ကျန်းဟုန်မေ့က လီရှန်း ရောက်လာသည်ကိုမြင်လျှင် ချန်ဖန်းကို ပန်းကန်လုံးအလွတ်တစ်လုံး ယူခိုင်းလိုက်ပြီး လတ်လတ်ဆတ်ဆတ် ကြော်ထားသော အသားလုံးလေးတချို့ကို ထည့်ပေးလိုက်သည်။
“ဒါလေးတွေ ယူပြီး စားလိုက်ဦး၊ ပူဦးမယ်နော် သတိထားပြီးစား”
“ကျေးဇူးတင်ပါတယ် ဒေါ်လေး”
လီရှန်းက ပန်းကန်လုံးကိုယူကာ ကျန်းဟုန်မေ့ကို ချိုသာစွာ ပြုံးပြလိုက်၏။
ချန်ဖန်းကလည်း ဘေးနားရှိ အအေးစာပန်းကန်ထဲမှ ကြက်သားတုကြော်*တို့ကို ထည့်ပေးလိုက်သည်။
ယခုခေတ်ကာလတွင် ပဲထွက်ကုန်များက ဈေးကြီးလွန်းပြီး ပုံမှန်အားဖြင့် တို့ဖူးနှင့် ပဲပြားခြောက်များကိုသာ ရရှိနိုင်သည်။ ကြက်သားတုကဲ့သို့သော ဟင်းလျာများကိုတော့ အေးစက်သော ရာသီဥတုတွင် ကြာရှည်သိမ်းဆည်းထားနိုင်သောကြောင့် တရုတ်နှစ်သစ်ကူးကာလအတွင်း၌ အမြောက်အမြား ပြုလုပ်လေ့ရှိကြ၏။
ကြက်သားတုကို ပဲငါးပိရည်၊ ရှာလကာရည်တို့နှင့် ရောနယ်ထားသော ဟင်းမှာ အကောင်းဆုံး အအေးစာတစ်ခွက်ပင် ဖြစ်ပေသည်။
အရေးကြီးဆုံးအချက်မှာ ထိုဟင်း၏ဈေးနှုန်းက မကြီးပါချေ။ အနည်းဆုံးတော့ အသားထက် ဈေးသက်သာပေ၏။
“နည်းနည်းပဲစားတော့နော်၊ နေ့လယ်စာ စားချိန်နီးပြီ”
ဖန်ချင်း လှည့်ကြည့်လိုက်လျှင် လီရှန်းက မီးဖိုဘေးရှိ ခုံပုလေးပေါ်တွင် ထိုင်ကာ ပန်းကန်လုံးကြီးကိုကိုင်လျှက် စားသောက်နေသည်ကို မြင်လိုက်ရသည်။
“မင်း မနက်စာ မစားဘဲလာခဲ့တာလား၊ ရှောင်စုအတွက်လည်း နည်းနည်း သွားပေးလိုက်ဦးလေ”
လီရှန်းလည်း ကိုယ်ကိုမတ်လိုက်ပြီး ပြတင်းပေါက်မှတစ်ဆင့် လှမ်းကြည့်လိုက်လျှက် အလွန်လေးနက်သော မျက်နှာအမူအရာဖြင့် ဖဲကစားနေသည့် စုဝေ့ချင်းကို မြင်တွေ့လိုက်ရသောကြောင့် ခေါင်းခါပြလိုက်၏။
“ထားလိုက်ပါတော့ ၊သူ အခု အလုပ်ရှုပ်နေတာလေ”
“အဆောင်က ပစ္စည်းတွေ အကုန်သိမ်းပြီးပြီလား၊ သိမ်းပြီးပြီဆိုရင် ဒီနေ့ နေ့လယ်ပိုင်းကျရင် မင်းရဲ့ဦးလေးတို့နဲ့ တခြားလူတွေကို ပစ္စည်းရွှေ့ဖို့ ကူခိုင်းလိုက်မယ်”
လီရှန်းက ခေါင်းခါပြလိုက်သည်။
“အကုန်လုံး ရွှေ့ပြီးသွားပြီ၊ စုမိသားစုအိမ်ကိုပဲ တိုက်ရိုက်ရွှေ့လိုက်တာ၊ သဘက်ခါကျရင် လက်ထပ်တော့မှာပဲလေ၊ လက်ထပ်ပြီး နောက်တစ်ရက်ကျမှ ပစ္စည်းတွေကို စပြီးနေရာချကြတော့မယ်”
“မင်းကတော့ တကယ်ကိုမရှက်တတ်ဘူးပဲ”
ဖန်ချင်းတစ်ယောက် ပြောစရာစကားပင် ပျောက်ရှသွားရပေသည်။
မည်သို့ပင်ဖြစ်စေ လီရှန်းသည်က အိမ်ထောင်မပြုဖူးသေးသည့် အပျိုမိန်းကလေးတစ်ဦးသာ ဖြစ်ပေ၏။
ဤသည်ကို အိမ်ထောင်ရေးကိစ္စအတွက် အဘယ်ကြောင့် ဤမျှ ပေါ့ပေါ့ပါးပါးနှင့် သဘာဝကျကျ ပြောဆိုနေနိုင်ရပါသနည်း။
လီရှန်းကိုယ်တိုင်လည်း သူမ၏ အမူအရာက တည်ငြိမ်လွန်းနေပြီး မင်္ဂလာဦးသတို့သမီးတစ်ဦးတွင် ရှိသင့်သည့် ရှက်ရွံ့မှုမျိုး မရှိနေသည်ကို ခံစားမိပေသည်။
သို့သော် သူမလည်း မတတ်နိုင်ချေ။ သူမသည်က အမှန်တကယ်ပင် စိတ်အေးချမ်းနေပြီး ဤကိစ္စများကို အမြန်ဆုံး အဆုံးသတ်ကာ အေးချမ်းသော ဘဝတစ်ခုကိုသာ ဖြတ်သန်းချင်နေခဲ့သည်။
အကယ်၍ ရင်ခုန်ရမည်ဆိုလျှင်လည်း...
ဖြစ်နိုင်ပေ၏။
သို့သော် သူမက လက်ထပ်မှတ်ပုံတင် လက်မှတ်ထိုးချိန်ကတည်းက အလွန်အမင်းရင်ခုန်ခဲ့ပြီးသား ဖြစ်ပေပြီ။
“ရှက်နေလို့ ဘာထူးမှာလဲ၊ ဒါက ရှန်းရှန်းရဲ့ ကောင်းကွက်တစ်ခုပဲလေ၊ ကျွန်မနဲ့တောင် တူသေးတယ်”
ကျန်းဟုန်မေ့က လီရှန်း၏ ပခုံးကို ပုတ်လိုက်သည်။
“ကျွန်မတုန်းကလည်း စင်ပေါ်မှာ ပထမဆုံး သီချင်းစဆိုတော့ နည်းနည်းလေးတောင် ရင်မတုန်ခဲ့ဘူး၊ အသံကလည်း ရှင်းလင်းပြီး ဟိန်းထွက်နေခဲ့တာပဲ”
ဖန့်ချင်း : “...”
စင်ပေါ်တက်ပြီး သီချင်းဆိုတာနဲ့ အိမ်ထောင်ပြုတာက တူပါ့မလား။
သူမ စိုးရိမ်စိတ်တချို့ဖြင့် သက်ပြင်းချလိုက်မိ၏။
ရဲဘော်ရှောင်စုက သူမ၏တူမကို ကြည့်လိုက်တိုင်း မျက်ဝန်းများက တောက်ပသွားတတ်သည်ကို သူမ သတိပြုမိသော်လည်း သူမ၏တူမကတော့ အမြဲတစေ အေးစက်ပြီး ခံစားချက်မရှိသကဲ့သို့ ဖြစ်နေတတ်သည်။
လီရှန်းက စုဝေ့ချင်းကို အမှန်တကယ်ပင် သဘောကျနေခြင်းလား သို့မဟုတ် သူမ ပြောခဲ့သော စကားများကြောင့်သာ စုဝေ့ချင်းကို လက်ထပ်ရန် ဆုံးဖြတ်ခဲ့ခြင်းလား ဆိုသည်ကိုပင် သူမ မဝေခွဲနိုင်ပေ။
ယခုအချိန်တွင် လီရှန်းနှင့် စုဝေ့ချင်းတို့ လက်ထပ်ပြီးနောက် တည်ငြိမ်အေးချမ်းသော ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ကြရန်ကိုသာ သူမ မျှော်လင့်နိုင်တော့သည်။
နေ့လယ်စာစားချိန်တွင် ကျန်းချောင်နှင့် သူ၏ဝမ်းကွဲညီအစ်ကိုများ ပြန်ရောက်လာခဲ့ကြသည်။
ကျန်းချောင်၏ အစ်ကိုနှစ်ဦးမှာ ပညာတတ်လူငယ်များအဖြစ် ကျေးလက်ဒေသသို့ သွားရောက်နေကြသောကြောင့် ယခုအချိန်တွင် ကျန်းချောင်ကသာ မိသားစုထဲတွင် အကြီးဆုံးအစ်ကိုဖြစ်နေပြီး သူ၏အောက်တွင် ကလေးငယ်များစွာ ရှိနေခဲ့၏။
ထိုညီအစ်ကိုများမှာ စုဝေ့ချင်းအပေါ် အလွန်ပင် မကျေမနပ်ဖြစ်နေခဲ့ကြပေသည်။
သို့သော် လီရှန်းက မနက်ဖြန်တွင် လက်ထပ်တော့မည်ဖြစ်၍ သူတို့က မည်သည့်စကားကိုမှ မပြောတော့ဘဲ စုဝေ့ချင်းကို သတိပေးစကား အနည်းငယ်သာ ပြောလိုက်ကြလေသည်။
ထမင်းဝိုင်းက အိမ်ရှင်နှင့် ဧည့်သည်နှစ်ဖက်လုံးအတွက် စိတ်ချမ်းမြေ့ဖွယ် ကောင်းနေခဲ့သည်။
ထမင်းစားပြီးနောက် နောက်နေ့အတွက် မင်္ဂလာပွဲ အစီအစဉ်များကို စတင်ဆွေးနွေးခဲ့ကြသည်။
ကျန်းမိသားစုက လီရှန်းအတွက် ပြင်ဆင်ပေးထားသည့် ခန်းဝင်ပစ္စည်းများကို မြင်လိုက်ရလျှင် စုဝေ့ချင်းတစ်ယောက် ချက်ချင်းပင် စိုးရိမ်တကြီး ဖြစ်သွားရလေ၏။
“ကျွန်တော် အခုပဲ အိမ်ကိုပြန်ပြီး ထောက်ပံ့ပို့ဆောင်ရေးဌာနကို ဆက်သွယ်လိုက်မယ်၊ သူတို့ဆီက ကားအသေးတစ်စီးလောက်ငှားမှာဖြစ်လိမ့်မယ်ထင်တယ်”
ခန်းဝင်ပစ္စည်းများထဲတွင် ဂွမ်းစောင် ကြီးငါးထည်ပင် ပါဝင်နေပေသည်။
ကြီးမားသော မှန်တင်ခုံများမှသည် သေးငယ်သော ရေခွက်များအထိ အရာအားလုံး စုံလင်နေခဲ့၏။
ဂွမ်းစောင်အသစ် နှစ်ထည်ရရှိရန်အတွက် ဝါဂွမ်းလက်မှတ်များကို ခက်ခက့ခဲခဲ ရှာဖွေခဲ့ရသော စုမိသားစုနှင့် မတူဘဲ ကျန်းကျူးရိသည်က သူ၏ဇာတိရွာမှ ဦးလေးဖြစ်သူကို အနီးနားရှိကျေးရွာများမှ ဂွမ်းများ စုဆောင်းခိုင်းခဲ့သည်။
ဤဂွမ်းစောင်များမှာ လတ်လတ်ဆတ်ဆတ် ပြုလုပ်ထားသော ဂွမ်းစောင်များဖြစ်ပြီး အတော်လေးလည်း လေးလံလှပေ၏။
ကြည့်ရုံနှင့်ပင် အလွန်နွေးထွေးမည်ဖြစ်ကြောင်း သိမြင်နိုင်သည်။
ဇနီးမောင်နှံနှစ်ဦးအတွက် စောင်များသာမကဘဲ နောင်တစ်ချိန် ကလေးရလာလျှင်ပင် အသုံးပြုရန် လုံလောက်နေခဲ့သည်။
လီရှန်းသည်လည်း ထိုပစ္စည်းများကို ကြည့်ပြီး အလွန်စိတ်လှုပ်ရှားသွားခဲ့ရ၏။
“ငါတို့ရဲ့ ရှန်းရှန်းက မိဘအရင်းတွေနဲ့ သိပ်ပြီးမနီးစပ်ဘူးလို့ မတွေးနဲ့နော်၊ ငါတို့အားလုံးက သူ့ကို သမီးအရင်းလေးလိုပဲ သဘောထားကြတာ၊ နောက်ပိုင်း သူမကို နှိပ်စက်ဖို့ လုံးဝမစဉ်းစားလိုက်နဲ့”
ကျန်းကျူးရိက စုဝေ့ချင်း၏ နောက်ကျောကို ပုတ်ပြီးပြောလိုက်လေသည်။ သူ၏ စကားများမှာ စနောက်နေသကဲ့သို့ ထင်ရသော်လည်း အမှန်တကယ်တမ်းတွင် အလွန်ပင် လေးနက်နေခဲ့လေ၏။
ဤခန်းဝင်ပစ္စည်းများ၊ လူကြီးမိဘများ၏ သတိပေးစကားများနှင့် ကျန်းချောင်၏ စကားများက လီရှန်းအတွက် ရှေ့ဆက်လျှောက်ရမည့်ဘဝအတွက် အားကိုးအားထားပြုရမည့် ယုံကြည်ချက်များ ဖြစ်လာလိမ့်မည်။
(၁၂)လပိုင်း (၂၇)ရက်နေ့တွင် လီရှန်းက အိမ်ထဲတွင်သာနေခဲ့ပြီး တစ်နေ့တာလုံး သတို့သမီးလောင်းအဖြစ် အနားယူနေခဲ့သည်။
အိမ်မှုကိစ္စများကို လုပ်ဆောင်ရန် မဆိုထားနှင့်၊ သူမသာ မတားဆီးမိပါက ထမင်းဟင်းများကိုပင် သူမ၏ အိပ်ရာဘေးအထိ လာပို့ပေးကြမည့် အခြေအနေမျိုး ဖြစ်နေလေ၏။
(၁၂)လပိုင်း (၂၈)ရက်နေ့ မနက်တွင်တော့ လီရှန်းက ဖန်ချင်းက ကြိုတင်ပြင်ဆင်ပေးထားသော အနီရောင် ဂွမ်းကပ်အင်္ကျီကို ဝတ်ဆင်လိုက်သည်။
ဖန်ချင်းက ထိုဝတ်စုံကို ကိုယ်တိုင်ချုပ်လုပ်ပေးထားခြင်းဖြစ်ပြီး ခါးနေရာကို အနည်းငယ်ကျဉ်းပေးထားသည့်အတွက် ဂွမ်းကပ်အင်္ကျီကို ဝတ်ဆင်ထားသော်လည်း လီရှန်း၏ ခန္ဓာကိုယ်က ပိန်သွယ်၍ ချေတံရှည်များကိုလည်း ပေါ်လွင်နေခဲ့သည်။
သူမ၏ နက်မှောင်ရှည်လျားသော ဆံပင်များကို ပုံမှန်အားဖြင့် ကျစ်ဆံမြီး နှစ်ဖက်သာ ရိုးရှင်းစွာ ကျစ်လေ့ရှိသော်လည်း ယနေ့တွင်တော့ ဆံပင်များကို ဖြည်ချကာ ခေါင်းနောက်ဘက်တွင် လှပစွာ ထုံးဖွဲ့လိုက်သည်။
ရင်ဘတ်တွင် ထိုးရမည့် အနီရောင် ပန်းကြီးကိုလည်း ခေါင်းပေါ်တွင်သာ လှပစွာ ပန်ဆင်လိုက်ပေ၏။
ယခုခေတ်ကာလတွင် အလှကုန်ပစ္စည်းများ ရှားပါးလှသော်လည်း လုံးဝမရှိသည်တော့ မဟုတ်ချေ။
သူမ၏ဒေါ်လေးကျန်းဟုန်မေ့က အနုပညာအဖွဲ့မှ အဆိုတော်ဆရာမတစ်ဦးဖြစ်သည့်အတွက် အလှကုန်ပစ္စည်းများက သေချာပေါက် ရှိနေပေသည်။ သူမက မနက်အစောပိုင်းကတည်းက လီရှန်းကို မိတ်ကပ်လိမ်းပေးရန် ရောက်ရှိလာခဲ့၏။
လီရှန်းအနေဖြင့် ကျန်းဟုန်မေ့၏ အလွန်အမင်း ထူထဲစွာ လိမ်းခြယ်တတ်သောအလှအပရေးရာ အယူအဆကို ငြင်းပယ်လိုက်ပြီး သူမကိုယ်တိုင်သာ မိတ်ကပ်လိမ်းရန် ဆုံးဖြတ်လိုက်လေ၏။
ဤအတတ်ပညာမှာ ကမ္ဘာပေါင်းများစွာကို ဖြတ်သန်းခဲ့ဖူးသော လီရှန်းအတွက် အလွန်ပင်ကျွမ်းကျင်သော အရာတစ်ခု ဖြစ်ပေသည်။
သူမက မိတ်ကပ်မှုန့်များကို အလွန်အကျွံ မသုံးစွဲဘဲ နှင်းဆီခရင်မ်အချို့ကိုသာ လိမ်းလိုက်ပြီးနောက် ပေါင်ဒါမှုန့်ကိုလည်း အလွှာပါးပါးလေးသာ ပုတ်လိမ်းလိုက်ပေ၏။
ထို့နောက် မျက်ခုံးဆွဲကာ ပါးနီအနည်းငယ်လောက် ခြယ်လိုက်လေသည်။ နောက်ဆုံးတွင် နှုတ်ခမ်းနီကို လက်ချောင်းများဖြင့် ခပ်ဖွဖွလေး ပုတ်လိမ်းလိုက်သည်။
မကြာမီမှာပင် ကျန်းမာစိုပြေပြီး ထူထဲမှုမရှိသော မိတ်ကပ်လိမ်းခြယ်ထားသည့် မျက်နှာက လူတိုင်း၏ မျက်စိရှေ့တွင် ပေါ်ထွက်လာခဲ့သည်။
အထူးသဖြင့် သူမ၏ အပြစ်အနာအဆာမရှိသော မျက်နှာလေးပေါ်တွင် သူမ၏ မျက်ဝန်းများက ပို၍ပင် တောက်ပကာ အသက်ဝင်နေခဲ့သည်။
“ တကယ်ကို လှလွန်းတာပဲ”
မနက်စောစောကတည်းက သတို့သမီးအရံလုပ်ရန် အပြေးအလွှား ရောက်လာသော လီလင်းမှာ လီရှန်း၏ မျက်နှာကို ငေးကြည့်၍ ရေရွက်မိခဲ့သည်။
လီရှန်းက သူမကို တစ်ချက်လှမ်းကြည့်လိုက်သည်။
“ဒါဆိုရင် နင် မင်္ဂလာဆောင်တဲ့နေ့ကျရင်လည်း ငါပဲ မိတ်ကပ်လိမ်းပေးမယ်”
“ကောင်းတာပေါ့၊ ဘယ်လိုပဲဖြစ်ဖြစ် ရက်ပိုင်းပဲ လိုတော့တာဆိုတော့ နင်မေ့သွားမှာကို ကြောက်စရာမလိုတော့ဘူး”
လီလင်းက စနောက်နေခြင်းမဟုတ်ဘဲ အမှန်တကယ်ပင် ရိုးရိုးသားသား ပြောဆိုနေခြင်း ဖြစ်ပေ၏။ သူမက လီရှန်း၏ မိတ်ကပ်လိမ်းခြယ်မှုကို အလွန်ပင် သဘောကျနေခဲ့သည်။
အနုပညာအဖွဲ့မှ တခြားမင်းသမီးများ၏ မိတ်ကပ်များမှာ သိသိသာသာထင်းနေတတ်သော်လည်း လီရှန်း၏ အလှပြင်မှုသည်ကား သိပ်ပြီးမသိသာနေခဲ့ဘဲ အလွန်ပင် လှပသွားစေသည်။
လီရှန်း အဝတ်အစားလဲပြီးသည့်နောက်တွင် ဖန်ချင်းက သူမအတွက် ကောက်ညှင်းလုံးနှင့်သကြားရေ တစ်ခွက် ယူဆောင်လာပေးခဲ့၏။
“ကောက်ညှင်းလုံးလေးတွေ မြန်မြန်စားလိုက်ဦး၊ မင်းရဲ့ အနာဂတ်ဘဝလည်း ဒီလိုမျိုးချိုမြိန်ပြီး ပြည့်စုံနေပါစေ”
ဤသို့ မင်္ဂလာရှိသော စကားကို ဆိုပြီးနောက် ဖန်ချင်းက အပြုံးတစ်ခုနှင့် ပြောလာခဲ့သည်။
“နှုတ်ခမ်းနီတွေ ပျက်မသွားအောင် ကောက်ညှင်းလုံးတွေကို အသေးလေးတွေပဲ လုံးပေးထားတယ်”
လီရှန်းလည်း ပန်းကန်ကိုလှမ်းယူကာ ခြောက်လုံးဆက်တိုက် စားလိုက်ပြီးမှသာ ဗိုက်ပြည့်သွားခဲ့လေ၏။
***