အမှန်အတိုင်းပြောရလျှင် လက်ထပ်ပွဲကျင်းပရသည်မှာ အလွန်ပင် ပင်ပန်းလှပေ၏။
မနက်တွင်လည်းအလွန်စောစီးစွာ အိပ်ရာထရသည်။
မနက်စောစောတွင် ရေချိုး၊ ခေါင်းလျှော်ခဲ့ရပြီး၊ အဝတ်အစားလဲကာ မိတ်ကပ်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ရသည်။
ပြင်ဆင်ပြီးစီးသွားသည့်အချိန်တွင် မနက် ရှစ်နာရီ၊ ကိုးနာရီခန့် ရှိနေပေပြီ။ ထိုအချိန်တွင်ပင် စုဝေ့ချင်းလည်း ရောက်ရှိလာခဲ့သည်။ သူသည်က ကျုံးရှန်ဝတ်စုံကို ဝတ်ဆင်ထားပြီး ရင်ဘတ်တွင်လည်း အနီရောင်ပန်းပွင့်ကြီးကို ချိတ်ဆွဲထားသေးသည်။
သူ၏ဘေးတွင် ညီအစ်ကိုအပေါင်းအသင်းများ ခြံရံလျက် တံခါးမှဝင်ရောက်လာခဲ့လေသည်။
အပြင်ဘက်ရှိ ဧည့်ခန်းမဆောင်ကြီးတွင် ကျန်းမိသားစု၏ ဆွေမျိုးသားချင်းများ၊ စက်မှုယန္တယားစက်ရုံမှ အိမ်နီးနားချင်းများဖြင့် ပြည့်နှက်နေလေ၏။
ကျန်းချောင်နှင့် သူ၏ညီအစ်ကိုများက အခန်းတံခါးဝတွင် ပိတ်ဆို့ထားခဲ့ ကြသည်။ အထူးသဖြင့် ကျန်းချောင်က ခုံတန်းရှည်နှစ်လုံးကိုပင် ထပ်ကာ တံခါးပိတ်ရန် ပြင်ဆင်နေရင်းမှ ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ ကိုယ်တစ်ဝက်ထုတ်ကာ အခြေအနေကို စောင့်ကြည့်ခဲ့လေသည်။
သူက အပြင်ဘက်မှ အခြေအနေများကို လီရှန်းထံသို့ အသိပေးရန်လည်း မမေ့လျော့ခဲ့ချေ။
“ဝိုး.. ယောက်ဖက ခန်းဝင်ပစ္စည်းတွေကို သယ်ဖို့အတွက် ကားဆရာတစ်ယောက်နဲ့ ကုန်တင်ကားအသေးတစ်စီးကိုတောင် ငှားလာတာပဲ”
“ယောက်ဖက လူတွေအများကြီး ခေါ်လာတယ်”
“ဟိုလူကတော့ တကယ့်ကို သန်မာတာပဲ၊ ကြိတ်ဆုံကျောက်တုံးကြီးကိုတောင် မ,လိုက်နိုင်သေးတယ်”
“ကျဲ... ကျဲ... ယောက်ဖက ဧည့်ခန်းထဲကို ဝင်လာပြီ”
“…”
လီရှန်းတစ်ယောက် ကျန်းချောင်ကို ဆွံ့အစွာသာကြည့်နေမိတော့သည်။
ထိုကောင်လေးမှာ လွန်ခဲ့သည့် နှစ်ရက်ခန့်ကပင် ခြိမ်းခြောက်စကားများ ဆိုခဲ့သော်လည်း ယနေ့တွင်တော့ “ယောက်ဖ” ဟုပင် အလွန်ရင်းနှီးစွာခေါ်ဆိုနေချေပြီ။
သူ၏ စိတ်လှုပ်ရှားဖွယ်ရာ ဖော်ပြချက်များကို နားထောင်ပြီးနောက် လီရှန်းကိုယ်တိုင်လည်း စိတ်မရှည်ဖြစ်လာရကာ ပြတင်းပေါက်သို့ တက်ကြည့်ပြီး အပြင်တွင် မည်သည့်အရာများ ဖြစ်နေသည်ကို သိချင်စိတ် ပြင်းပြလာမိ၏။
လီလင်းသည်လည်း အလွန်ပင် စိတ်လှုပ်ရှားနေခဲ့လေ၏။ သို့သော်လည်း သတို့သမီးအရံတစ်ယောက်ဖြစ်နေသည့်အတွက် လီရှန်းနှင့်အတူ အခန်းထဲတွင်သာ စောင့်ဆိုင်းနေရပေသည်။
ထိုအချိန်တွင် အခင်မင်ဆုံးသူငယ်ချင်းနှစ်ယောက်မှာ စိတ်ခံစားချက်ချင်း တူညီနေခဲ့ကြလေ၏။
လီရှန်းက မကျေမနပ်ဖြင့် ပြောလိုက်သည်။
“နင် မင်္ဂလာဆောင်တဲ့နေ့ကျရင်တော့ ငါ အပြင်မှာနေပြီး ပွဲကိုကြည့်ဦးမယ်”
လီလင်း : “...”
သူမသည်လည်း အရံသတို့သမီး မလုပ်ချင်တော့ပေ။ သူမလည်း ထိုပျော်ပွဲရွှင်ပွဲတွင် ပါဝင်ဆင်နွှဲချင်မိသည် ။
မကြာမီမှာပင် တံခါးအပြင်ဘက်မှ စုဝေ့ချင်း၏ အသံ ထွက်ပေါ်လာခဲ့သည်။ လူအုပ်ကြီးကလည်း ဝိုင်းဝန်းအားပေးလာကြလေသည်။
စုဝေ့ချင်းက မေးခွန်းအချို့ကို ဖြေကြားပြီး ကတိကဝတ်များစွာကိုလည်း ပြုလုပ်ခဲ့လေ၏။ နောက်ဆုံးတွင် သူတို့က တံခါးဝသို့ ရောက်ရှိလာခဲ့ကြပေပြီ။
နောက်ဆုံးသော အတားအဆီးတစ်ခုမှာ စာအိတ်နီများ ပေးကမ်းရခြင်းပင် ဖြစ်သည်။
ကျန်းချောင်က အော်ဟစ်လိုက်သည်။
“ကျွန်တော်တို့ သကြားလုံးတွေ လိုချင်တယ်၊ သကြားလုံးတွေ လုံလောက်အောင် မရမချင်း တံခါးမဖွင့်ပေးနိုင်ဘူး၊ ပြီးတော့ စာအိတ်နီတွေလည်း လိုသေးတယ်၊ အထဲမှာ လူတွေအများကြီးရှိတာဆိုတော့ များများရမှ တံခါးဖွင့်ပေးမှာ”
ဤအခြေအနေတွင် စုဝေ့ချင်းသည်လည်း တခြားမည်သည့်အရာကု လုပ်နိုင်ပါမည်နည်း။
ထိုတောင်းဆိုချက်အားလုံးကိုသာ သူ ဖြည့်ဆည်းပေးနိုင်ပေတော့မည်။
သကြားလုံးမှာ သာမန်အသီးအရသာသကြားလုံးမျှသာဖြစ်သော်လည်း သူက တစ်ပေါင်ခန့်ပင် ပေးခဲ့လေ၏။
ထိုသကြားလုံးများကို တစ်ဆင့်ထည့်ထားသည့်စာအိတ်နီဖြင့် ထုပ်ပိုးထားပြီး အနီရောင်စက္ကူဖြင့်ရစ်ပတ်ကာ ချည်မျှင်အနီဖြင့် ချည်နှောင်ထားလေသည်။
ထိုအထုပ်များကို အဆုပ်လိုက်သယ်ဆောင်လာသည်မှာ အလွန်ပင် မင်္ဂလာရှိပြီး ပျော်ရွှင်စရာကောင်းလှပေ၏။
ကျန်းချောင်က သူအလိုရှိသမျှကို တောင်းဆိုခဲ့ကာ စုဝေ့ချင်းကလည်း အရာအားလုံးကိုလိုက်လျောပေးခဲ့သည်။
ကျန်းချောင်တစ်ယောက် သူရရှိသည့်အရာများကြောင့် အနည်းငယ်ပင် ရှက်ကိုရွံ့သွားရခသည်။
သူ ခုံတန်းပေါ်မှ ဆင်းလာရင်းဖြင့် ပါးစပ်ကို နားရွက်နားသို့ရောက်လုမတတ် ပြုံးကာ ထိုပစ္စည်းများကို သယ်ဆောင်လာခဲ့လေ၏။
ထို့နောက် သူ၏ညီအစ်ကိုများထံ ဝေငှပေးပြီး ပြောလိုက်လေ၏။
“တံခါးဖွင့်ပေးလိုက်ကြတော့၊ တံခါးဖွင့်လိုက်ကြတော့”
ကလေးများကလည်း ခုံတန်းလျားကို ဘေးသို့ အမြန်ဖယ်ရှားကာ တံခါးဂျောက်ကို ဖွင့်ပေးလိုက်ကြပြီး ကျန်းချောင်ရှိရာသို့ ပြေးသွားကြတော့သည်။
ယောက်ဖဆိုတာက ဘာလဲ။ သကြားလုံးက ပိုပြီးအရေးကြီးတယ်
စုဝေ့ချင်းက လူအုပ်စုကြီးဝန်းရံကာ အခန်းထဲသို့ ဝင်လာခဲ့ပြီး ခုတင်နားတွင် ထိုင်နေသော လီရှန်းကို ချက်ချင်းပင် မြင်တွေ့လိုက်ရ၏။
သူ၏မျက်နှာက ဤတစ်ခဏအတွင်း နီရဲသွားခဲ့ကာ အကြည့်လွှဲလိုက်ရလေသည်။
ဆိုရလျှင် ယနေ့တွင် လီရှန်းက အလွန်ပင် လှပနေသောကြောင့် သူမကို မြင်တွေ့နေကျဖြစ်သော သူသည်ပင် ရင်ခုန်သံများ မြန်ဆန်လာခဲ့ရသည်။
စုဝေ့ချင်း၏ သူငယ်ချင်းများနှင့် ညီအစ်ကိုများမှာလည်း ဤမြင်ကွင်းကို မြင်လျှင် အံ့ဩတကြီးဖြင့် အသက်ရှူမှားသွားကြရသည်။
အထူးသဖြင့် သူ၏ဝမ်းကွဲညီအစ်ကိုများပင် ဖြစ်ပေ၏။
သူတို့အနေဖြင့် အစပိုင်းတွင် နားမလည်နိုင်ခဲ့ကြချေ။ စုဝေ့ဟိုင်က ဒုတိယအိမ်ထောင်ဖြစ်သောကြောင့် ပိုင်မားခရိုင်မှ မိန်းကလေးတစ်ဦးနှင့် လက်ထပ်သည်ကို မတွေ့နဲ့ဦး။
အရွယ်ရောက်ကာစဖြစ်သော စုဝေ့ချင်းကပါ အဘယ်ကြောင့် ခရိုင်မြို့လေးမှ မိန်းကလေးတစ်ဦးကို လက်ထပ်ခဲ့ရသည်လဲ။
စုဝေ့ချင်းသည် ခရိုင်မြို့တွင် အလုပ်လုပ်ကိုင်နေသော်လည်း သူ၏ အိမ်ထောင်စုစာရင်းမှာ ပြည်နယ်မြို့တော်တွင် ရှိနေခဲ့သည် မဟုတ်ပါလား။
သို့သော်လည်း ယခုအချိန်တွင်တော့ သူတို့ နားလည်သွားကြပေပြီ ။
အကယ်၍ သူတို့၏ ဇနီးသည်များကသာ ဤမျှလောက် လှပနေမည်ဆိုပါက ပြည်နယ်မြို့တော်ကဖြစ်စေ၊ ခရိုင်မြို့လေးကဖြစ်စေ သူတို့ ဂရုစိုက်နေမည်မဟုတ်ပေ။
ထို့အပြင် ဤမိန်းကလေးမှာ ပြည်နယ်မြို့တော်မှ မိန်းကလေးများပင် ဝင်ခွင့်ရရန် ခက်ခဲလှသော နာမည်ကျော် ဆေးဝါးစက်ရုံတွင် အလုပ်ရထားသူ မဟုတ်ပါလား။
ဤခေတ္တအတွင်း လူအများအပြားက စုဝေ့ချင်းကို တိတ်တဆိတ် မနာလိုဖြစ်သွားကြလေသည်။
စုဝေ့ချင်းကတော့ သူ၏ညီအစ်ကိုများ မည်သည့်အရာကို တွေးတောနေသည်ကို မသိခဲ့ပါချေ။ သူက နီရဲနေသော မျက်နှာဖြင့် လီရှန်း၏ အနားသို့ လျှောက်သွားကာ စကားများပင် ထစ်ငေါ့လျက် ပြောလာခဲ့သည်။
“ရဲဘော်... ရဲဘော် လီရှန်း၊ ကိုယ် မင်းကို လက်ထပ်ဖို့ လာပြီ”
ထိုအချိန်တွင် လူတိုင်းက စကားပြောခြင်းကို ရပ်တန့်လိုက်ကြပြီး သတို့သမီးအနေဖြင့် မည်သို့တုံ့ပြန်မည်ကို သိချင်နေခဲ့ကြကာ ထိုသူနှစ်ဦးထံသို့သာ စိုက်ကြည့်နေခဲ့ကြလေ၏။
လီရှန်းက မည်သည့်စကားကိုမှ ပြန်မပြောခဲ့ဘဲ ဝိုင်းစက်တောက်ပသော မျက်ဝန်းများဖြင့်သာ စုဝေ့ချင်းကို ကြည့်နေခဲ့မိ၏။
ထို့နောက် ရှက်ရွံ့စွာဖြင့် စုဝေ့ချင်း လှမ်းပေးထားသော လက်ပေါ်သို့ သူမ၏လက်လေးကို တင်ပေးလိုက်လေသည်။
“ကောင်းတယ်...”
အခန်းထဲတွင် ဟေးခနဲ အော်ဟစ်အားပေးသံများနှင့်အတူ ပြန်လည်စည်ကားသွားပြန်သည်။
သတို့သမီးကို လက်ခံပြီးနောက် ပထမဆုံးလုပ်ရမည့်အလုပ်မှာ လက်ဖက်ရည်သောက်ခြင်းပင် ဖြစ်၏။
စားပွဲဝိုင်းကြီးတွင် ခန်းဝင်ပစ္စည်းများ သယ်ယူရန် လိုက်ပါလာကြသော လူငယ်များအားလုံး ထိုင်နေကြသည်။ အောင်သွယ်နှင့် ကျန်းကျူးရိတို့သည်လည်း သူတို့နှင့်အတူ ထိုင်နေခဲ့ကြ၏။
လီရှန်းနှင့် စုဝေ့ချင်းတို့မှာ ယနေ့၏ အဓိကဇာတ်လိုက်များဖြစ်သည့်အတွက် တောင်ဘက်သို့ မျက်နှာမူထားသော အဓိကနေရာက သူတို့အတွက် သတ်မှတ်ထားသော နေရာဖြစ်နေခဲ့သည်။
စားပွဲပေါ်တွင်တော့ နှမ်းသကြားလုံးများ၊ အကြီးအသေး အခြောက်လှန်းထားသော သစ်သီးများ၊ မက်မွန်သီး ကိတ်မုန့်များနှင့် ဘီစကစ်မုန့်များကို ပန်းကန်များဖြင့် ပြင်ဆင်ထားပြီး လူတိုင်း၏ရှေ့တွင် လက်ဖက်ရည်တစ်ခွက်စီ ရှိနေလေတော့သည်။
လက်ဖက်ရည်သောက်ပြီးနောက်တွင် အစစ်အမှန် ဇနီးမောင်နှံများဖြစ်လာသော စုံတွဲလေးက ကျန်းကျူးရိနှင့် ဖန်ချင်းတို့ကို အရိုအသေပြုကာနှုတ်ဆက်ခဲ့ကြလေသည်။
ဖန်ချင်း၏ မျက်ရည်များဝဲနေသည့် လက်မလွှတ်နိုင်သော အကြည့်များကြားတွင်ပင် လီရှန်းက စုဝေ့ချင်း၏ စက်ဘီးနောက်ထိုင်ခုံတွင် ထိုင်လိုက်လေ၏။
ကုန်တင်ကားအသေးလေး၏ နောက်ခန်းတွင်တော့ သူမ၏ ခန်းဝင်ပစ္စည်းများဖြင့် ပြည့်နှက်နေချေပြီ။
သူတို့သည်က စည်ကားသိုက်မြိုက်သော အငွေ့အသက်များနှင့်အတူ စတင်ထွက်ခွာလာခဲ့ကြပြီး ထိုလူ တန်းကြီးကလေး အဝေးသို့ တဖြည်းဖြည်း မောင်းနှင်သွားတော့သည်။
ကျန်းမိသားစုအိမ်တွင်တော့ ပွဲကြည့်ရန် ရောက်ရှိလာကြသော အိမ်နီးနားချင်းများသာ ကျန်ရစ်ခဲ့တော့၏။ ဖန်ချင်းတစ်ယောက် သူမ၏စိတ်ကို မထိန်းနိုင်တော့ဘဲ တံခါးနောက်တွင် မျက်နှာကို လက်ဝါးဖြင့်အုပ်ကာ ငိုကြွေးလေတော့သည်။
“ကောင်းပြီ၊ တော်တော့၊ မငိုပါနဲ့တော့၊ ကလေးက အိမ်ထောင်ကျတာပဲ၊ မင်းအနေနဲ့ ဝမ်းသာသင့်တာပဲလေ”
ကျန်းကျူးရိက ဖန်ချင်း၏နောကာကျောကို ပုတ်ကာ နှစ်သိမ့်ပေးနေသော်လည်း သူ၏မျက်ဝန်းများမှာလည်း နီရဲလာရလေ၏။
အခန်းထဲတွင်တော့ ဝူယွီနျန်သည်လည်း ကျန်းရူတုန်း၏ မျက်ရည်များကို သုတ်ပေးနေခဲ့ရပေသည်။
ကျန်းရူတုန်းမှာ မင်္ဂလာပွဲစကတည်းက အခန်းထဲတွင်သာ ပုန်းအောင်းနေပြီး အပြင်သို့ ထွက်မလာခဲ့ပေ။
လီရှန်း ထွက်သွားချိန်တွင်လည်း ပြတင်းပေါက်မှသာ ချောင်းကြည့်နေခဲ့သည်။
ယခု လီရှန်းက အမှန်တကယ် ထွက်သွားခဲ့ချိန်တွင် သူက ကလေးငယ်တစ်ဦးကဲ့သို့ ပြန်လည်ငိုကြွေးနေပြန်၏။
ဝူယွီနျန်တစ်ယောက် ဤမျှလောက် ခေါင်းမာပြီး စိတ်နှလုံးနူးညံ့လွန်းသော အဘိုးကြီးကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။
စက်မှုယန္တယားစက်ရုံမှ ထွက်ခွာလာပြီးနောက် စက်ဘီးအဖွဲ့က လမ်းမပေါ်တွင် အရှိန်အဟုန်ဖြင့် မောင်းနှင်လာခဲ့ကြသည်။
ကုန်တင်ကားအသေးလေးသည်လည်း အဖွဲ့၏ နောက်ဆုံးမှ လိုက်ပါလာခဲ့သည်။
ကား၏ ရှေ့မျက်နှာစာတွင် အနီရောင်ပန်းပွင့်ကြီးကို ချည်နှောင်ထားသည့်အတွက် ခန်းဝင်ပစ္စည်းများ သယ်ဆောင်လာသော ကားဖြစ်ကြောင်း သိမြင်နိုင်ပေ၏။
ယနေ့သည်က တစ်ဆယ့်နှစ်လပိုင်း (28)ရက်နေ့ ဖြစ်သောကြောင့် ဘူတာရုံကြီးများတွင် လူများဖြင့် အလွန်စည်ကားနေခဲ့သည်။
သူတို့ အထည်အလိပ်စက်ရုံကို ဖြတ်ကျော်သွားချိန်တွင်တော့ ထိုအနားတွင် ရပ်နေကြသော လူအများအပြား၏အာရုံမှာ ထိုမင်္ဂလာယာဉ်တန်းထံသို့ ရောက်ရှိသွားခဲ့ကြလေ၏။
လီဟုန်ကျွင့်တစ်ယောက် တစ်စုံတစ်ယောက်မှ သူ၏ပစ္စည်းများကို မှားယူသွားမည်စိုးရိမ်သောကြောင့် ခေါင်းကိုငုံ့ကာ သူ၏အိတ်ကို အနားသို့ ဆွဲကပ်ထားလိုက်ပေသည်။
ထုန်လင်းက ဟန်ဆောင်ကောင်းနေဆဲပင် ။
“ဟုန်ကျွင့်၊ ရှန်းရှန်းကို သွားမခေါ်တာ တကယ်အဆင်ပြေပါ့မလား၊ အမေက မေးလာရင် ဘယ်လိုလုပ်မလဲ”
“ဘာလို့ မေးရမှာလဲ၊ သူက အခု အရွယ်ရောက်လာလို့ ငါ့ကို သူ့အဖေလို့တောင် အသိအမှတ်မပြုတော့ဘူး၊ ငါ့ဆီမှာ ဒီလိုသမီးမျိုး မရှိဘူးလို့ပဲ သဘောထားလိုက်မယ်”
***