နားကြားမှားရန်က မဖြစ်နိုင်ပါချေ။
စုဝေ့ချင်း သူ၏ တူနှစ်ဦးကို အပြင်သို့ အမြန်မောင်းထုတ်လိုက်ပြီး ထပ်မံမေးလိုက်၏။
“မင်းက တစ္ဆေလား၊ နတ်ဘုရားလား”
[…]
စနစ်က အနည်းငယ်ရှုပ်ထွေးနေခဲ့သည်။
[ငါက စနစ်ပဲ]
“စနစ်?”
စုဝေ့ချင်း ခေတ္တမျှရှုပ်ထွေးသွားခဲ့ရပြန်သည်။
“စနစ်ဆိုတာ ဘာလဲ”
[ဒါက မင်းကို စာသင်ယူဖို့ တိုက်တွန်းပေးနိုင်တဲ့ ကောင်းမွန်တဲ့အရာတစ်ခုပဲ]
စနစ်က ညင်သာစွာ အားပေးလိုက်သည်။
[မင်း အခုပဲ ကြိုးစားပြီး လေ့လာသင်ယူမယ်၊ ထူးချွန်အောင် လုပ်မယ်၊ မင်းရဲ့ စေ့စပ်ထားသူ ရဲဘော် လီရှန်းကို ပျော်ရွှင်စရာဘဝကိုပေးဖို့အတွက် တိုက်ပွဲဝင်မယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား]
စုဝေ့ချင်း ခေါင်းညိတ်လိုက်သည်။
သေချာပေ၏။ သူသည်က အမှန်ပင် ရည်မှန်းချက်ကြီးသော အမျိုးသားတစ်ဦးဖြစ်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။
သို့သော်လည်း...
[ဒါဆို ဘာကို စောင့်နေတာလဲ၊ ငါနဲ့ ချိတ်ဆက်လိုက်တာနဲ့ မင်းရဲ့ သင်ယူမှုကို ငါ အမြဲတမ်းတိုက်တွန်းအားပေးနိုင်လိမ့်မယ်၊ ပြီးတော့ မင်းရဲ့ မေးခွန်းတွေကိုလည်း ဖြေကြားပေးနိုင်တယ်]
ထိုစနစ်က စိတ်လှုပ်ရှားစွာဖြင့် သူ့ကိုယ်သူ ကြော်ငြာလေသည်။
“ငါနဲ့သာ ပေါင်းစည်းလိုက်မယ်ဆိုရင် မင်းရဲ့ ဇနီးဖြစ်လာမဲ့ ရဲဘော် လီရှန်းကို ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံး အမျိုးသမီးဖြစ်လာစေရမယ်လို့ ငါ အာမခံတယ်”
ဇနီးလား ...
ရဲဘော် လီရှန်းက သူ့ရဲ့ဇနီး ..
ဤစကားလုံးများက စုဝေ့ချင်း၏ နှလုံးသားကို ထိမှန်သွားပြီး သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဘဲ နွေးထွေးမှုကို ခံစားလိုက်ရ၏။
သူသည်က ရဲဘော်လီရှန်းနှင့် လက်မထပ်ရသေးချေ။ ထို့ကြောင့် သူမကို ‘ဇနီး’ ဟူရဲ မခေါ်ရဲသေးပေ။
“ငါ မင်းနဲ့ မပေါင်းစည်းဘူးဆိုရင်ရော”
စုဝေ့ချင်းက သူ့ကိုယ်သူ ‘စနစ်’ ဟု ခေါ်သော ထိုအရာကို အလွန်ပင် သံသယဝင်နေမိ၏။
ထိုအသံက သူ၏ ဦးနှောက်ထဲတွင် အလွန်ကျယ်လောင်စွာ မြည်ဟည်းနေသော်လည်း ဘေးပတ်ဝန်းကျင်ရှိ လူများက မသိရှိကြပါချေ။
၎င်းကို ကြည့်ခြင်းအားဖြင့် ဤစနစ်က သူ့ကိုသာ ပစ်မှတ်ထားခြင်း ဖြစ်ကြောင်း သိသာပေသည်။
သူ့အနေဖြင့် တစ်စုံတစ်ဦးကို အကူအညီ တောင်းချင်သော်လည်း တခြားလူများက သူ့ကို ပဒေသရာဇ် အစွဲအလမ်းများရှိသည့် အရူးတစ်ယောက်ဟု ထင်သွားမည်ကိုလည်း ကြောက်ရွံ့မိပေ၏။
သူနဲ့ မချိတ်ဆက်ဘူးလား။
စနစ်က ချက်ချင်းပင် အေးစက်ခဲ့သည်။
[ဒါဆိုရင်တော့ မင်း ရုတ်တရက် သေဆုံးသွားလိမ့်မယ်]
စုဝေ့ချင်း : “!”
သေမယ် ဟုတ်လား။
“ဒါဆို ငါ မင်းနဲ့ချိတ်ဆက်မယ်”
ရုတ်တရက် သေဆုံးသွားရခြင်းနှင့် နှိုင်းယှဉ်လျှင် အသက်ရှင်ခြင်းက ပို၍ အရေးကြီးပေသည်။
သို့သော် သူ ပြောလိုက်၏။
“ငါ မင်းနဲ့ ချိတ်ဆက်ဖို့ သဘောတူလိုက်မယ်၊ ဒါပေမဲ့ မင်း ငါ့မိသားစုကိုတော့ ထိခိုက်အောင် မလုပ်ဘူးမလား”
အကယ်၍ မိသားစုကိုသာ ထိခိုက်နစ်နာမှုများ ရှိလာမည်ဆိုပါက သူ့အနေဖြင့် ‘သေခြင်း’ ကိုသာ ရွေးချယ်ပေလိမ့်မည်။
[ငါက တရားဝင် စနစ်တစ်ခုပါ၊ ငါက လူတွေကို စာသင်ယူဖို့ပဲ တိုက်တွန်းတာ]
စုဝေ့ချင်း၏ ကိုယ်ပေါ်တွင် ချွေးအေးများထွက်လာခဲ့၏။
လူတွေကို သေခြင်းတရားနဲ့ ခြိမ်းခြောက်နေတာက ဘယ်လိုမျိုး တရားဝင်စနစ် ဖြစ်နိုင်မှာလဲ။
စုဝေ့ချင်းမှ ချိတ်ဆက်ရန် ရွေးချယ်လိုက်သည့် ခဏမှာပင် စူးရှသော အသံတစ်ခုကို ကြားလိုက်ရလေ၏။
ထို့နောက်တွင် ရှည်လျားပြီး အေးစက်သော မိတ်ဆက်သံ ပေါ်လာခဲ့၏။
[မင်္ဂလာပါ လေးစားရတဲ့ host.. ကျွန်တော်က ‘အမျိုးသားကောင်း ပျိုးထောင်ရေးစနစ်’ ဖြစ်ပါတယ်... သင်ယူမှုပုံစံကို host အတွက် ရွေးချယ်ပေးထားပါတယ်...]
စုဝေ့ချင်းအနေဖြင့် ထိုရှည်လျားသော စကားများကို သေသေချာချာ မကြားလိုက်ရချေ။
အဘယ်ကြောင့်ဆိုသော် သူ၏ စိတ်ထဲတွင် ‘အမျိုးသားကောင်း ပျိုးထောင်ရေးစနစ်’ ဆိုသည့် စကားလုံးကသာ ပြည့်နှက်နေသောကြောင့် ဖြစ်၏။
ကတိပေးထားတဲ့ သင်ယူရေးစနစ်က ဘယ်ကိုရောက်သွားတာလဲ။
[ဒါပေမဲ့ ငါ့မှာ သင်ယူမှုပုံစံပါတယ်လေ၊ ဟုတ်တယ် မဟုတ်လား]
စနစ်က ဒေါသတကြီးဖြင့် ပြောလိုက်၏။
အကယ်၍ ထူးခြားသော အကြောင်းပြချက်သာ မရှိပါက သူ့အနေဖြင့် ဤသို့သော ငတုံးတစ်ကောင်ကို လာရှာလိမ့်မည် မဟုတ်ပေ!
*
နောက်ရက်အနည်းငယ်အတွင်း စုဝေ့ချင်းတစ်ယောက် စနစ်နှင့် နေသားကျစေရန် ကြိုးစားခဲ့ရ၏။
ပြောရမည်ဆိုလျှင် ဤစနစ်က အမှန်ပင် စကားများလှပေသည်။ သူ ထိုင်ပြီး စာပေမဂ္ဂဇင်း တစ်စောင်၊ နှစ်စောင်လောက် ဖတ်ရန်ကြိုးစားလိုက်သည်နှင့် စနစ်က သူ ထိုမဂ္ဂဇင်းကိုပြန်ချပြီး ဆေးဝါးစက်ရုံ၏ လေ့လာစရာများကို ပြန်မကိုင်မချင်း တတွတ်တွတ်နှင့် နားပူအောင် လုပ်နေတတ်၏။
ညဘက် အိပ်ပျော်နေချိန်မှာပင် သူ တစ်ခါမှ မကြားဖူးသော ဆရာဝန်ကြီးများက သူ့ကို စာသင်ပေးနေသည်ဟု အိပ်မက်မက်နေရသည်။
“ကျေးဇူးပြုပြီး ငါ့ကို သနားပါဦး၊ ငါက မကြာခင် လက်ထပ်တော့မှာ!”
စုဝေ့ချင်းက တောင်းပန်လိုက်မိသည်။
သူ့အနေဖြင့် နေ့ဘက်တွင် စာလေ့လာရပြီး ညဘက်တွင်လည်း သင်တန်းတက်နေရသောကြောင့် သံမဏိကိုယ်ထည်ရှိသူပင်လျှင် ခံနိုင်ရည်ရှိလောက်မည် မဟုတ်ပါချေ။
စနစ်က တိတ်ဆိတ်သွားခဲ့လေ၏။
အခွင့်အရေး ရသည့်အချိန်တွင် စုဝေ့ချင်းက အမြန်ပြောလိုက်သည်။
“ငါ ဒီလိုမျိုး ပင်ပန်းပြီးအားပြတ်နေတဲ့ ပုံစံနဲ့ လက်ထပ်လို့ မရဘူးလေ၊ ရဲဘော် လီရှန်း စိတ်ပူသွားလိမ့်မယ်”
[ကောင်းပြီလေ]စနစ်က စကားနှစ်လုံးသာ ရိုက်နှိပ်ပြပြီး ထွက်ခွာသွားလေ၏။
စုဝေ့ချင်း သက်ပြင်းချလိုက်မိသည်။ သေချာပေသည်။ ရဲဘော် လီရှန်း၏ အကြောင်းကို ပြောလိုက်သည်နှင့် စနစ်က နောက်ဆုတ်သွားခဲ့ပေပြီ။
လက်ထပ်ပွဲအတွက် စုဝေ့ဟိုင်နှင့် သူ၏ဇနီးသည်တို့လည်း ပြန်လာခဲ့ပြီး ရက်အတော်ကြာအောင် ကူညီပေးခဲ့ကြ၏။
ထိုအတောအတွင်း စုဝေ့ချင်းက စနစ်နှင့် နေသားကျရန် ကြိုးစားနေရင်း ထိုဇနီးမောင်နှံကိုလည်း အကဲခတ်နေခဲ့သည်။
စုဝေ့ဟိုင်က ယခင်ကအတိုင်း ကိုယ့်ကိုယ်ကိုယ်သာ ဗဟိုပြုနေဆဲဖြစ်သော်လည်း အနည်းဆုံးတော့ သူသည်က ဖခင်တစ်ဦးဖြစ်ကြောင်း မေ့မသွားသေးဘဲ သူ၏ ကလေးနှစ်ယောက်အပေါ် တစ်ခါတစ်ရံဂရုစိုက်တတ်သေးသည်။
သို့သော်လည်း သူ၏ အာရုံစိုက်မှုမှာ ဝူလီကြောင့် မကြာမီပင်လွင့်ပျောက်သွားလေ့ရှိသည်။
ဝူလီက အမှန်တကယ်ပင် ရည်ရွယ်ချက်မရှိသကဲ့သို့ ဟန်ဆောင်၍လုပ်ကိုင်နေခဲ့သည်။
တစ်ကြိမ်၊ နှစ်ကြိမ်ဆိုလျှင် စုဝေ့ချင်းက မတော်တဆဟု ယုံကြည်နိုင်သော်လည်း၊ အကြိမ်များစွာ ဖြစ်လာသောအခါတွင် ဤမရီးက အတော်လေး ဥာဏ်များသူဖြစ်ကြောင်း သိလိုက်ရသည်။
“ရှင် ဒီရက်ပိုင်း ဘာဖြစ်နေတာလဲ၊ ကြည့်ရတာ အရမ်းပင်ပန်းနေသလိုပဲ”
နေ့လယ်စာစားချိန်တွင် လီရှန်းတစ်ယောက် မနေနိုင်ဘဲ မေးလိုက်မိ၏။ သူမက စိတ်မရှည်ဖြစ်နေခြင်း မဟုတ်သော်လည်း စုဝေ့ချင်းက လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သိသိသာသာ ပိန်သွားပြီး မျက်ကွင်းများလည်း ညိုနေခဲ့ပေ၏။
အခန်းပြင်ဆင်ရတာ ဒီလောက်တောင် ပင်ပန်းလို့လား။
ထို့အပြင် သူက လွန်ခဲ့သော ရက်အနည်းငယ်အတွင်း နေ့လယ်စာစားချိန်တွင် အာရုံလွင့်နေခဲ့တတ်သည်။
လီရှန်း သူ့ကို စလိုက်သည်။
“ရှင် လက်ထပ်ရမှာကို နောင်တရနေတာတော့ မဟုတ်ပါဘူးနော်”
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!”
စုဝေ့ချင်း ထိတ်လန့်သွားပြီး ချက်ချင်း ငြင်းဆိုလိုက်သည်။
“ကိုယ်က မနက်ဖြန်တောင် လက်ထပ်ချင်နေတာ၊ ဘယ်လိုလုပ် နောင်တရမှာလဲ”
အလွန်အကျွံ ပွင့်လင်းလှသော စကားများကြောင့် လီရှန်းတစ်ယေ်က် အစပိုင်းတွင် လန့်သွားသော်လည်း နောက်ပိုင်းတွင် သူမ၏ မျက်နှာကို လက်မောင်းများကြားတွင် ဝှက်ကာရယ်မောလိုက်မိတော့သည်။
စုဝေ့ချင်းက မျက်မှောင်ကြုတ်မိသည်။
“မင်း ကိုယ့်ကို မယုံဘူးလား”
“မဟုတ်ပါဘူး”
လီရှန်းက အမြန်ခေါင်းခါပြလိုက်သည်။
စုဝေ့ချင်း သက်ပြင်းချလိုက်မိသည်။
မိသားစုအတွင်းရေးကိစ္စများကို လူပုံအလယ်တွင် ထုတ်ဖော်မိသည်ကိုလည်း သူ ဂရုမစိုက်တော့ပေ။
ဆိုရလျှင် ရဲဘော် လီရှန်းက မကြာခင် သူ့ကို လက်ထပ်တော့မည်ဖြစ်သောကြောင့် သူမသည်လည်း မိသားစုဝင်တစ်ဦးပင် ဖြစ်ပေသည်။
သူက လီရှန်းကို စုဝေ့ဟိုင်နှင့် သူ၏ဇနီးတို့၏ အခြေအနေကို ပြောပြလိုက်၏။
ထိုအခြေအနေကို ကြားလျှင် လီရှန်းမျက်မှောင်ကြုတ်လိုက်မိသည်။
“ရှင်င် ဒါကို ရှင့်အဖေကို ပြောပြီးပြီလား”
စုဝေ့ချင်း ခေါင်းခါလိုက်ပြီး ဘန်းမုန့်ကို ဖိလိုက်သည်။
“ဘယ်လိုပြောရမလဲဆိုတာ မသိသေးဘူး”
အကယ်၍ သူက ပြင်းပြင်းထန်ထန် ပြောလိုက်ပါက ရန်တိုက်ပေးနေသကဲ့သို့ ဖြစ်သွားလိမ့်မည်။
ခပ်ပေါ့ပေါ့ ပြောလိုက်ပါကလည်း စုဝေ့မင်က အလေးအနက် မထားမည် သူ စိုးရိမ်မိ၏။
ဆိုရလျှင် ထိုဇနီးမောင်နှံနှစ်ဦးလုံးမှာ မကြာသေးမီက သူ၏ မင်္ဂလာကိစ္စကြောင့် အလွန်အလုပ်ရှုပ်နေကြသဖြင့် သိလျှင်တောင် ဂရုစိုက်ရန် အချိန်ရှိမည် မဟုတ်သောကြောင့် ပင်။
“တကယ်တော့ ဒီပြဿနာရဲ့ အရင်းအမြစ်က ရှင့်အစ်ကိုကြီးဆီမှာပဲ ရှိတာ”
လီရှန်းသည် သူမ၏ ပါးစပ်ထဲမှ ကန်စွန်းဥကို မျိုချလိုက်သည်။
“ကျွန်မမှာလည်း မိထွေးရှိတယ်ဆိုတာ ရှင်သိတယ် မဟုတ်လား”
“အင်း...”
ထိုအကြောင်းပြောလိုက်ချိန်တွင် စုဝေ့ချင်း၏ မျက်လုံးများ၌ ကြင်နာသနားမှုများ ပေါ်လာခဲ့၏။ လီရှန်း၏ ငယ်ဘဝက မပျော်ရွှင်ခဲ့ရကြောင်း သူ အစကတည်းက သိထားသော်လည်း လွန်ခဲ့သော ရက်အနည်းငယ်က ကျန်းရှင်းမင်၏ ပြောပြချက်မှသိခဲ့ရသည့်လီရှန်း၏ ငယ်ဘဝအခြေအနေက သူ့ကို အလွန်ပင် တုန်လှုပ်စေခဲ့သည်။
“တကယ်တော့ ထုန်လင်းက အစပိုင်းမှာ ကျွန်မအပေါ် တော်တော်ကောင်းခဲ့တာ”
လီရှန်းက အတိတ်ကို ပြန်လည်ပြောပြေနေခဲ့သော်လည်း သူမ၏ လေသံက တခြားလူတစ်ဦး၏ အကြောင်းကို ပြောနေသကဲ့သို့ အေးစက်နေခဲ့၏။
“အဲဒီအချိန်တုန်းက သူမက မိသားစုထဲကို လက်ထပ်ဝင်လာကာစဆိုတော့ ခြေကုပ်ရဖို့ ကြိုးစားနေရတဲ့အချိန်လို့ ပြောရမယ်၊ ဒါကြောင့် လီဟုန်ကျွင့်ရဲ့ ရှေ့မှာ ကျွန်မအပေါ် ဘယ်လောက်ကောင်းကြောင်း ပြချင်နေခဲ့တာ
ဒါကြောင့်လည်း ကျွန်မရဲ့ဦးလေးတို့က စိတ်အေးသွားကြတာလေ၊ နောက်ပိုင်းကျတော့ လီဟုန်ကျွင့်က ကျွန်မကို အဲဒီလောက် ဂရုမစိုက်ဘူးဆိုတာ သူမ သိသွားခဲ့တယ်
အဘွားလီကလည်း ယောကျာ်း၊ မိန်းမ ခွဲခြားဆက်ဆံတတ်တဲ့သူဖြစ်နေတယ်.. ဒါကြောင့် သူမမှာ ကိုယ်ဝန်ရှိလာတဲ့အချိန်ကစပြီး ကျွန်မအပေါ် လျစ်လျူရှုလာတော့တာပဲ”
“လီဟုန်ကျွင့်က အစကတည်းက သိနေခဲ့လားဆိုတာကိုတော့ မသေချာဘူး၊ ဒါပေမဲ့ နောက်ပိုင်းကျတော့ သူ သေချာပေါက် သိခဲ့မှာပဲ၊
ဒါပေမဲ့ သူ ဘာမှ မပြောခဲ့ဘူး.. ဒီတော့ သူမကလည်း ပိုပိုပြီး ဆိုးလာခဲ့တယ်၊ ကျွန်မ အဒေါ် လာတွေ့တဲ့အချိန်မှာ ကျွန်မ ရေမချိုးရတာ ခြောက်လလောက် ရှိနေပြီ၊ ကျွန်မဆီကနေ အနံ့တွေတောင် ထွက်နေခဲ့တာ”
“ဒါကြောင့်...”
လီရှန်းက လှောင်ရယ်လိုက်သည်။