“အဆောင်မှူး လာပြီဟေ့”
ထိုအချိန်တွင် လူအုပ်ကြီး၏ နောက်ဆုံးဘက်မှ ဟစ်အော်သံတစ်ခု ထွက်ပေါ်လာ၏။
လူအုပ်ကြီးမှာ ပင်လယ်ကို နှစ်ခြမ်းခွဲလိုက်သကဲ့သို့ပင် ချက်ချင်းပင် ဘေးသို့ခွဲ၍ လမ်းဖွင့်ပေးလိုက်ကြသည်။
အဆောင်မှူးက တင်းမာသော မျက်နှာအမူအရာဖြင့် အခန်း (၃၀၉)သို့ အပြေးအလွှား ဝင်ရောက်လာပြီး တစ်ဖက်တစ်ချက်စီမှ လူတစ်ဦးစီကို ဆွဲကိုင်ကာ လုံးထွေးနေသူများကို ခွဲထုတ်လိုက်သည်။
သူ၏ လေသံမှာလည်း အလွန်ပင် တင်းမာလှ၏။
“နင်တို့တွေ ဘာလို့ ရန်ဖြစ်နေကြတာလဲ၊ အလုပ်မလုပ်ချင်ကြဘူးဆိုရင်လည်း အိမ်ပြန်ကြတော့၊ အခု ငါ့နောက် လိုက်ခဲ့ကြ”
ကျန်းရှို့ရင်းနှင့် ဝမ်ဖင်းတို့နှစ်ယောက်လုံး မျက်နှာပျက်သွားကြသည်။
အထူးသဖြင့် ကျန်းရှို့ရင်းက ဖန့်ဟုန်ရှင်းကို မြင်သလျှင် နှာခေါင်းရှုံ့လျက် အေးစက်စက် အသံပြုလိုက်၏။
ဖန့်ဟုန်ရှင်းက သူမကို ကူညီရန် ငြင်းဆန်ခဲ့ခြင်းအပေါ် မကျေနပ်သည်က ထင်ရှားသည်။
လီရှန်းနှင့် လီလင်းတို့အပေါ်တွင်တော့ ကျန်းရှို့ရင်းက မူလကတည်းက မနှစ်သက်ခဲ့ပါချေ
အထူးသဖြင့် သူတို့နှစ်ဦးက မကြာခင် လက်ထပ်ကြတော့မည် ဖြစ်ရာ နောက်ပိုင်းတွင်လည်း ဆက်ဆံရေး ရှိတော့မည် မဟုတ်ပေ။
ထို့ကြောင့် ကျန်းရှို့ရင်းက သူတို့ကို တစ်ချက်ကလေးမျှပင် လှည့်မကြည့်ဘဲ လျစ်လျူရှုလိုက်လေသည်။
ဖန့်ဟုန်ရှင်းကတော့ စိုးရိမ်စိတ်တို့ဖြင့် သူတို့၏နောက်သို့ လိုက်သွားလေသည်။
လီလင်းနှင့် လီရှန်းတို့သာ နေရာတွင် ကျန်ရစ်ခဲ့ပြီး တခြားသူများနှင့်အတူ ပြန်လျှောက်လာခဲ့ကြ၏။
“အဲဒီဖန့်ဟုန်ရှင်းက တကယ်ကို တုံးအ,တာပဲ၊ ကျန်းရှို့ရင်းက အပြင်ဘက်မှာ သူမအကြောင်းကို ခွေးချေးလိုမျိုး အပုပ်ချပြောနေတာကို လိုက်သွားသေးတယ်”
“ဟုန်ရှင်းကလည်း သနားစရာပါပဲ၊ ငါ ကြားတာတော့ သူမမှာ အရင်က ပြည်နယ်မြို့တော်မှာ စစ်ဗိုလ်ရည်းစားတစ်ယောက် ရှိခဲ့ဖူးသတဲ့၊ နောက်တော့ အဲဒီလူက လူကြီးပိုင်းမုသားစုက သမီးနဲ့ လက်ထပ်ပြီး သူမကို ပစ်သွားတာလေ
ဒါကြောင့် သူမက အခု ဒီခရိုင်မြို့လေးမှာ လာပုန်းနေတာတောင် ကျန်းရှို့ရင်းလို လူမျိုးနဲ့ ထပ်တိုးနေရသေးတယ်”
“ဒါက ဘယ်သူ့အပြစ်လဲ၊ သူမကိုယ်တိုင်က မပြတ်သားလို့ပေါ့၊ ငါသာဆိုရင် ကျန်းရှို့ရင်းက ငါ့အကြောင်းကို မကောင်းပြောနေတာကို ပထမဆုံးကြားကတည်းက သူမကို ရိုက်နှက်လိုက်ပြီးပြီ
ပြတ်ပြတ်သားသား လုပ်ပြလိုက်ရင် သူမလည်း သေချာပေါက် မလုပ်ရဲတော့ဘူး”
“အဲဒါလည်း ဟုတ်တာပါပဲ၊ ဒါပေမဲ့ နင်ကိုယ်တိုင် တကယ် ကြုံလာရရင်တော့ ဟုန်ရှင်းလိုမျိုး သည်းခံနိုင်ချေ ရှိမှာ မဟုတ်ဘူး”
“ဟုတ်တယ်၊ ဟုန်ရှင်းက အေးအေးဆေးဆေးပဲ ပြီးသွားစေချင်တာလေ”
“…”
“ရှန်းရှန်း၊ ငါ့စိတ်ထဲမှာတော့ အစ်မဟုန်ရှင်းက အဲ့လောက်အထိ ပျော့ညံ့တဲ့လူ မဟုတ်ဘူးလို့ ခံစားရတယ်”
လီလင်းက လူမှုရေးကိစ္စရပ်များတွင် အမြဲတစေ ဝေခွဲမရ ဖြစ်တတ်သော်လည်း အတော်လေးထက်မြက်သူတစ်ဦး ဖြစ်ပေသည်။
လီရှန်းက ကျန်းရှို့ရင်းကို လျှို့ဝှက်ချက်များ မပြောရန် သတိပေးခဲ့စဉ်ကတည်းက လွန်ခဲ့သော တစ်လလုံး သူမဘက်မှ ကျန်းရှို့ရင်းကို စကားများများ မပြောခဲ့ချေ။
ကျန်းရှို့ရင်းက အပြင်တွင် လီလင်းအား ‘ဘဝင်မြင့်သူ’ ဟု လျှောက်ပြောနေခဲ့သည်။
“သူမကတော့..”
လီရှန်းက မတိုင်ခင်က အခြေအနေကို ပြန်တွေးကြည့်မိသည်။
ဖန့်ဟုန်ရှင်းသည်က ရန်ပွဲကို သွားရောက်ဖြန်ဖြေကြမည်လားဟု သူတို့ကို မေးခဲ့သော်လည်း သူမကိုယ်တိုင်ကတော့ ခြေတစ်လှမ်းပင် ရှေ့သို့မတိုးခဲ့ချေ။
သူမသည်က ပါးစပ်ကသာ ပြောနေခြင်းဖြစ်ပြီး လက်တွေ့လုပ်ဆောင်ရန် ရည်ရွယ်ချက်မရှိကြောင်း သိသာပေ၏။
ဖြစ်နိုင်သည်မှာ သူမသည်လည်း ကျန်းရှို့ရင်းကို မုန်းတီးနေသည်မှာ ကြာမြင့်နေပြီဖြစ်သော်လည်း သူမ၏ အသိုင်းအဝိုင်းနှင့် ကြီးပြင်းလာမှုအရ ကိုယ့်ကိုယ်ကိုယ် မိန်းမကြမ်းများကဲ့သို့ ရန်ဖြစ်ရန် ခွင့်မပြုနိုင်ခြင်း ဖြစ်နိုင်ပေသည်။
“အခက်အခဲတွေ ပြီးဆုံးသွားပြီလို့ပဲ ဆိုရမှာပေါ့”
ဤရန်ပွဲကြောင့် ကျန်းရှို့ရင်းက အသေအလဲ မခံရလျှင်ပင် ပြင်းထန်သော ဒဏ်ရာများရရှိမည်ဖြစ်ပြီး သေချာပေါက်လည်း အပြစ်ပေးခံရပေလိမ့်မည်။
ဆိုရလျှင် သူမသည်က ရန်ဖြစ်ရုံသာမကဘဲ ဝမ်ဖင်းတွင် ဖောက်ပြန်သော ပတ်သက်မှုများ ရှိနေသည်ဟူ၍ ကောလာဟလများလည်း ဖြန့်ခဲ့ပေ၏။ ဤသည်မှာ အလွန်ပင် ပြင်းထန်သော ပြစ်မှုတစ်ခု ဖြစ်ပေသည်။
မျှော်လင့်ထားသည့်အတိုင်းပင် နောက်တစ်နေ့တွင် လီလင်းက သူမ၏ချစ်သူနှင့်အတူ လက်ထပ်မှတ်ပုံတင် လက်မှတ်သွားထိုးရန် ခွင့်ယူပြီးနောက် ကျန်းရှို့ရင်းကတော့ စည်းကမ်းပိုင်းအရ အရေးယူခံလိုက်ရသည်။
သူမသည်က ကွယ်ရာတွင် အတင်းအဖျင်း ပြောဆိုတတ်သောကြောင့် ဖန့်ဟုန်ရှင်းကိုလည်း တခြားအဆောင်တစ်ခုသို့ တိုက်ရိုက် ပြောင်းရွှေ့ပေးလိုက်လေတော့သည်။
လီရှန်းနှင့် လီလင်းတို့ ထွက်သွားကြပြီးနောက် ထိုအဆောင်ခန်းက ကျန်းရှို့ရင်း တစ်ယောက်တည်းသာနေသောအခန်း ဖြစ်လာပေလိမ့်မည်။
ဖန့်ဟုန်ရှင်းက အဆောင်ပြောင်းပြီးနောက် လီရှန်းနှင့် လီလင်းတို့ထံသို့ လာရှာခဲ့သည်။
သူမ၏ အပြုံးများမှာလည်း များစွာ ပေါ့ပါးနေခဲ့၏ ။
“နင်တို့ ဘယ်တော့လောက်ကို အိမ်ပြောင်းကြမှာလဲ၊ ငါလာပြီး ကူညီပေးမယ်”
လီလင်းက အပေါ်ထပ်ကုတင်မှ ခေါင်းပြူထွက်လာခဲ့သည်။
“ကျွန်မကတော့ အခု မပြောင်းသေးဘူး နောက်နှစ် လက်ထပ်ပြီးမှပဲပစ္စည်းတွေကို ကျွန်မ ချစ်သူ့ရဲ့
အဆောင်ကို ရွှေ့တော့မယ်”
သူမသည်က ဤလအတွင်း ပစ္စည်းများစွာ ဝယ်ယူထားခဲ့သောကြောင့် သူမသာ အိမ်သို့ ပြန်သယ်သွားပါက သူမ၏အမေက သေချာပေါက် အကုန်သိမ်းယူသွားလိမ့်မည်။
“ကျွန်မလည်း မပြောင်းသေးပါဘူး. မနက်ဖြန် အိမ်ကို တစ်ညပြန်ပြီး သဘက်ခါမှ စက်ရုံကို ပြန်လာမယ်၊ အဲဒီအချိန်ကျမှ ဝန်ထမ်းအဆောင်ကို တန်းပြီး ပြောင်းလိုက်တော့မယ်”
ဖန့်ဟုန်ရှင်း၏ အပူအပန်မှုကင်းမဲ့နေသော အမူအရာကို မြင်ရသဖြင့် လီရှန်းက မနေနိုင်ဘဲ မေးလိုက်၏။
“အစ်မရော နှစ်သစ်ကူးဖို့ ပြည်နယ်မြို့တော်ကို မပြန်ဘူးလား”
“မပြန်တော့ပါဘူး၊ ငါ့အိမ်က အရမ်းကျဉ်းတယ်လေ၊ စက်ရုံမှာနေရသလောက် စိတ်မချမ်းသာဘူး”
ဖန့်ဟုန်ရှင်းက ပြည်နယ်မြို့တော်အကြောင်းကို ပြောလိုက်သည့်အချိန်တွင် သူမ၏ အပြုံးများ မှေးမှိန်သွားရပေသည်။
ထိုအိမ်ဟု ခေါ်သောနေရာက သူမကို လက်ခံနိုင်သည့် ခိုလှုံရာတစ်ခု မဟုတ်နေခဲ့ပါချေ။
သူမက သက်ပြင်းချလိုက်သည်။
“နင်တို့နှစ်ယောက်ကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျသွားကြတာပဲ”
“အစ်မလည်း အဲဒီလောက် မကြီးသေးပါဘူး၊ ခုမှ (၂၆) နှစ်ပဲ ရှိသေးတာလေ”
“ငါ အဲဒီအကြောင်း ထပ်မစဉ်းစားချင်တော့ပါဘူး၊ ဒီအရွယ်က တော်တော်လေး နေရခက်တဲ့အရွယ်လေ”
သူမကို လက်ထပ်လိုကြသော အမျိုးသားများမှာ ဘဝပျက်နေသောကြောင့် ငွေကြေးဝန်ထုပ်ဝန်ပိုးကို ဝေမျှထမ်းဆောင်ပေးမည့်သူ လိုအပ်နေသူများ သို့မဟုတ်ပါကလည်း ကလေးများကို ပြုစုစောင့်ရှောက်ပေးမည့် မိထွေးတစ်ယောက် လိုအပ်နေသော မုဆိုးဖိုများသာ ဖြစ်ကြပေသည်။
သူမက လက်ကို ဝှေ့ရမ်းပြလိုက်ရင်း ပြောလာသည်။
“ငါလည်း ဒေါသထွက်လွယ်တတ်တဲ့ သူပဲလေ၊ တစ်ယောက်တည်း နေရတာပဲ ပိုကောင်းပါတယ်”
လီရှန်းက အပြုံးတစ်ခုနှင့်ပြောလိုက်သည်။
“အစ်မကသာ ဒေါသထွက်လွယ်တယ်ဆိုရင် ကျွနာတို့ဆိုရင်တော့ ပြောစရာတောင်မလိုတော့ဘူး။
ဖန့်ဟုန်ရှင်းက လီရှန်းကို အသာအယာ တွန်းလိုက်သည်။
“ကောင်းပြီ၊ ဒါဆိုရင်လည်း နင်တို့ ပြောင်းတဲ့အချိန် ငါ့ကို အသိပေးဦးလေ၊ ငါလည်း အဆောင်မှာ ဘာမှလုပ်စရာ မရှိဘူး”
“ကောင်းပါပြီ”
လီရှန်းက ခေါင်းငြိမ့်ပြလိုက်ပြီး လီလင်းကလည်း ပြုံးလျက် ပြောလိုက်သည်။
“ဒါဆို အစ်မဟုန်ရှင်းကို ကြိုပြီး ကျေးဇူးတင်ထားရမှာပဲ”
သူတို့သုံးယောက် ပျော်ရွှင်နေကြသည့် မြင်ကွင်းက ကျန်းရှို့ရင်း၏ နှလုံးသားကို ပြင်းထန်စွာ ထိုးနှက်နေပေ၏။ သူမက အိပ်ရာပေါ်တွင် တစ်ဖက်သို့ လှည့်ရင်း လူတိုင်းကို ကျောခိုင်းလိုက်ကာ ခေါင်းအုံးထဲတွင် မျက်နှာအပ်လျက် တိတ်တဆိတ် မျက်ရည်ကျနေခဲ့သည်။
သို့သော် ယခုတစ်ကြိမ်တွင်တော့ ဖန့်ဟုန်ရှင်းက သူမကို လာရောက်နှစ်သိမ့်ခြင်း မပြုတော့ဘဲ လျစ်လျူရှုထားရန်သာ ရွေးချယ်လိုက်လေသည်။
(၁၂)လပိုင်း (၂၆) ရက်နေ့သို့ ရောက်လျှင် ပိုင်မားခရိုင်အတွင်းရှိ စက်ရုံအားလုံးက အားလပ်ရက်အတွက် ပိတ်လိုက်ကြလေပြီ။
တခြားစက်ရုံများမှ အလုပ်သမားများက အိမ်တွင် နှစ်သစ်ကူးပွဲတော် ဆင်နွှဲရန် အလုပ်ရှုပ်နေကြချိန်တွင် ဆေးဝါးစက်ရုံမှ အလုပ်သမားများသည်လည်း ပြည်နယ်မြို့တော်သို့ ပြန်ရန်အတွက် အထုတ်အပိုးများကို အလျှင်အမြန် ပြင်ဆင်နေခဲ့ကြသည်။
ကျန်းရှို့ရင်းက မနက်စောစောကတည်းက သူမ၏ အထုတ်အပိုးများနှင့်အတူ အစောပိုင်းထွက်ခွာသော ဘတ်စ်ကားကို စီးပြီး ထွက်သွားခဲ့၏။
လီလင်းသည်ကား အိမ်သို့မပြန်ချင်သောကြောင့် အဆောင်ထဲ၌သာ အချိန်ဆွဲနေခဲ့သည်။
“ငါ နှစ်သစ်ကူးအကြိုညကျမှ အိမ်ကိုပြန်ပြီး ထမင်းအတူစားမယ်၊ ပြီးရင် ချက်ချင်းပြန်လာမှာ”
အတင်းအဖျင်းစကားများကိုသာ မကြောက်ပါက လီလင်းအနေဖြင့်စက်ရုံထဲတွင်နေရင်းဖြင့်ပင် တိုက်ရိုက် မင်္ဂလာဆောင်ရန် စဉ်းစားမိပေလိမ့်မည်။
“ဒါဆို ငါ နင့်အတွက် ဖက်ထုပ်တွေ ယူလာပေးမယ်”
ဖန့်ဟုန်ရှင်းကလည်း နှစ်သစ်ကူးအတွက် အိမ်သို့မပြန်ဖြစ်သောကြောင့် သူနှင့် လီလင်းတို့က နှစ်ယောက် အတူ အဖော်ပြု၍ နေနိုင်ကြပေလိမ့်မည်။
“ဘုရားရေ၊ ငါတော့ တကယ်ကို ကံကောင်းတာပဲ”
တံခါးဝမှ လျှောက်ဝင်လာသော ဖန့်ဟုန်ရှင်းက လီရှန်း၏စကားကို ကြားလိုက်ရသောကြောင့် ချက်ချင်းပင် ရယ်မောလိုက်သည်။
“နှစ်သစ်ကူးအကြိုညကျရင် စက်ရုံရဲ့ထမင်းစားဆောင်ကလည်း မဖွင့်ဘူးလေ၊ ငါက မီးဖိုတစ်ခုလောက် သွားငှားဖို့ စဉ်းစားနေတာ”
“မီးဖိုကတော့ ငှားထားသင့်သေးတာပဲ”
ထမင်းစားဆောင်တွင် တာဝန်ကျသူ တစ်ဦးတည်းသာ ရှိမည်ဖြစ်၍ အစားအသောက်များက ပုံမှန်ကဲ့သို့ စုံလင်မည် မဟုတ်လောက်ပဲ။
“ဒါဆိုရင် ကျွန်မလည်း အစ်မဟုန်ရှင်းနဲ့အတူ ထမင်းစားဆောင်ကို လိုက်ခဲ့မယ်”
လီလင်းက အပေါ်ထပ်ခုတင်မှ အမြန်ဆင်းလာပြီး လီရှန်း၏ ခြေထောက်နားရှိ အတော်လေး လေးလံပုံရသော အိတ်အချို့ကို ကြည့်ပြီး ပြောလာသည်။
“ငါ နင့်ကို တံခါးဝအထိ လိုက်ပို့ပေးမယ်”
ဖန့်ဟုန်ရှင်း : “အဆောင်ဝင်းတံခါးအထိပဲ လိုက်ပို့ပေးတော့၊ ရဲဘော်စု အပြင်မှာစောင့်နေတယ်”
“ဟိုး..”
လီလင်းက အံ့အားသင့်သကဲ့သို့ ရေရွတ်လိုက်သည်။
“ စက်ရုံကလူတွေနဲ့ ချစ်ကြိုက်တဲ့လူတွေကတော့ တကယ်ကို မတူတာပဲ”
လီရှန်းတစ်ယောက် အစခံရသောကြောင့် မျက်နှာကနီရဲသွားရပြီး လီလင်းကို နှစ်ချက်ခန့် ကန်လိုက်၏။
လီလင်းက ဟိုဘက်ဒီဘက် ရှောင်တိမ်းရင်း နောက်ဆုံးတွင် ဖန့်ဟုန်ရှင်း၏ နောက်ဘက်တွင်ပုန်းကာ သူမကို အကာအကွယ်ဒိုင်းအဖြစ် အသုံးပြုလိုက်လေတော့သည်။
“ကောင်းပြီ မဆော့ကြနဲ့တော့၊ သွားရအောင်”
ဖန့်ဟုန်ရှင်းက သူတို့ကို အမြန်ပင် တားဆီးလိုက်ရသည်။
နောက်ဆုံးတွင် သူတို့နှစ်ဦးက လီရှန်းကို ဝန်ထမ်းအဆောင်ဝင်း၏ တံခါးဝအထိ လိုက်လံပို့ဆောင်ပေးခဲ့ကြ၏။
ထင်ထားသည့်အတိုင်း စုဝေ့ချင်းသည် ပုံမှန်နေရာတွင် စောင့်ဆိုင်းနေခဲ့သည်။
စုဝေ့ချင်းက တစ်ယောက်တည်း ရောက်လာခြင်း မဟုတ်ဘဲ သူ၏အစ်ကို စုဝေ့ဟိုင်လည်း ပါလာခြင်းက လီရှန်းကို အနည်းငယ် အံ့အားသင့်သွားစေသည်။
***