေ့ဟိုင်ထံတွင် လျှို့ဝှက်စုဆောင်းထားသော ငွေများ ရှိနေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပါချေ။
သူမက စုဝေ့ဟိုင်ကို သူမ၏ လက်ခုပ်ထဲတွင် ထားနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့သော်လည်း တကယ်တမ်းတွင် တစ်ဖက်လူက ကိုယ်ပိုင်အစီအစဉ်များ ရှိနေခဲ့သည်။
သူမ တွေးမိလေလေ ပို၍ စိတ်ပျက်လေလေ ဖြစ်လာရသည်။
သူမက လွန်ခဲ့သော ကာလများအတွင်း ခင်ပွန်းဖြစ်သူနှင့် ချစ်ခင်ကြင်နာသောဆက်ဆံရေးကြောင့် မျက်စိကွယ်နေခဲ့ပြီး စုဝေ့ဟိုင်နှင့် ကလေးယူရန်ပင် စဉ်းစားခဲ့မိသေးသည်။
စုဝေ့ဟိုင်က ဘာကိစ္စအတွက် ပိုက်ဆံတွေကို ဝှက်ထားမှာလဲ။
သူ့ရဲ့ သားနှစ်ယောက်အတွက်ပဲ မဟုတ်ဘူးလား။
ဤကလေးများက အသက်အလွန်ငယ်ရွယ်နေသေးသော်လည်း သူက ကြိုတင်ပြင်ဆင်နေခဲ့ပေပြီ။ သူတို့ အရွယ်ရောက်လာပါက မည်သို့ ဖြစ်လာမည်နည်း။
သူမ၏ ကိုယ်ပိုင်ကလေးများက လုံးဝ အမေ့လျော့ခံဖြစ်သွားရပေလိမ့်မည်။
ဝူလီတစ်ယောက် တွေးတောပြီး ပို၍ စိတ်မကောင်း ဖြစ်လာရ၏။ သူမအနေဖြင့် မူလကတည်းက ထိုကလေးနှစ်ယောက်ကို သိပ်ပြီးသဘောမကျခဲ့ပါချေ။ ယခုအချိန်တွင်တော့ သူမ၏ နှလုံးသားထဲမှ ဆူးတစ်ချောင်းကဲ့သို့ ဖြစ်လာခဲ့ချေပြီ။
သူမက ဆိုးရွားသောမိထွေးများကဲ့သို့ ဖြစ်ချင်ခဲ့သော်လည်း သူမ၏ ကြင်နာတတ်သော အသိစိတ်က ကလေးနှစ်ယောက်ကို နှိပ်စက်ရန် ခွင့်မပြုခဲ့ပါချေ။
ထို့ကြောင့် စုဝေ့ဟိုင်ကသာ လူယုတ်မာ ဖြစ်ပေသည်။
ဝူလီတစ်ယောက် ဒေါသထွက်လွန်းသဖြင့် မျက်ရည်များပင် ဝဲလာခဲ့၏။
သူတို့ဇနီးမောင်နှံက ကလေးကိုလည်း ခေါ်လာခဲ့သည်။
ထိုကလေးများက ယခုအချိန်တွင် စုဝေ့ချင်းနှင့်အတူ အခန်းထဲတွင် ဆောင့်ကြောင့်ထိုင်ကာ ကြမ်းပြင်ကို တူးဆွနေခဲ့လေသည်။ကြမ်းပြင်ပေါ်မှ အညစ်အကြေးများကိုလည်း ခြစ်ထုတ်ရန် လိုအပ်သည်။ ပရိဘောဂများကို အပြင်သို့ ထုတ်ထားချိန်အတွင်း ယခင်က လက်လှမ်းမမီသော နေရာများကို သန့်ရှင်းရေးလုပ်ရန်အဆင်ပြေလာခဲ့သည်။
စုဝေ့ချင်းအနေဖြင့် ယခင်က သန့်ရှင်းရေးကို ဂရုမစိုက်ခဲ့သော်လည်း ယခုတွင်တော့ အခြေအနေများက ပြောင်းလဲသွားခဲ့ပြီ။
သူသည်က မကြာခင် လက်ထပ်တော့မည်ဖြစ်ပေ၏။ လီရှန်းက သန့်ရှင်းမှုကိုနှစ်သက်သူဖြစ်သောကြောင့် သူသည်လည်း ပို၍ ကြိုးစားရမည်။ သန့်ရှင်းပြီး အလုပ်ကြိုးစားသော အမျိုးသားတစ်ဦးဖြစ်လာရပေမည် ။
သို့နှင့် ဦးလေးတစ်ယောက်နှင့် တူလေးနှစ်ယောက်ပါဝင်သော ထိုအမျိုးသားသုံးဦးတို့က အလွန်ပင် ကြိုးစားပမ်းစား အလုပ်လုပ်နေခဲ့ကြသည်။
ထိုအချိန်တွင် စုဝေ့ဟိုင်နှင့် သူ၏ဇနီးတို့က လော်ယွီရှို့နှင့် စကားပြောနေသည်ကို စုဝေ့ချင်း ကြားလိုက်ရသည်။ သူ ချက်ချင်းပင် ကြမ်းပြင်ကိုခြစ်နေခြင်းကို ခေတ္တရပ်လိုက်လေ၏။ ထို့နောက် တိတ်တဆိတ် ထရပ်ပြီး တံခါးကို ပိတ်လိုက်လေသည်။
ထို့နောက် သူ၏ တူလေးနှစ်ဦးထံသို့ ပြန်လာပြီး မေးလိုက်သည်။
“မင်းတို့ရဲ့အဒေါ်က အိမ်မှာရှိနေရင်လည်း မင်းတို့ကို ဒီလိုပုံစံနဲ့ စကားပြောတာလား”
ရှောင်ချန်က နားမလည်စွာဖြင့် မော့ကြည့်လိုက်သည်။
“စကားပြောတာလား”
သူက ရှောင်ကျွင့်ဘက်သို့ လှည့်ကြည့်လိုက်သည်။
“အဒေါ်ဝူက မင်းနဲ့ စကားပြောဖူးလား”
ရှောင်ကျွင့်က ခေါင်းခါလိုက်သည်။
“အဒေါ်ဝူက ကျွန်တော်နဲ့လည်း စကားမပြောဘူး၊ ကောနဲ့လည်း စကားမပြောဘူး”
“မင်းတို့ရဲ့အဖေ ရှိနေတဲ့အချိန်မှာတောင် သူမက မင်းတို့နဲ့ စကားမပြောဘူးလား”
“ဟုတ်တယ်၊ အဖေ အိမ်မှာရှိရင် အဒေါ်ဝူက သူ့ကိုပဲ အမြဲတမ်းစကားပြောနေတာ၊ သူမက စကားတွေ အများကြီး ပြောတယ်”
ရှောင်ကျွင့်က အနည်းငယ်စိတ်ပျက်နေပုံရ၏။ သူက ခေါင်းငုံ့ကာ ဂေါ်ပြားလေးကို လက်လေးနှင့် မြဲမြဲကိုင်ပြီး ကြမ်းပြင်ကို နှစ်ချက်၊ သုံးချက် တူးလိုက်ကာ ညည်းညူလိုက်သည်။
“အဖေက ကျွန်တော်တို့နဲ့တောင် စကားပြောဖို့ အချိန်မရှိတော့ဘူး”
“ဟုတ်တယ်၊ ကျွန်တော်က ဒီစာသင်နှစ်ကုန်မှာ ဆုလက်မှတ် ရခဲ့တာတောင် အဖေ့ကို မပြောရသေးဘူး”
စုဝေ့ချင်း : “...”
ဒါက ဘာသဘောလဲ။
သွယ်ဝိုက်ပြီး နှိပ်စက်နေတာလား။
ဝူလီ၏ အပြုအမူများက ရည်ရွယ်ချက်ရှိရှိလား၊ မတော်တဆလား ဆိုသည်က သံသယရှိစရာဖြစ်လာခဲ့သည်။ သို့သော် စုဝေ့ချင်းအနေဖြင့် အကြီးမားဆုံး ပြဿနာမှာ စုဝေ့ဟိုင်တွင်သာ ရှိသည်ဟု ခံစားမိပေသည်။
ခင်ပွန်းတစ်ဦးအနေဖြင့် သူသည်က ဇနီးဖြစ်သူကို နားလည်အောင် မပြောနိုင်ခဲ့သကဲ့သို့၊ ဖခင်တစ်ဦးအနေဖြင့်လည်း သူ၏ တာဝန်များကို ပျက်ကွက်ခဲ့သည်။
ဤသို့သာ ဆက်သွားနေပါက ကြီးမားသော ပြဿနာများက အမှန်တကယ်ပင် ပေါ်လာပေလိမ့်မည်။
သို့သော် သူ့အနေဖြင့် ရဲဘော် လော်ယွီရှို့ကိုလည်း မပြောရဲချေ။ သို့မဟုတ် သူမက ဒေါသပေါက်ကွဲပေလိမ့်မည်။
ထိုသို့ဖြစ်လျှင် သူ၏ အစ်ကိုကြီး၏ အိမ်ထောင်ရေးသာ နောက်ထပ် ပြဿနာတက်သွားလျှင် အခြေအနေက ဆိုးရွားသွားပေလိမ့်မည်။
သေသေချာချာ စဉ်းစားပြီးနောက် သူက ရဲဘော် စုဝေ့မင်ကိုသာ ပြောပြရန် ဆုံးဖြတ်လိုက်၏။ ဖခင်တစ်ဦးအနေဖြင့် ထိုသူက ပို၍အတွေ့အကြုံရှိပြီး ဇနီးနှင့် သားကြားရှိ ဆက်ဆံရေးကို မည်သို့ကိုင်တွယ်ရမည်ကို ရှင်းလင်းစွာ သိပေလိမ့်မည်။
ဖြေရှင်းနည်းကို ရှာတွေ့သွားသောကြောင့် စုဝေ့ချင်း သက်ပြင်းချလိုက်မိသည်။
ထို့နောက်တွင် ရုတ်တရက် အိမ်ထောင်ပြုခြင်းဆိုသည်က ခက်ခဲသော ပုစ္ဆာတစ်ပုဒ်ဖြစ်ကြောင်း သတိပြုမိလိုက်လေသည်။
နောက်ပိုင်းတွင် သူက ဘက်ပေါင်းစုံမှ ဆက်ဆံရေးများကို မျှတအောင် ကြိုးစားရမည်ဖြစ်ပြီး တာဝန်ယူမှုရှိကာ အားကိုးထိုက်သော အမျိုးသားကောင်းတစ်ဦး ဖြစ်လာစေရမည်။
အရေးကြီးဆုံးမှာ သူ့အနေဖြင့် ရဲဘော်လီရှန်းအတွက် ထောက်တိုင်ကောင်းတစ်ခု ဖြစ်လာစေရန်နှင့် သူမ၏ အကောင်းဆုံးသော ဘဝလက်တွဲဖော်ဖြစ်လာစေရန် ကြိုးစားအားထုတ်ပြီး လေ့လာသင်ယူရပေမည်။
“မဆိုးဘူးပဲ!”
ရုတ်တရက် သူ၏ စိတ်ထဲတွင် အသံတစ်ခုက ပဲ့တင်ထပ်လျှက် ထွက်ပေါ်လာခဲ့သည်။
စုဝေ့ချင်း : “... ဘယ်သူလဲ”
ထိုအသံက ရုတ်တရက် ပြန်လည် ပျောက်ကွယ်သွားခဲ့ပြန်သည်။ စုဝေ့ချင်း ခေတ္တမျှ ကြောင်အသွားပြီးနောက် အောက်သို့ ငုံ့ကာ သူ၏ တူနှစ်ဦးကို မေးလိုက်၏။
“မင်းတို့ တစ်ခုခုထူးဆန်းတဲ့ အသံကိုကြားလိုက်လား”
“မကြားပါဘူး”
တူလေးနှစ်ဦးလုံးက ခေါင်းလေးများကို ပြိုင်တူမော့ကြည့်လာခဲ့ကြပြီး နှစ်ဦးလုံး၏ မျက်နှာတွင် နားမလည်နိုင်သော အမူအရာများရှိနေခဲ့သည်။
စုဝေ့ချင်းတစ်ယောက် ခေါင်းကို အသာစောင်းလိုက်မိသည်။
သူ နားကြားမှားသွားတာများလား။
စာရေးသူမှာ ပြောစရာရှိပါတယ်:
ရဲဘော် ရှောင်စုရဲ့ သင်ယူရေးစနစ်က ရောက်ရှိလာပါပြီ။
***