“ဒီပစ္စည်းတွေပဲလား”
စုဝေ့ဟိုင်က လီရှန်း၏ ခြေထောက်နားရှိ အိတ်ငယ်တချို့ကို မြင်လျှင် အနည်းငယ် အံ့အားသင့်သွားရ၏။
“ဝေ့ချင်းက အထုတ်တွေကူသယ်ပေးရမယ်ဆိုပြီး ငါ့ကို ခေါ်လာတာလေ၊ အထုတ်အပိုးတွေ အများကြီး ရှိလိမ့်မယ်လို့ ထင်ထားတာ”
လီရှန်း - “...”
ဒါဆို စုဝေ့ဟိုင်က ကူလီလုပ်ဖို့ ခေါ်လာခံရတာပေါ့လေ?
သူမက ချက်ချင်းပင် ပြောလိုက်လေသည်။
“အာ.. အစ်ကိုကြီး လိုက်လာမယ်တိုတာ သိရင် ကျွန်မရဲ့ အိပ်ရာခင်းအထုတ်အပိုးတွေကိုပါ တစ်ခါတည်း အကုန်သိမ်းပြီး ယူလာခဲ့မှာပေါ့”
“ဒါဆို အခုသွားသိမ်းလိုက်လေ၊ ဒီအိတ်တွေကိုတော့ ဝေ့ချင်းနဲ့ ငါ အရင်ဆုံးသယ်သွားလိုက်မယ်”
စုဝေ့ဟိုင်က လီရှန်းကို ပစ္စည်းသွားသိမ်းရန် တိုက်တွန်းလိုက်ပြီးနောက် အိတ်များထဲမှ အကြီးဆုံးအိတ်နှစ်အိတ်ကို တစ်ဖက်တစ်ချက်စီ ဆွဲမကာ ပေါ့ပေါ့ပါးပါးပင် လွှဲယူလိုက်သည်။
ထို့နောက် ကျန်သည့်အိတ်များကို သယ်ရန် စုဝေ့ချင်းကို အချက်ပြလိုက်လေ၏။
အမျိုးသမီးသုံးဦး အားစိုက်၍ ယူလ်ရသည့် အထုတ်အပိုးများကို ထိုလူကောင်ကြီးသည့်အမျိုးသားနှစ်ဦးမှာ ပေါ့ပေါ့ပါးပါးပင် သယ်ဆောင်သွားခဲ့ကြလေသည်။
“ဒါဆို ကိုယ်တို့ အရင်သွားပို့လိုက်ဦးမယ်၊ မင်းလည်း အမြန်သွားသိမ်းလိုက်လေ၊ မင်းရဲ့ဦးလေးက နေ့လယ်စာစားဖို့ ပြန်လာခဲ့လို့ မှာထားတယ်မလား”
စုဝေ့ချင်းက လီရှန်းကို မျက်စိတစ်ချက် မှိတ်ပြလိုက်လေ၏။ သူက စုဝေ့ဟိုင်ကို အလုပ်ကြမ်းခိုင်းရန်အတွက် ခက်ခဲစွာ စည်းရုံးထားရခြင်းဖြစ်သောကြောင့် သေချာပေါက် အစွမ်းကုန် ခိုင်းစေချင်နေခဲ့သည်။
လီရှန်းက ခေါင်းငြိမ့်ပြလိုက်ပြီး လီလင်းနှင့် ဖန့်ဟုန်ရှင်းတို့ကို အကူအညီတောင်းရန် ချက်ချင်းပင် ဆွဲခေါ်သွားတော့သည်။
သူတို့သုံးဦးက အိပ်ရာကို အမြန်ပင် သိမ်းဆည်းလိုက်ကြပြီးနောက် ပစ္စည်းအမြောက်အမြားကိုလည်း အောက်ထပ်သို့ သယ်လာခဲ့ကြသည်။
တံခါးဝသို့ ရောက်သည့်အချိန်တွင် စုညီအစ်ကိုနှစ်ဦး ပြန်မရောက်လာသေးသောကြောင့် သူတို့သုံးဦးက တံခါးဝတွင် ရပ်ရင်း စကားခဏလောက် ပြောနေခဲ့ကြ၏။
ဖန့်ဟုန်ရှင်းက စုဝေ့ဟိုင်အကြောင်းကို ပြောပြလာခဲ့သည်။
“...လွန်ခဲ့တဲ့ နှစ်ရက်လောက်က သူ လမ်းပေါ်မှာ အမျိုးသမီးတစ်ယောက်နဲ့ စကားပြောနေတာကို ငါတွေ့လိုက်တယ်၊ သူတို့ ရန်ဖြစ်နေကြသလိုမျိုးပဲ၊ သူ့မျက်နှာက အတော်လေး တင်းမာနေတာ”
သူမ၏ မျက်နှာအမူအရာက အနည်းငယ် ထူးဆန်းနေခဲ့သည်။ လီရှန်း၏ ခဲအိုနှင့် ယခင်က ဆုံဖူးလိမ့်မည်ဟု သူမ ထင်မထားခဲ့ချေ။
ထိုစကားကို ကြားလိုက်ရလျှင် လီရှန်း၏ စိတ်ထဲတွင် ထိတ်ခနဲ ဖြစ်သွားရ၏။
“အဲဒီအမျိုးသမီးက အရပ်ရှည်ရှည်နဲ့ မျက်နှာ ဝိုင်းတဲ့သူလား”
“ဟုတ်တယ်၊ ဒါပေမဲ့ ကြည့်ရတာ ငါတို့စက်ရုံကလူနဲ့တော့ မတူဘူး”
ထိုအမျိုးသမီး၏ အဝတ်အစားနှင့် ရုပ်ရည်မှာ သာမန်အလုပ်သမားတစ်ဦးနှင့် မတူဘဲ ကုန်တိုက်အရောင်းကောင်တာက အရောင်းစာရေးမတစ်ဦးနှင့် ပို၍ တူနေပေသည်။
“အဲဒါ ကျွန်မရဲ့ယောက်မ ဖြစ်လိမ့်မယ်”
သို့သော်လည်း လွန်ခဲ့သော နှစ်ရက်က ရန်ဖြစ်ခဲ့ကြသည်ဆိုလျှင်..
လီရှန်းက (၁၂) လပိုင်း (၂၄)ရက်နေ့ညက အဆောင်သို့ ပြန်ရောက်ချိန်တွင် စုဝေ့မင်က စုဝေ့ဟိုင်ကို အခန်းထဲသို့ ခေါ်ကာ စကားပြောခဲ့သည်ကို ရုတ်တရက် သတိရသွားခဲ့သည်။
ထိုညက စုဝေ့မင်က စုဝေ့ဟိုင်ကို တစ်စုံတစ်ခုပြောဆိုခဲ့ခြင်းများ ဖြစ်နေလောက်ပေမည်။
“အဲဒါက နေ့ခင်းဘက်လား၊ ညနေဘက်လား”
လီရှန်းက ထပ်မံမေးမြန်းလိုက်သည်။
“နင်မေ့သွားပြီလား၊ ကျန်းရှို့ရင်းတို့ ရန်ဖြစ်တဲ့ကိစ္စကို ငါဖြေရှင်းပေးနေတုန်းကလေ၊ အဲဒီအချိန်မှာ မြင်လိုက်တာ”
ထိုညက ရန်ပွဲမှာ အတော်လေး ကြီးမားခဲ့ပေသည်။ ဝမ်ဖင်းက ငိုယိုသောင်းကျန်းပြီး သန်းခေါင်ယံအချိန်ကြီးတွင် အမျိုးသားဝန်ထမ်းအဆောင်မှ လျို့ကျန့်ကျွင်းကိုပင် သက်သေအဖြစ် ခေါ်ယူခဲ့သေး၏။
သူမက သူတို့နှင့်အတူ အလုပ်သမားသမဂ္ဂရုံးခန်းသို့ သွားရောက်ခဲ့ပြီး အပြန်လမ်းတွင် ထိုမြင်ကွင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်ပေသည်။
လီရှန်းလည်း သူမ၏ ခန့်မှန်းချက် မှန်ကန်သည်ဟု ခံစားလိုက်ရကာ စုဝေ့ချင်း ရောက်လာလျှင် ထိုအခြေအနေကို သေချာပေါက် မေးမြန်းရမည်ဟု တွေးလိုက်မိ၏။
ဝူလီက ကလေးနှစ်ယောက်အပေါ် စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုများ ပြုလုပ်ခဲ့သည်ကို သိရှိခဲ့ပြီးကတည်းက လီရှန်း၏ ဝူလီအပေါ် ထားရှိသော ထင်မြင်ချက်မှာ အတော်လေး ဆိုးရွားလာခဲ့သည်။
အကယ်၍ ဝူလီကသာ ကလေးနှစ်ယောက်ကို မချစ်ကြောင်းနှင့် မပြုစုချင်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့လျှင် သူမကို အနည်းငယ် လေးစားမိဦးမည် ဖြစ်၏။
သို့သော် ယခုတွင်တော့ သူမသည်က ဤကဲ့သို့သော လှည့်ဖြားသည့်နည်းလမ်းများကိုသာ သုံးစွဲနေခဲ့သည်။
ဝူလီ၏ လုပ်ရပ်များက ထုန်လင်းနှင့်ပင် ဆင်တူနေခဲ့သည်။
ဝူလီသည်က သူမ၏ကိုယ်ပိုင် ကလေးမရသေးချိန်တွင်ပင် ဤသို့ ပြုမူဝံ့သည်ဆိုပါက နောင်တစ်ချိန် သူမတွင် ကိုယ်ပိုင်ရင်သွေးများ ရှိလာခဲ့လျှင် ထိုကလေးနှစ်ယောက်က ယခုထက်ပင် ပို၍ ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်ရမည် မဟုတ်ပါလား။
ခဏအကြာတွင် ညီအစ်ကိုနှစ်ယောက်က အလျင်အမြန် ပြန်ရောက်လာခဲ့ကြသည်။
“အကုန်ပါပြီလား”
လီရှန်းက အိပ်ရာလိပ်ကိုပါ သယ်ယူလာသည်ကို မြင်လျှင် စုဝေ့ချင်းက မေးလိုက်၏
လီရှန်း: “အင်း”
သူမ ခေါင်းငြိမ့်ပြလိုက်ပြီးနောက် စုဝေ့ဟိုင်ကို အားနာစွာဖြင့် ပြုံးပြလိုက်သည်။
“ပစ္စည်းတွေက အတော်လေး များသွားတယ်၊ အစ်ကိုကြီးကို ပင်ပန်းစေမိပြီ”
စုဝေ့ဟိုင်က ဂရုမစိုက်စွာဖြင့် လက်ဝှေ့ရမ်းပြလိုက်လေ၏။
“ဒါက ဘာမှမဟုတ်ပါဘူး၊ မင်း ငါ့ရဲ့ ပိန်ပါးတဲ့ခန္ဓာကိုယ်ကို ကြည့်ပြီး အထင်မသေးနဲ့၊ ငါက ဝေ့ချင်းထက် အများကြီး ပိုသန်မာတယ်၊ နောက်ပိုင်း မင်းတို့နှစ်ယောက် ဘာတွေပဲ အကူအညီ လိုလို ငါ့ကိုသာ ပြောလိုက်၊ ထမင်းတစ်နပ် ကျွေးမယ်ဆိုရင် ဘာမဆို အပေးအယူ လုပ်လို့ရတယ်”
“အခု အိမ်ပြန်ရင် ထမင်းမစားရတော့ဘူးလို့ ပြောနေတာလား”
စုဝေ့ချင်းက မကျေမနပ်ရေရွက်ပြီး အလေးလံဆုံးသော အိပ်ရာလိပ်ကို စုဝေ့ဟိုင်၏ ပခုံးပေါ်သို့ တင်ပေးလိုက်ပေသည်။
စုဝေ့ဟိုင်သည်ကား လေးလံသည်ဟုပင် မထင်ဘဲ ပခုံးပေါ်တွင် သဘာဝကျစွာ ထမ်းထားလိုက်လေ၏။ ထိုမျှနှင့်ပင် မလုံလောက်သေးသကဲ့သို့ အိတ်တစ်အိတ်ကို ညွှန်ပြပြီး ပြောလာခဲ့သည်။
“အဲဒီအိတ်ကိုပါ ငါ့ကို ပေးလိုက်၊ ငါ သယ်သွားမယ်”
စုဝေ့ချင်းကလည်း တုံ့ဆိုင်းမှုမရှိဘဲ အိတ်ကို သူ့ထံသို့ ကမ်းပေးလိုက်ပေ၏။
“ဒါဆိုရင် ကျွန်မက မျက်နှာသစ်ဇလုံကို သယ်လိုက်မယ်”
လီရှန်းသည် မျက်နှာသစ် ဇလုံကို လက်နှစ်ဖက်ဖြင့် ပွေ့ပိုက်ထားလိုက်သည်။ ထိုဇလုံက ပေါ့ပါးသော်လည်း အထဲဘက်တွင် ပစ္စည်းအသေးအမွှားများစွာ ပါဝင်နေသဖြင့် သတိမထားပါက ဖိတ်စင်ကျသွားနိုင်ပေသည်။
အိပ်ရာလိပ်နှင့် ပစ္စည်းများကို အိမ်သို့ ပြန်သယ်လာပြီးနောက် ၎င်းတို့ကို အိမ်ခန်းအသစ်သို့ တိုက်ရိုက် ရွှေ့ပြောင်းရန် မသင့်တော်သေးပေ။
ကံကောင်းထောက်မစွာဖြင့် အိမ်တွင် ခြားအခန်းများ ရှိနေသေးသည့်အတွက် သူတို့၏ အထုတ်အပိုးများကို စုဝေ့ဖင်း၏ အခန်းထဲသို့ ခေတ္တ ရွှေ့ပြောင်းထားလိုက်ကြသည်။
ထို့နောက်တွင် သဘက်ခါ သူတို့လက်ထပ်သည့်နေ့တွင် မည်သူမျှ အခန်းထဲသို့ မဝင်နိုင်စေရန်အတွက် လော်ယွီရှို့က တံခါးကို သော့ခတ်လိုက်လေသည်။
စုဝေ့ဟိုင်က ပစ္စည်းများကို သယ်ယူရာတွင် ကူညီပြီးနောက် ရဲဘော်လော်ယွီရှို့ထံမှ အမိန့်တစ်ခု ရရှိခဲ့သည်။
ထိုသည်မှာ ကလေးနှစ်ယောက်ကို နှစ်သစ်ကူးအတွက် အဝတ်အစားအသစ်များ ဝယ်ပေးရန်ပင် ဖြစ်၏။
“အရင်နှစ်တွေကတည်းက ဒီကလေးနှစ်ယောက်အတွက် အဝတ်အစားအသစ် မရှိခဲ့တာမျိုး ဘယ်တုန်းက ရှိဖူးလို့လဲ၊ အခု မင်း အိမ်ထောင်ကျသွားပြီဆိုတော့ ဒါတွေက ငါ့ပြဿနာ မဟုတ်တော့ဘူးလို့ ငါတွေးထားတာ၊
ဒါပေမဲ့ မင်းတို့နှစ်ယောက်စလုံးက ကလေးအတွက် အဝတ်အစားဝယ်ပေးဖို့ကို သတိမရကြဘူး၊ ဒီနေ့တောင် (၂၆)ရက်နေ့ ရှိနေပြီ၊ မင်း ဘယ်လောက်အထိ ထပ်ပြီး အချိန်ဆွဲနေဦးမှာလဲ”
လော်ယွီရှို့က စုဝေ့ချင်းအတွက် ယောက္ခမအိမ်သို့ ယူဆောင်သွားရမည့် လက်ဆောင်ပစ္စည်းများကို ပြင်ဆင်ပေးရင်း တစ်ဖက်မှလည်း အကြီးဆုံးသားဖြစ်သူကို ဆူပူနေခဲ့လေသည်။
ထိုစကားကို ကြားလိုက်ရလျှင် စုဝေ့ဟိုင်၏ မျက်နှာအမူအရာတို့က အနည်းငယ် တင်းမာသွားရ၏။
သူ အမှန်တကယ်ကို သတိမရခဲ့ခြင်းပင်။
“ကောင်းပါပြီ၊ ကျွန်တော် အခုပဲ သူတို့အတွက် အဝတ်အစား သွားဝယ်ပေးလိုက်မယ်၊ ပြီးရင် အစိုးရစားသောက်ဆိုင်မှာ တစ်ခါတည်း ကျွေးလိုက်မယ်၊ နေ့လယ်စာစားဖို့ ပြန်မလာတော့ဘူးနော်”
စုဝေ့ဟိုင် အမေဖြစ်သူကို ပြောလိုက်ပြီး သူ၏သားနှစ်ယောက်ကို လှမ်းခေါ်လိုက်သည်။
“ရှောင်ချန် ရှောင်ကျွင့် လာကြဦး၊ အဖေ မင်းတို့ကို အဝတ်အစားအသစ်တွေ ဝယ်ပေးဖို့ ကုန်တိုက်ကို ခေါ်သွားမယ်”
အဝတ်အစားအသစ်အကြောင်းကို ကြားလိုက်ရသဖြင့် ရှောင်ချန်က သူကိုင်ထားသော ကစားစရာ သစ်သားတုံးများကို ချက်ချင်းချလိုက်ပြီး ရှောင်ကျွင့်ကိုပါ ဆွဲခေါ်ကာ ပြေးလာလေတော့သည်။
သူက ရှောင်ကျွင့်၏ အင်္ကျီလက်ကို ဆွဲလိုက်ရင်း ပြောလာလေ၏။
“အဖေ၊ ရှောင်ကျွင့်အတွက် အတွင်းဝတ်အနွေးထည်လည်း ဝယ်ပေးဦးနော်၊ သူရဲ့အင်္ကျီလက်တွေနဲ့ ဘောင်းဘီအနားတွေက အရမ်းတိုနေတယ်လို့ ပြောနေခဲ့တာ”
ထိုစကားကို ကြားလျှင် လော်ယွီရှို့က သားကြီးဖြစ်သူကို နောက်တစ်ကြိမ် စိုက်ကြည့်လိုက်ပြန်၏။
“ဝယ်လိုက်၊ အလဲအလှယ်လုပ်ပြီး လျှော်လို့ရအောင် နှစ်စုံစီ ဝယ်ပေးလိုက်”
“ဘာတွေကို အလဲအလှယ်လုပ်ပြီး လျှော်မှာလဲ”
ထိုအချိန်တွင် ဝူလီက အပြင်မှဝင်လာခဲ့လေ၏။
သူမ၏ လက်ထဲတွင်လည်း အထုပ်ကြီးတစ်ထုပ်ကို ကိုင်ဆောင်ထား၏။
“ကောင်းပြီ၊ ကလေးနှစ်ယောက်ကို ဒါလေးတွေ အမြန်စမ်းဝတ်ခိုင်းကြည့်လိုက်ဦး၊ ကျွန်မတို့ကုန်တိုက်ကို ဂွမ်းကပ်အင်္ကျီအသစ်တွေ အခုပဲ ရောက်လာတာလေ၊ ဒါနဲ့ ကလေးနှစ်ယောက်အတွက် အဝတ်အစား မဝယ်ရသေးတာ သတိရလို့ ချက်ချင်းပဲ နှစ်ထည် ယူလာခဲ့တာ”
“ပြပါဦး”
စုဝေ့ဟိုင်က အိတ်ကြီးကိုဆွဲယူကာ အထဲမှ ဂွမ်းကပ်အင်္ကျီအသစ်များကို ကြည့်လိုက်လေ၏။
ထို့နောက် ရေတပ်ပြာရောင်တစ်ထည်နှင့် ခရမ်းနီရောင်တစ်ထည်ကို တွေ့ရပေသည်။ ခရမ်းနီရောင်အင်္ကျီမှာ အနည်းငယ် ပိုငယ်သောကြောင့် ရှောင်ကျွင့်အတွက် ဖြစ်ပေလိမ့်မည်။
ဝူလီက သူမကိုယ်တိုင်အတွက် ရေနွေးတစ်ခွက် ငှဲ့သောက်ရင်း သောက်နေရင်းမှ စုဝေ့ဟိုင်ကို လှမ်းပြောလိုက်၏။
“အထဲမှာ ဝါဂွမ်းဘောင်းဘီ နှစ်ထည်လည်း ပါသေးတယ်၊ အစကတော့ ကလေးတွေအတွက် ဘောင်းဘီရှည်နှစ်ထည်လောက် ထိုးပေးဖို့ သိုးမွေးချည် သွားရှာသေးတယ်၊ ဒါပေမဲ့ သိုးမွေးချည်က ရှာရခက်လွန်းလို့ ဝယ်လို့မရဘူး ဖြစ်နေတယ်”
စုဝေ့ဟိုင်က အိတ်ထဲမှ ဝါဂွမ်းဘောင်းဘီ နှစ်ထည်ကိုပါ ထပ်မံ ထုတ်ယူလိုက်သည်။
***