ဝူလီက ရေတစ်ငုံ သောက်လိုက်ပြီးနောက် လီရှန်းကို ကြည့်လိုက်လေ၏။
ထို့နောက် အသစ်စက်စက်ဇနီးမောင်နှံနှစ်ယောက်၏အနားမှ လက်ဆောင်ပစ္စည်းများကို သတိပြုမိသွားကာ မေးလိုက်သည်။
“နင်တို့ အပြင်ကိုသွားမလို့လား”
“ဟုတ်တယ်၊ ဦးလေးက နေ့လယ်စာ ပြန်လာစားဖို့ ခေါ်ထားလို့လေ”
မည်သို့ပင်ဆိုစေ မနက်ဖြန်တွင် လက်ထပ်ကြတော့မည်ဖြစ်၍ မင်္ဂလာပွဲအတွက် လုပ်ငန်းစဉ် အသေးစိတ်ကို ဆွေးနွေးရန် လိုအပ်သေးပေသည်။
“ဒါဆိုလည်း စက်ဘီးပဲ စီးသွားကြလေ၊ ဒီနေ့ ဘတ်စ်ကားတွေက အရမ်းကျပ်တာ၊ ငါ အလုပ်ဆင်းတုန်းကတောင် ကားပေါ်ကိုတိုးပြီးစီးရတာ တော်တော်ကြာတယ်”
လီရှန်းက စုဝေ့ချင်းကို ချက်ချင်းပင် မော့ကြည့်လိုက်၏။
“ဒါဆိုရင် အဖေ့စက်ဘီးကို ခေတ္တလောက် ငှားသွားတာပေါ့”
စုဝေ့ချင်းက လော်ယွီရှို့ကို အမြန်လှမ်းကြည့်လိုက်သည်။
လော်ယွီရှို့ စကားမပြောရသေးမီပင် ဝူလီက ကြားဖြတ်၍ ပြောလာလေ၏။
“ဒီနေ့ ငါလည်း စက်ဘီးမလိုဘူး၊ နင်တို့ ဒုက္ခမများအောင် တစ်ယောက်တစ်စီးစီပဲ စီးသွားကြလေ”
“ဒါဆိုကျေးဇူးအများကြီးတင်ပါတယ် မရီး”
စုဝေ့ချင်း ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ခေါင်းငြိမ့်ကာ သဘောတူလိုက်၏။
လော်ယွီရှို့သည်က သူမ၏ အကြီးဆုံးချွေးမကို တစ်ခါမျှ မမြင်ဖူးသည့်အရာကို မြင်လိုက်ရသည့်အလား မကြာခဏ လှည့်ကြည့်နေမိခဲ့သည်။
သူမ၏ အကြီးဆုံးချွေးမက ယနေ့တွင် တခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားသကဲ့သို့ သူမ ခံစားနေရ၏။
လွန်ခဲ့သော နှစ်ရက်ခန့်ကပင် ဝူလီက ထိုစက်ဘီးကို ရတနာတစ်ခုကဲ့သို့ တန်ဖိုးထားနေပြီး မည်သူ့ကိုမျှ အထိမခံခဲ့ချေ။
မှန်ပေသည်။ လော်ယွီရှို့အနေဖြင့်လည်း ဝင်ရောက်စွက်ဖက်လိုစိတ် မရှိပေ။
အဘယ်ကြောင့်ဆိုသော် ထိုစက်ဘီးမှာ ဝူလီ၏ ခန်းဝင်ပစ္စည်းဖြစ်ပြီး သူမအနေဖြင့် တစ်ပြားတစ်ချပ်မျှ အကုန်အကျခံထားခြင်း မရှိသောကြောင့်ပင်ဖြစ်၏။
“နောက်ကျနေပြီ၊ မြန်မြန်သွားကြတော့၊ ရှန်းရှန်းရဲ့ဦးလေးကို အကြာကြီး စောင့်မခိုင်းနဲ့ဦး”
လော်ယွီရှို့က စုဝေ့ချင်းကို အမြန်ပင် တိုက်တွန်းလိုက်ပြီး မထွက်ခွာမီ စုဝေ့မင်၏ ဗီရိုထဲမှ ဝိုင်နှစ်ပုလင်းကို ယူပြီး သူ၏အိတ်ထဲသို့ ထည့်ပေးလိုက်ကာ ကျန်းကျူးရိထံသို့ ပေးရန် မှာလိုက်သည်။
“ဒါဆို ကျွန်တော်တို့ သွားပြီနော်”
စုဝေ့ချင်းလည်း လီရှန်း၏လက်ကို ဆွဲကိုင်လိုက်ကာ ဝူလီ့ထံမှ စက်ဘီးသော့ကို ယူပြီး အပြင်သို့ ထွက်လာခဲ့ကြ၏။
တံခါးအပြင်ဘက်သို့ ရောက်မှသာ လီရှန်းက အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
“ရှင့်ရဲ့မရီးက ဘာဖြစ်သွားတာလဲ၊ စိတ်ပြောင်းသွားတာလား”
သူမက ဆက်ပြောခဲ့သည်။
“အစ်မဟုန်ရှင်း ပြောတာတော့ လွန်ခဲ့တဲ့ နှစ်ရက်က လမ်းပေါ်မှာ အကြီးဆုံးအစ်ကိုနဲ့ ယောက်မတို့ ရန်ဖြစ်နေတာကို တွေ့လိုက်တယ်တဲ့၊ အကြီးဆုံးအစ်ကိုက သူမကို ဆူပူလိုက်လို့များလား”
စုဝေ့ချင်းသည်က “အိမ်တွင်းရေး အရှုပ်အထွေးကို အပြင်သို့မထုတ်ရ” ဟူသော အယူအဆမျိုးကို တစ်ခါမျှ လက်ကိုင်ထားသူ မဟုတ်ပေ။
လီရှန်း၏ မေးခွန်းကို ကြားလိုက်ရသည်နှင့် သူက ချက်ချင်းပင် စိတ်အားထက်သန်လာခဲ့ပြီး လူသူနည်းပါးပြီး စကားကို လွတ်လပ်စွာ ပြောဆိုနိုင်သည့် လူပြတ်သော လမ်းလေးတစ်ခုဘက်သို့ သူမကို ဆွဲခေါ်သွားခဲ့လေသည်။
“ကိုယ်လည်း အဆူခံလိုက်ရလို့ ဖြစ်တာလို့ ထင်တာပဲ”
“ကိုယ့်အစ်ကိုက ပုံမှန်ဆိုရင် ဘယ်ကိစ္စကိုမှ ဝင်ပါလေ့မရှိဘူး၊ ဒါပေမဲ့ သူ တစ်ခုခုလုပ်ပြီဆိုရင်တော့.. အတော်လေးကို ကြောက်စရာကောင်းတာ”
စုဝေ့ချင်းတစ်ယောက် သူ ငယ်ရွယ်ချိန်ကစာမေးပွဲများအတွက် စုဝေ့ဟိုင်က မည်သို့ စည်းကမ်းတကျ သင်ကြားပေးခဲ့သည်ကို ပြန်လည်သတိရမိသွားသည်။
ထိုအချိန်က စုဝေ့ဟိုင်မှာ အလွန်ပင် ရက်စက်လွန်းပေ၏။ စုဝေ့ချင်းက အသံများထွက်အောင် ငိုကြွေးနေလျှင်ပင် စာကိုတော့ မဖြစ်မနေ လေ့လာရသည်ပင်။
“အကြီးဆုံးအစ်ကိုက ယောက်မကို လက်ပါတာမျိုးတော့ မလုပ်ပါစေနဲ့လို့ ဆုတောင်းရမှာပဲ”
စုဝေ့ဟိုင်၏ အထုတ်အပိုးများ သယ်ဆောင်ပုံနှင့် သူ၏ သွက်လက်သောလှုပ်ရှားမှုကို မြင်ယောင်ရင်း လီရှန်းက တွေးမိရသည်။
အကယ်၍ သူတို့သာ ရန်ဖြစ်ကြလျှင် ဝူလီ၏ သေးသွယ်သော ခန္ဓာကိုယ်လေးက သေချာပေါက် ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။
စုဝေ့ချင်းက ချက်ချင်းပင် ခေါင်းခါပြလိုက်၏။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ၊ ကိုယ်တို့မိသားစုက အမျိုးသားတွေထဲမှာ ဇနီးမယားကို ရိုက်နှက်တဲ့သူ တစ်ယောက်မှ မရှိဘူး”
သူက အထင်လွဲခံရမည်ကို စိုးရိမ်နေသည့်အလား ပြန်ကြည့်လိုက်သည်။
“ဒါပေမဲ့ ဒီနေ့ မရီးရဲ့ ပုံစံကိုကြည့်ရတာ အကြီးဆုံးအစ်ကိုက သူမကို ဘာတွေပြောလိုက်လဲဆိုတာ ကိုယ် တကယ် သိချင်မိတယ်၊ သူမရဲ့ သဘောထားက အရမ်းကို မြန်မြန်ဆန်ဆန် ပြောင်းလဲသွားတာပဲ”
သူမ၏ စိတ်ရင်းမှန်သည်ဖြစ်စေ၊ မမှန်သည်ဖြစ်စေ အနည်းဆုံးတော့ တစ်စုံတစ်ရာသော အမူအရာ ပြောင်းလဲမှုကို ပြသလာခဲ့သည်။
စုဝေ့ချင်းသည်လည်း အလွန်ပင် သိချင်စိတ် ပြင်းပြနေ၏။
စုဝေ့ဟိုင်နှင့် ပတ်သက်၍ သူ၏ ထင်မြင်ချက်မှာ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ဇနီးဟောင်းနှင့် ကွာရှင်းစဉ်က မြင်တွေ့ခဲ့ရသည့် ပုံရိပ်ပေါ်တွင်သာ ရှိနေဆဲဖြစ်သည်။
ထိုအချိန်က စုဝေ့ဟိုင်မှာ အလွန်ပင် ပြတ်သားပြီး မည်သို့မျှ တုန်လှုပ်ခြင်း မရှိခဲ့ချေ။ စက်ရုံမှူးကိုယ်တိုင် လာရောက် ဖျောင်းဖျနားချခဲ့သော်လည်း သူ၏အစ်ကိုဘက်မှ သဘောထားတစ်ခုတည်းသာ ရှိခဲ့ပေသည်။
ကွာရှင်းမည်။
မည်သည့် လျှော့ပေါ့ညှိနှိုင်းမှုမျိုးကိုမျှ လက်မခံခဲ့ချေ။
“အဲဒီညက အဖေက ဘယ်လိုမျိုး ပြောလိုက်တာလဲဆိုတာတော့ ကိုယ်မသိဘူး”
သို့သော် အကျိုးသက်ရောက်မှုက အံ့ဩစရာကောင်းလောက်အောင် ကောင်းမွန်လွန်းပေ၏။
“... အစတုန်းက ကိုယ်တို့ လက်ထပ်ပြီးမှ အကြီးဆုံးအစ်ကိုကို အဲဒီအကြောင်း ပြောပြမယ်လို့ အဖေက တွေးထားတာ၊
ဒါပေမဲ့ (၂၄)ရက်နေ့ညက မင်း ကိုယ်တို့ရဲ့အိမ်မှာ ထမင်းလာစားတယ်လေ”
စုဝေ့ချင်းက သူ အနည်းငယ် သိထားကြောင်း အရိပ်အယောင် ပြလိုက်သည်။
လီရှန်းကလည်း ချက်ချင်းပင် အနားသို့ တိုးကပ်ကာ နားစွင့်လိုက်လေ၏။
“အဲဒီညက အစ်ကိုက ရှောင်ချန်နဲ့ ရှောင်ကျွင့်တို့ကို သစ်သားတုံးလေးတွေနဲ့ ကစားပေးချင်နေတာ၊ ဒါပေမဲ့ မရီးက အပြင်ဘက်မှာ ပဲငံပြာရည်သွားဝယ်ဦးဆိုပြီး သူ့ကို လှမ်းခေါ်လိုက်တယ်လေ
အဖေက အဲဒါကို မကျေမနပ်ဖြစ်သွားပြီး အစ်ကို့ကို အခန်းထဲခေါ်ပြီး အကျိုးအကြောင်း ပြောပြလိုက်တာပဲ”
“ကိုယ့်အစ်ကိုက ပုံမှန်ဆိုရင် ကိစ္စရပ်တွေကို သိပ်ပြီး စီမံခန့်ခွဲလေ့မရှိပေမဲ့ သူ တစ်ခုခုလုပ်ပြီဆိုရင်တော့ အတော်လေး ထိရောက်တယ်”
လီရှန်းက မျက်မှောင်ကြုတ်လိုက်သည်။
“အကြီးဆုံးအစ်ကိုက အရင်တုန်းက မရီးရဲ့ ပုံမမှန်တာတွေကို တစ်ခုမှ သတိမထားမိခဲ့ဘူးလား”
“သူ အဲလိုဖြစ်မယ်လို့မထင်ထားခဲ့ဘူးလေ”
စုဝေ့ချင်းက ခဏမျှ စဉ်းစားပြီးမှ ခေါင်းခါပြလိုက်သည်။
“သူ ဘာမှ ရှာမတွေ့ခဲ့တာ ဖြစ်လိမ့်မယ်လို့ ကိုယ်ထင်တယ်”
စုဝေ့ဟိုင်နှင့် သူ၏ ဇနီးဟောင်းတို့က ရှောင်ကျွင့် အသက်တစ်နှစ်ပင် မပြည့်သေးခင် ကွာရှင်းခဲ့ကြခြင်း ဖြစ်၏။ သူသည်က လွန်ခဲ့သော နှစ်နှစ်၊ သုံးနှစ်ခန့်အထိ တစ်ကိုယ်တည်း နေထိုင်ခဲ့ပြီး ယခုနှစ်မှသာ ရဲဘော် လော်ယွီရှို့က အိမ်ထောင်ပြုရန် မကြာခဏ တိုက်တွန်းနေခဲ့သောကြောင့် ဝူလီကို ရွေးချယ်ကာ လက်ထပ်ခဲ့ခြင်းဖြစ်ပေသည်။
ဝူလီမှာ ပိုင်မားခရိုင် ဇာတိဖြစ်ပြီး သူမက ပြတ်သား၍ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသော စရိုက်ရှိသူ ဖြစ်၏။
သူမသည်က သူမ၏ မိဘအိမ်နှင့် ဆက်ဆံရေး ကောင်းမွန်ခြင်း မရှိခဲ့ချေ။
စုဝေ့ဟိုင်က ဝူလီ၏ ထိုအချက်ကို မြင်ခဲ့သောကြောင့်ပင် သူမကို လက်ထပ်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
စုဝေ့ဟိုင်သည်ကား အိမ်ထောင်မပြုမီကပင် သူ၏အခြေအနေများကို ဝူလီထံသို့ အသေးစိတ် ပြောပြခဲ့ဖူးလေသည်။
အထူးသဖြင့် သူ၏အလုပ်က သုတေသီတစ်ဦးဖြစ်သောကြောင့် အလုပ်များလွန်းသည့်အချိန်မျိုးတွင် တစ်လ၊ နှစ်လခန့် အိမ်သို့မပြန်နိုင်သည်အထိ ဖြစ်တတ်ကြောင်းကို ကြိုတင်ရှင်းပြခဲ့၏။
ထို့ကြောင့် သူက ဝူလီအနေဖြင့် ကလေးနှစ်ယောက်ကို ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်ပေးနိုင်ရန် မျှော်လင့်ခဲ့ပြီး ဝူလီကလည်း သဘောတူခဲ့ပေသည်။
သို့ဖြစ်၍ လက်ထပ်ပြီး ရက်အနည်းငယ်အတွင်းမှာပင် ဝူလီက စိတ်ပြောင်းသွားလိမ့်မည်ဟု စုဝေ့ဟိုင်တစ်ယောက် ထင်မှတ်ထားခဲ့ပုံမရချေ။
ဆိုရလျှင် ဝူလီ၏ နည်းလမ်းများက အလွန်အမင်း နက်နဲသိမ်မွေ့လှသည်တော့ မဟုတ်ပေ။
ဘေးမှကြည့်နေသူတစ်ဦးအတွက် အခြေအနေက ပို၍ပေါ်လွင်ထင်ရှားသောကြောင့် သူမ၏ အရိပ်အယောင်များကို ရှာဖွေတွေ့ရှိရန် လွယ်ကူလွန်းသည်။
သို့သော်လည်း ကာယကံရှင်ဖြစ်သူ စုဝေ့ဟိုင်သည်ကား သူ၏ အိမ်ထောင်ဖက်ကို ယုံကြည်ထားသူဖြစ်သောကြောင့် အမှန်တရားကို သိရှိနိုင်ရန်မှာ အတော်လေး ခဲယဉ်းနေခဲ့ခြင်းဖြစ်၏။
စုဝေ့ချင်းက စကားအဆုံးတွင် အမြန်ပင် ပြန်လည်ရှင်းပြလိုက်သည်။
“ကိုယ်က ကိုယ့်အစ်ကိုဘက်ကနေ ကာကွယ်ပြီးပြောနေတာ မဟုတ်ပါဘူး၊ သူက.. သူက သိပ်ပြီး သတိမမူမိတတ်လို့ပဲ၊ ကိုယ့်ရဲ့အစ်ကိုက သုတေသီတစ်ယောက်ဆိုတာ မင်းသိတယ်မလား”
လီရှန်းက သိရှိကြောင်း အရိပ်အယောင် ပြလိုက်သည်။
စုဝေ့ဟိုင်သည်က သုတေသီတစ်ဦးဖြစ်ရုံသာမက ဆေးဝါးကုမ္ပဏီတစ်ခု၏ သုတေသီလည်း ဖြစ်ပေ၏။
သို့သော် ထိုသည်က သူ၏မိသားစုဘဝနှင့် မည်သို့သက်ဆိုင်မည်နည်း။
“အခုက နှစ်ကုန်ခါနီးဖြစ်နေလို့သာ အိမ်မှာပြန်နေပြီး အလုပ်လုပ်နေရတာလေ၊ ဒီအချိန်က သုတေသနဌာနမှာ အလုပ်သိပ်မများသေးဘူး၊
ပုံမှန်ဆိုရင် သူတို့က ပရောဂျက်အသစ်တစ်ခုခု လက်ခံလိုက်ပြီဆိုရင် လနဲ့ချီပြီး သုတေသနဌာနမှာပဲ အိပ်၊ သုတေသနဌာနမှာပဲ စားရတာ၊ အိမ်ပြန်ဖို့တောင် အချိန်ရှိတာ မဟုတ်ဘူး
စဉ်းစားကြည့်၊ လွန်ခဲ့တဲ့ လနည်းနည်းလောက်က အိမ်ကိုပြန်လာတုန်းက ကလေးက ရင်ခွင်ထဲမှာပဲ ရှိသေးတယ်၊ နောက်လနည်းနည်းကြာလို့ အိမ်ကိုပြန်လာတဲ့အချိန်ကျတော့ ကလေးက လမ်းလျှောက်နေပြီ
မျက်စိတစ်မှိတ်အတွင်းမှာပဲ ကလေးက ကျောင်းတက်နေပြီ”
စုဝေ့ချင်းက စုတ်နှစ်ချက်ခန့်သပ်ကာ ခေါင်းခါလိုက်သည်။
“ကိုယ့်အစ်ကိုကတော့ အဖေလုပ်ရတာ တကယ်ကို သက်သောင့်သက်သာ ရှိလွန်းတယ်”
ကလေးများကို ကြည့်ပေးမည့်သူ ရှိနေသောကြောင့် သူ၏အလုပ်မှာလည်း အဆင်ပြေချောမွေ့နေခြင်း ဖြစ်ပေ၏။
သူ့အနေဖြင့် မည်သည့်အရာကိုမျှ စိုးရိမ်ပူပန်နေရန် မလိုသောကြောင့် ဝူလီ၏ အကြံအစည်လေးများကိုပင် သတိမထားမိခဲ့ချေ။
ယခုအချိန်တွင်တော့ စုဝေ့မင်က အကျိုးအကြောင်း ထောက်ပြလိုက်ပြီဖြစ်၍ စုဝေ့ဟိုင်အနေဖြင့် ပြန်လည်စဉ်းစားကြည့်ရုံမျှဖြင့် အဖြေကို အလွယ်တကူ သိရှိသွားနိုင်ခဲ့သည်။
ယခုအချိန်တွင် သူက ဒေါသထွက်သွားပြီဖြစ်၍ ဝူလီအနေဖြင့် ဤအိမ်ထောင်ရေးကို ဆက်လက်ထိန်းသိမ်းလိုပါက သူမ၏ သဘောထားကို မဖြစ်မနေ ပြောင်းလဲရတော့မည်ဖြစ်၏။
မည်သို့ပင်ဖြစ်စေ စုဝေ့ဟိုင်သည်က သူအလိုမရှိလျှင် မည်သူ့ကိုမဆို ပြတ်သားစွာ ကွာရှင်းနိုင်သည့် ရက်စက်တတ်သူတစ်ဦး ဖြစ်ပေသည်။
အကယ်၍ သူသာ လူမှုအသိုင်းအဝိုင်း၏မျက်နှာကို ငဲ့ကွက်နေသူဖြစ်ပါက မူလကတည်းက သူ၏ဇနီးဟောင်းနှင့် ကွာရှင်းခဲ့လိမ့်မည် မဟုတ်ချေ။
***