ယခုအချိန်တွင်တော့ လီလင်း၏ချစ်သူက ပြန်ရောက်လာပြီး လီလင်းနှင့် ကတိပေးထားသည့်အတိုင်း မင်္ဂလာရက်ကိုသတ်မှတ်ခဲ့ပေပြီ။
ယခုအချိန်တွင် နှစ်သစ်ကူးပြီးနောက် လက်ထပ်ရန်သာ စောင့်ဆိုင်းစရာရှိတော့သည်။ ထိုသို့ဆိုပါက သူ၏အလုပ်ကို ပိုမိုအာရုံစိုက်လာနိုင်တော့မည် မဟုတ်ပါလား။
ယနေ့ သူတို့ စေ့စပ်ကြချိန်တွင် ပါတီအတွင်းရေးမှူးကိုယ်တိုင် သူတို့ကို ဆုတောင်းပေးခဲ့ပေ၏။
“သေချာပေါက် လာမှာပေါ့၊ သေချာပေါက် လာခဲ့မယ်”
လီရှန်းက လီလင်း၏ဖိတ်ကြားချက်ကို သဘောတူလိုက်၏။
သူမက လီလင်း၏လက်ထဲမှ သကြားလုံးကို လှန်းယူကာ အိတ်ကပ်ထဲသို့ ထည့်လိုက်ပြီးနောက် တခြားအိတ်ကပ်တစ်ခုထဲမှ သကြားလုံးတစ်ဆုပ်ကို ပြန်ထုတ်ပေးလိုက်လေသည်။
“ဒီမှာ၊ ဒါကလည်း မင်္ဂလာသကြားလုံးပဲ”
“ဒါက ဘာအတွက်လဲ”
လီလင်း၏ မျက်လုံးများက ဝိုင်းစက်သွားရ၏။
လီရှန်းက ဖန့်ဟုန်ရှင်း၏လက်ကိုလည်း ဆွဲကိုင်လိုက်ပြီး သကြားလုံးတစ်ဆုတ်ပေးလိုက်လေ၏။
“ဒီနေ့ ငါ စုဝေ့ချင်း လက်ထပ်မှတ်ပုံတင် လက်မှတ်သွားထိုးခဲ့ကြတယ်၊ ဒီနေ့ တစ်နေ့လုံး အလုပ်ရှုပ်နေတာနဲ့ တော်တော်လေး ပင်ပန်းသွားရသေးတယ်၊
ဒါနဲ့ စကားမစပ်... နင်တို့ လက်မှတ်ထိုးချင်ရင် နှစ်မကူးခင် သွားထိုးထားကြနော်၊ နှစ်သစ်ကူးပြီးရင် လက်ထပ်မယ့်လူတွေ ပိုများလာလိမ့်မယ်
အဲဒီအချိန်ကျရင် မင်္ဂလာပစ္စည်းတွေ ပြတ်လပ်ပြီး ကောင်းတဲ့ပစ္စည်းတွေကို မရလိုက်မှာ စိုးရတယ်
နှစ်မကူးခင် လက်မှတ်ထိုးထားတာက ပိုကောင်းလိမ့်မယ်၊ လိုအပ်ရင်တော့ မင်္ဂလာဆောင်ကိုတော့ နှစ်ကူးမှ လုပ်လို့ရတာပဲလေ”
ဤသည်က သူက လီလင်းကို သတိပေးချက်လေး ပေးလိုက်ခြင်း ဖြစ်ပေ၏။
နှစ်သစ်ကူးပြီးသည်နှင့် ပေါ်ထွက်လာမည့် မူဝါဒအသစ်များကြောင့် လီလင်း၏ မင်္ဂလာရေးအစီအစဉ်များ ပြောင်းလဲသွားမည်ကို စိုးရိမ်ရလိမ့်မည်။
လီလင်းတွင် အစ်ကိုနှစ်ယောက်နှင့် ညီမတစ်ယောက် ရှိသည်။ သူမ၏ အစ်ကိုနှစ်ယောက်လုံးက အလုပ်မရှိကြချေ။
သို့မဟုတ်ပါက သူမ၏ အမေဖြစ်သူမှ လီလင်း၏အလုပ်ကို အစ်ကိုဖြစ်သူအား ပေးခိုင်းရန် စဉ်းစားလိမ့်မည် မဟုတ်ပေ။
ဆေးဝါးကုမ္ပဏီ၏ ထူးဆန်းသော စည်းမျဉ်းစည်းကမ်းများသာ မရှိပါက လီလင်းတစ်ယောက် သူမ၏အလုပ်ကို ဆုံးရှုံးသွားနိုင်ပေသည်။
သို့သော်လည်း လီလင်းက သူမ၏ လစာအများစုကို မိသားစုထံသို့ ပေးအပ်နေရဆဲပင်ဖြစ်၏။
လီလင်းက ချက်ချင်းပင် နားလည်သွားပြီး ခေါင်းကို အမြန်ညိတ်ပြလိုက်သည်။
“ဒါဆို ငါ မနက်ဖြန်ပဲ သွားပြီး လက်မှတ်ထိုးလိုက်တော့မယ်”
ပရိဘောဂစက်ရုံမှာ (၁၂) လပိုင်း (၂၆) ရက်နေ့တွင် အားလပ်ရက်အတွက် ပိတ်တော့မည်ဖြစ်သောကြောင့် သူမအတွက် အချိန်အလွန် နည်းပါးနေသည့်အတွက် မနက်ဖြန်မ လက်မှတ်သွားထိုးနိုင်မှဖြစ်ပေမည်။
“အစ်မဟုန်ရှင်းအတွက်လည်း ဒီနေ့က ကောင်းမွန်တဲ့ရက်ဖြစ်ခဲ့တယ်၊ ထုတ်လုပ်ရေးဌာနက ဝန်ထမ်းတစ်ယောက်က သူမကို တကယ်သဘောကျနေတာ၊ ဒီညတုန်းကလည်း သူတို့တွေ အတူ ကခုန်ခဲ့ကြသေးတယ်”
လီလင်းက သူ့အကြောင်းပြီးနောက်တွင် ဖန့်ဟုန်ရှင်း၏ သတင်းကောင်းကို ပြောပြလေသည်။ ထို့နောက် ကျန်းရှို့ရင်း၏ ခုတင်ကို လက်ညှိုးထိုးပြရင်း ဆက်ပြောလာသည်။
“သူမကတော့ ဒီနေ့ကြင်ဖက်တွေ့တာ အကြိမ်ကြိမ် ပျက်စီးခဲ့လို့ စိတ်အခြေအနေ မကောင်းဘူးဖြစ်နေတာ၊ အခုပဲ အခန်း (၃၀၉)ကို အခေါ်ခံလိုက်ရတယ်”
အခန်း (၃၀၉) ဟုတ်လား။
လီရှန်း အနည်းငယ် ရှုပ်ထွေးသွားရပေသည်။ သူမ အဆောင်သို့ ပြန်လာချိန်တွင် အခန်း(၃၀၉) ရှေ့မှ ဖြတ်လာခဲ့လေ၏။
ထိုအချိန်တွင် တံခါးကို ပိတ်ထားပြီး အထဲတွင်လည်း တိတ်ဆိတ်နေခဲ့သောကြောင့် လူတိုင်း အိပ်ပျော်နေကြပြီ သူမ ထင်မှတ်ခဲ့သည်။
ထိုအချိန်တွင် စင်္ကြံလမ်းဘက်မှ အလျှင်အမြန်ပြေးလာသော ခြေသံများကို ရုတ်တရက် ကြားလိုက်ရသည်။
ထို့နောက် ဂွမ်းကပ်အင်္ကျီတစ်ထည်ကိုသာ ကမန်းကတန်းဝတ်ဆင်လာခဲ့ရပုံရသော အမျိုးသမီးတစ်ဦးက သူတို့၏ တံခါးဝတွင် ရပ်လိုက်ပြောလာလေ၏။
“ကိစ္စတစ်ခုခုတော့ ဖြစ်နေပြီ ကျန်းရှို့ရင်းနဲ့ ဝမ်ဖင်းတို့ ရန်ဖြစ်နေကြပြီ!”
ရန်ဖြစ်နေတယ် ဟုတ်လား။
လီရှန်းနှင့် လီလင်းတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး နှစ်ယောက်စလုံး၏ မျက်ဝန်းထဲမှ စိတ်လှုပ်ရှားမှုကို မြင်လိုက်ကြရသည်။
သူတို့အနေဖြင့် ရန်ပွဲကို သွားရောက်ဖျန်ဖြေရန်ထက် မည်သည့်အရာများဖြစ်ပျက်နေသည်ကို အမြန်ဆုံး သိရှိလိုကြခြင်း ဖြစ်ပေ၏။
သူတို့ သုံးယောက်လုံး ချက်ချင်းပင် ထရပ်ပြီး တံခါးဆီသို့ ပြေးထွက်ခဲ့ကြသည်။ ထိုအမျိုးသမီးက သူတို့ကို အခန်း (၃၀၉) ထံသို့ တိုက်ရိုက် ခေါ်ဆောင်သွားပေသည်။
လီရှန်းက ပြန်ရောက်ကာစ ဖြစ်သဖြင့် အိမ်တွင်းစီးဖိနပ်ပင် မလဲရသေးသောကြောင့် သူမက အသွက်လက်ဆုံး ဖြစ်နေ၏။
သူမက ထိုအမျိုးသမီးကို ကျော်တက်ကာ အခန်း (၃၀၉)၏ တံခါးဝသို့ အမြန်ဆုံး ရောက်ရှိသွားပေသည်။
မကြာခင်က အခန်း (၃၀၉)၏ တံခါးများမှာ တင်းကျပ်စွာ ပိတ်ထားခဲ့သော်လည်း ယခုတွင်တော့ တံခါးများမှာ ကျယ်ကျယ် ပွင့်နေပြီး အပြင်ဘက်တွင်လည်း လူအုပ်ကြီး စုရုံးနေကြပြီဖြစ်၏။
လူတိုင်းက အတွင်းဘက်ဝတ်အနွေးထည်များနှင့် အပေါ်မှဂွမ်းကပ်အင်္ကျီများကို ဝတ်ဆင်ထားကြပြီး အနှုတ်အဆင့်တွင်ရှိနေသော အေးစက်သည့် ရာသီဥတုကိုပင် ဂရုမစိုက်နိုင်ဘဲ ရန်ပွဲကို တက်ကြွစွာ ကြည့်ရှုနေကြသည်။သူတို့က စိတ်လှုပ်ရှားလာသည့်အချိန်တွင်လည်း တစ်ဦးကိုတစ်ဦး တီးတိုး ပြောဆိုနေကြပြီး သူတို့၏ မျက်နှာအမူအရာများမှာလည်း အတင်းအဖြင်းကိုစိတ်ဝင်စားနေကြောင်း အလွန်ပင် ပေါ်လွင်လှပေ၏။
သူတို့အားလုံးက ချမ်းအေးမှုကို သတိမပြုမိသကဲ့သို့ပင်။
လီရှန်းက လူအုပ်ကြားထဲမှ ရှေ့ဆုံးသို့ တိုးဝင်ကြည့်လိုက်လျှင် ကျန်းရှို့ရင်းက မိန်းကလေးတစ်ဦး၏ ဆံပင်ဆွဲခြင်းကို ခံထားရပြီး ကြမ်းပြင်ပေါ်သို့ အဖိခံထားရသည်ကို မြင်လိုက်ရသည်။
“ပြောစမ်းပါ၊ နင် ဘာလို့ ငါ့ရဲ့ ဂွမ်းကပ်အင်္ကျီကို ရေထဲကို ပစ်ချလိုက်တာလဲ!”
ဝမ်ဖင်းသည်ကား အရပ်ရှည်ပြီး သန်မာသူဖြစ်သောကြောင့် သူမက ကျန်းရှို့ရင်းကို မလှုပ်နိုင်အောင် ဖိနှိပ်ထားခဲ့လေသည်။
ကျန်းရှို့ရင်းက မနားတမ်း ရုန်းကန်နေသော်လည်း အလုပ်မဖြစ်ခဲ့ပေ။ ဝမ်ဖင်းမှာ ဂိုဒေါင်တွင် အလုပ်လုပ်သူဖြစ်ပြီး သူမ၏ နေ့စဉ်အလုပ်မှာ ကုန်ပစ္စည်းများ သယ်ယူရခြင်းဖြစ်ပေ၏။
သို့ဖြစ်၍ သူမ၏ခွန်အားက ကျန်းရှို့ရင်း ယှဉ်ပြိုင်နိုင်စွမ်းရှိသည်ထက် ပိုပေသည်။
ကျန်းရှို့ရင်း ရုန်းကန်လေလေ ဝမ်ဖင်းက ပို၍ ဖိထားလေလေဖြစ်ပြီး သူမ၏ မျက်နှာက ကွန်ကရစ်ကြမ်းပြင်နှင့် အနီးကပ် ပွတ်တိုက်မိပြီး ပွန်းပဲ့ပြတ်ရှရာများမှ သွေးစများပင် ထွက်ပေါ်လာတော့သည်။
ကျန်းရှို့ရင်းက တိတ်ဆိတ်နေသေးသည်ကို မြင်လျှင် ဝမ်ဖင်းက သူမ၏ဆံပင်ကို ဆွဲပြီး နောက်သို့ အားဖြင့် ဆောင့်ဆွဲလိုက်သောကြောင့် သူမ၏မျက်နှာက ပေါ်ထွက်လာခဲ့၏။
ထို့နောက် ဝမ်ဖင်းက အော်ပြောလာခဲ့လေ၏။
“ကြည့်လိုက်ပါဦး၊ အားလုံးပဲ လာကြည့်လိုက်ကြပါဦး! ကျန်းရှို့ရင်းက လင်တရူးနေတာလေ၊
သူမက တစ်နေ့တည်းမှာတင် ယောကျာ်းခုနစ်ယောက်၊ ရှစ်ယောက်နဲ့ ချိန်းတွေ့နေတာလေ၊ ဒါတောင် တစ်ယောက်နဲ့မှ အဆင်မပြေခဲ့ဘူး
ကျွန်မက စေတနာနဲ့ သူ တွေ့ဆုံပွဲကိုတက်ဖို့အတွက် ဂွမ်းကပ်အင်္ကျီ ငှားပေးလိုက်တာကို၊ သူမက ပြန်လာတော့ ကျွန်မအင်္ကျီကြောင့် ဘယ်ယောက်ျားကမှ သူမကို သဘောမကျတာလို့ လူတိုင်းကို လျှောက်ပြောနေတာ”
ထိုစကားကို ကြားလျှင် ကျန်းရှို့ရင်းက ပို၍ပင် ပြင်းပြင်းထန်ထန် ရုန်းကန်တော့၏။ သူမက နှုတ်ဆိတ်မနေတော့ဘဲ ပြန်လည် တုံ့ပြန်လိုက်သည်။
“ဝမ်ဖင်း၊ နင် ဘာတွေ အဓိပ္ပါယ်မရှိလျှောက်ပြောနေတာလဲ၊ ငါက ဘယ်တုန်းက လင်တရူးခဲ့လို့လဲ၊
နင်ပဲ ရူးနေတာနေမှာ! နင်က ထုတ်လုပ်ရေးဌာနက လျို့ကျန့်ကျွင့်ကို သဘောကျနေတာမလား၊ သူက ရည်းစားရှိပြီးသားပဲ၊ အခုလက်ထပ်တော့မှာလေ
နင်ကတော့ သူ့အနားမှာ နေ့တိုင်း တဝဲဝဲလည်လည် လုပ်နေတုန်းပဲ. အရှက်မရှိတာက နင်ပဲ ဖြစ်ရမယ်”
သူမက ပြောနေရင်း စိတ်လှုပ်ရှားလာခဲ့ပြီး “ဖီ” ကနဲပင် တံတွေးထွေးထုတ်လိုက်ကာ ဆက်ပြောလိုက်သည်။
“နင့်ရဲ့ ဂွမ်းကပ်အင်္ကျီကကို နိမိတ်မကောင်းတာ၊ အရှက်မရှိလိုက်တာ၊ နင်က မြူဆွယ်တဲ့မိန်းမလုပ်ချင်ရင်လည်း ဘာလို့ ငါ့ကို အင်္ကျီငှားပေးနေသေးလဲ၊ နင်က တမင်သက်သက်ရန်စနေတာပဲ”
ကျန်းရှို့ရင်း၏ စကားများကို ကြားလျှင် ဝမ်ဖင်း ပို၍ပင်ဒေါသထွက်သွားရသည်။
“လျို့ကျန့်ကျွင့်က ငါ့အဒေါ်ရဲ့ သားအရင်း၊ ငါနဲ့ မောင်နှမဝမ်းကွဲတွေပဲ!
ငါက သူ့ကို ဝမ်းကွဲအစ်ကိုလို့ ခေါ်တယ် သူ့ရဲ့စေ့စပ်ပွဲကို မပြောနဲ့၊ မင်္ဂလာဆောင်အထိတောင် ငါ သွားဦးမှာ”
ထို့နောက် အဆောင်တွင်ရှိနေသော လုပ်ဖော်ကိုင်ဖက်များက သူမကို မကြာသေးမီက ကြည့်ခဲ့ကြသည့် အကြည့်များကို ပြန်တွေးမိပြီး ကျန်းရှို့ရင်း၏ပါးကို နောက်တစ်ချက် ရိုက်လိုက်ပြန်သည်။
“ငါ့အဆောင်က လူတွေ ငါ့ကို ဘာလို့ ရှောင်နေကြတာလဲလို့ တွေးနေတာ၊ နင်က နောက်ကွယ်ကနေ ဒီလိုတွေ ပြောနေတာကိုး”
“ဝမ်ဖင်း၊ နင် အရှက်မရှိဘူးလား”
လျို့ကျန့်ကျွင့်က ဝမ်ဖင်း၏ မောင်နှမဝမ်းကွဲဖြစ်ကြောင်း ကြားလိုက်ရလျှင် ကျန်းရှို့ရင်းက သူမ မှားသွားကြောင်းကို သိလိုက်သော်လည်း ချက်ချင်းပင် အော်ဟစ်သောင်းကျန်းတော့၏။
“နင့်အပြစ်တွေချည်းပဲ၊ နင့်အပြစ်တွေချည်းပဲ၊ နင့်အပြစ်တွေချည်းပဲ...”
သူမက အဆုံးမရှိသော စကားလုံးများဖြင့် စတင်တိုက်ခိုက်လိုက်လေတော့သည်။
“ကျန်းရှို့ရင်းက လင်တရူးနေတာ၊ ကျန်းရှို့ရင်းက လင်တရူးနေတာ၊ ကျန်းရှို့ရင်းက လင်တရူးနေတာ..”
ဝမ်ဖင်းကလည်း အဆုံးမရှိသော စကားလုံးများဖြင့် ပြန်လည် တုံ့ပြန်လေသည်။
လီရှန်း : “...”
အပြေးအလွှား ရောက်လာကြသည့် ဖန့်ဟုန်ရှင်းနှင့် လီလင်း : “...”
ဒါက ဘယ်လိုမျိုး မူလတန်းကျောင်းသားတွေ ရန်ဖြစ်သလိုမျိုးလဲ။
လီရှန်းနှင့် လီလင်းတို့က ဘေးမှရပ်ကြည့်နေကြပြီး ဝင်ရောက်စွက်ဖက်ရန် ငြင်းဆန်နေခဲ့ကြပေသည်။ ကျန်းရှို့ရင်းနှင့် နှစ်နှစ်ကြာ အတူနေခဲ့သည့် ဖန့်ဟုန်ရှင်းသည်က မသိချင်ယောင်ဆောင်၍ မရသောကြောင့် ဘေးနားရှိ လူများကို မေးလိုက်၏။
“အခု ဘာတွေ ဖြစ်နေကြတာလဲ”
ဘေးမှတစ်ယောက်က စကားမပြောရသေးမီ ဝမ်ဖင်းက အော်ပြောလိုက်သည်။
“ဖန့်ဟုန်ရှင်း၊ နင်လည်း ငတုံးလိုလုပ်မနေနဲ့! ကျန်းရှို့ရင်းက လူကောင်းလို့ ထင်နေတာလား၊ သူမက ငါတို့ဆီမှာ နင့်အကြောင်းကို ဘယ်လောက်တောင် မကောင်းပြောထားလဲဆိုတာ နင်မသိဘူး၊
သူမက ဒီနေ့ ငါတို့အဆောင်ကိုလာပြီး ဘယ်ယောက်ျားမှ သူမကို စိတ်မဝင်စားလို့ဆိုပြီး ရူးနေတာ၊
ဒါပေမဲ့ နင့်ကိုကျတော့ လူတစ်ယောက်က လိုက်နေတယ်လေ၊ သူမက သူမဘာသာ ရုပ်ဆိုးတာကို အပြစ်မတင်ဘဲ ငါ့ရဲ့ ဂွမ်းကပ်အင်္ကျီကိုပဲ အပြစ်တင်နေတယ်ငါ့အကြောင်းကို မကောင်းပြောရုံတင်မကဘူး၊ ငါ့ရဲ့ ဂွမ်းကပ်အင်္ကျီအသစ်ကိုတောင် ကျန်းမင်ရဲ့ ခြေဆေးရေပုံးထဲကို ထည့်ပစ်လိုက်တယ်”
ထိုသို့ပြောရင်း သူမက ကျန်းရှို့ရင်းကို အားဖြင့် တွန်းထုတ်လိုက်သည်။
“ငါ ပြောလိုက်မယ်၊ နင် ငါ့ကို ပြန်လျော်ပေး၊ မလျော်ပေးရင် ငါ နင့်ကို အေးအေးဆေးဆေး နေခွင့်ပေးမှာ မဟုတ်ဘူး!”
“ဟမ့်၊ ငါ လုံးဝလျော်မပေးနိုင်ဘူး”
ကျန်းရှို့ရင်းက ဖန့်ဟုန်ရှင်းဘက်သို့ တစ်ချက်မျှပင် လှည့်မကြည့်ပါချေ။
***