လီရှန်း၏အကြောင်းကို ပြောလိုက်သည်နှင့် လီဟုန်ကျွင့် ဒေါသထွက်သွားတတ်လေ၏။
လွန်ခဲ့သည့် ရက်အနည်းငယ်က သူ ဒါရိုက်တာလျို့၏ အိမ်သို့ အထူးတလည် သွားရောက်ကာ လီရှန်း၏ အလုပ်ကိစ္စကို မေးမြန်းခဲ့သေးသည်။
လီရှန်း ကျောင်းဆင်းသည်မှာ တစ်လကျော်နေပြီ ဖြစ်သော်လည်း အလုပ်မဝင်သေးသောကြောင့် သူမအနေဖြင့် ဤအလုပ်ကို ဂရုမစိုက်ခြင်းကြောင့်ဖြစ်မည်ဟု သူ ထင်မြင်နေမိ၏။
ကျန်းမိသားစုက သူမအတွက် စက်မှုယန္တယားစက်ရုံတွင် အလုပ်သစ် ရှာပေးထားခြင်းဖြစ်နိုင်ပေသည်။
မည်သို့ပင်ဖြစ်စေ ကျန်းကျူးရိ၏ ကာကွယ်စောင့်ရှောက်တတ်သော အမူအကျင့်အရ လီရှန်းကို သူ၏မျက်စိအောက်တွင်သာ အလုပ်လုပ်စေမည်မှာ သေချာပေ၏။
လီဟုန်ကျွင့်အနေဖြင့် ငွေကြေးအနည်ငယ်လောက်သုံးစွဲရလျှင်ပင် ထိုအလုပ်ကို အနည်းဆုံးတော့ ပြန်ဝယ်နိုင်လိမ့်မည်ဟု တွေးထားခဲ့သည်။
သူ့ဘက်မှ လီရှန်းကိုလည်း သွားရောက်ရှာဖွေခဲ့သော်လည်း ကျန်းကျူးရိနှင့် သူ၏ဇနီးမှာ အလွန်ပင် သတိကြီးမားနေခဲ့သည်။
သူ စက်မှုယန္တယားစက်ရုံ၏ ဂိတ်ဝတွင် နှစ်ရက်တိုင်တိုင် စောင့်ဆိုင်းခဲ့သော်လည်း လီရှန်းကို မမြင်တွေ့ခဲ့ရချေ။
ထို့ကြောင့်သာ ဒါရိုက်တာလျို့ကို အကူအညီတောင်းကာ သူမနှင့် အဆက်အသွယ် လုပ်ချင်ခဲ့ခြင်း ဖြစ်ပေ၏။
မမျှော်လင့်ဘဲ ဒါရိုက်တာလျို့က လီရှန်းအနေဖြင့် ထိုအလုပ်ကို ရောင်းချလိုက်ပြီဖြစ်ကြောင်း ပြောပြလာခဲ့သည်။
လီဟုန်ကျွင့်တစ်ယောက် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး လုံးလုံးလျားလျား စိတ်ပျက်သွားခဲ့ရသည်။
သူ့အနေဖြင့် ထိုအလုပ်ကို မည်သူက ဝယ်ယူခဲ့သည်ကို ချက်ချင်းပင် မေးမြန်းခဲ့သော်လည်း ယခုတစ်ကြိမ်တွင်တော့ ဒါရိုက်တာလျို့က နှုတ်လုံနေခဲ့ပြီး တစ်လုံးမျှပင် ထပ်မပြောတော့ချေ။
လီဟုန်ကျွင့်မှာ အလွန်အမင်း ဒေါသထွက်ခဲ့သော်လည်း ပြန်ရောက်သည့်အချိန်တွင် မည်သူ့ကိုမျှ မပြောပြနိုင်ခဲ့ဘဲ ထိုဒေါသကို ရင်ထဲတွင်သာ မျိုသိပ်ထားခဲ့သည်။
ယခုအချိန်တွင် ထုန်လင်းက လီရှန်းအကြောင်းကို ရည်ရွယ်ချက်ရှိရှိလာပြောနေခြင်းက သူ၏ဒေါသကို မီးစာထည့်ပေးနေခြင်းပင် မဟုတ်ပါလား။
လီဟုန်ကျွင့်၏ စကားသံကို ကြားလိုက်ရလျှင် ထုန်လင်းတစ်ယောက် တိတ်တဆိတ် ဝမ်းသာသွားရလေ၏။
ဤသည်မှာ သူမ အလိုရှိသည့် အရာပင်ဖြစ်သည်။ လီရှန်းက လီဟုန်ကျွင့်၏ သမီးဖြစ်နေလျှင်လည်း ကိစ္စမရှိပေ။
လီဟုန်ကျွင့်က လီရှန်းကို မနှစ်သက်သရွေ့ သူသည်က အမွှာကလေးနှစ်ယောက်၏ ဖခင်သာ ဖြစ်နေပေလိမ့်မည်။
ထုန်လင်းတစ်ယောက် သူမ၏ အကြံအစည်များ အထမြောက်မည်ဟု ထင်မှတ်ကာ စိတ်ကျေနပ်နေသော်လည်း လီရှန်းက ထိုအလုပ်ကို ရောင်းချပြီးဖြစ်ကြောင်းကိုတော့ မသိရှိခဲ့ပါချေ။
လမ်းမပေါ်တွင် ကားများက သွားလာနေကြပြီး လမ်းတစ်ဖက်ခြမ်းမှ မင်္ဂလာယာဉ်တန်းကြီးက လူအများကို အာရုံစိုက်မိစေခဲ့သည်။
ကုန်တင်ကားအသေးလေးပေါ်မှ များပြားလှသော ခန်းဝင်ပစ္စည်းများကို ကြည့်ပြီး ဘေးနားရှိလူများက မနာလိုစွာဖြင့် တီးတိုးပြောနေခဲ့ကြသည်။
“ဘယ်အိမ်က သမီး လက်ထပ်တာလဲမသိဘူး၊ ခန်းဝင်ပစ္စည်းတွေကတော့ တကယ့်ကို အများကြီးပဲ”
“သတို့သားကလည်း လုံးဝမလျော့ဘူး၊ ငါ ရေတွက်ကြည့်တာ စက်ဘီးတောင်မှ အစီးတစ်ဆယ်ကျော်တယာ”
အမွှာမောင်နှမနှစ်ယောက်သည်လည်း အနည်းငယ် အားကျနေမိခဲ့ကြလေ၏။
လီချောင်က ထိုကုန်တင်ကားကို ကြည့်ပြီးပြောလာသည်။
“ခန်းဝင်ပစ္စည်းသယ်ဖို့အတွက် ကားကိုတောင် သုံးရတာလား၊ တကယ့်ကို အထင်ကြီးစရာပဲ”
လီကျူးကလည်း မျက်လုံးလေးများ တောက်ပလျက် ခေါင်းကို တဆက်ဆက်ညိတ်ကာ ပြောလာသည်။
“နောက်ပိုင်း ငါ လက်ထပ်တဲ့အချိန်ကျရင်လည်း ငါ့ရဲ့ ခန်းဝင်ပစ္စည်းတွေကို ကားနဲ့အပြည့် သယ်ချင်တယ်”
“ဟမ့်..”
လီချောင်က နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်၏။
သူ့အနေဖြင့် လီကျူးအတွက် ဤမျှများပြားသော ခန်းဝင်ပစ္စည်းများကို ပေးနိုင်မည်မဟုတ်ပေ။ သူသည်က လီကျူးနှင့် အသက်တူသော်လည်း လီကျူးအတွက် ခန်းဝင်ပစ္စည်းဝယ်ပေးမည့် ငွေရှိပါက သူ လက်ထပ်သည့်အချိန်တွင်သာ သုံးပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ သူ၏မိခင်က လီမိသားစုတွင် ရှိသမျှ အရာအားလုံးက သူ့အတွက်သာဖြစ်သည်ဟု ပြောထားသည်မဟုတ်ပါလား။
“သတို့သမီးက ဘယ်လိုပုံစံလဲ သိချင်လိုက်တာ၊ သတို့သားကတော့ တကယ့်ကို ချောတာပဲ”
လမ်းတစ်ဖက်ခြမ်းမှ သတို့သမီးမှာ သူတို့ရှိနေသည့်ဘက်ကို ကျောခိုင်း၍ စက်ဘီး၏နောက်တွင် ထိုင်နေသောကြောင့် သူမ၏ ကျော့ရှင်းသော နောက်ကျောအလှကိုသာ မြင်တွေ့ရပေသည်။
သတို့သားသည်ကား ခေါင်းကို မော့ကာ၊ ရင်ဘတ်ကို ကော့ထားခဲ့ပြီး ဂုဏ်ယူဝင့်ကြွသော မျက်နှာအမူအရာဖြင့် စက်ဘီးကို အားအပြည့်ဖြင့် နင်းနေခဲ့သည့်အတွက် သူ၏ ချောမောသော မျက်နှာက ထင်ရှားနေခဲ့သည်။
“ကားကိုပဲ သေသေချာချာစောင့်ကြည့်ထားကြစမ်းပါ၊ ကားလွတ်သွားရင် ပြသနာတွေဖြစ်နေမယ်”
ထုန်လင်းက လီကျူး၏ လက်မောင်းကို ပုတ်ကာ လမ်းတစ်ဖက်ခြမ်းသို့ ကြည့်မနေရန် တားမြစ်လိုက်သည်။
လီကျူးလည်းနှုတ်ခမ်းကို စူလိုက်ပြီး မည်သည့်စကားကိုမှ မပြောတော့ဘဲ ကားလာမည့်ဘက်သို့သာ နာခံစွာ ကြည့်နေခဲ့၏။
ထုန်လင်းက သက်ပြင်းချကာ ကူကယ်ရာမဲ့သကဲ့သို့ ရှိနေသော်လည်း စိတ်ထဲတွင်တော့ လီရှန်းကို အငြိုးအတေးထားကာ ကျိန်ဆဲနေခဲ့သည်။
ယခင်က လီရှန်းပြဿနာများ ရှာခဲ့သဖောကြောင့် လီကျူးနှင့် လီချောင်တို့မှာ ကျောင်းတွင် အတင်းအဖျင်းများစွာကို ကြားခဲ့ရပြီး ယခုအချိန်တွင် သူတို့၏ မိခင်ဖြစ်သူနှင့်ပင် ကောင်းကောင်းမွန်မွန် စကားမပြောလိုကြတော့ချေ။
ကံကောင်းသည်မှာ သူတို့က အတော်လေး စကားကိုနားထောင်နေကြသေးသည်။
မကြာမီ ကားရောက်ရှိလာသောကြောင့် ထုန်လင်းနှင့် လီဟုန်ကျွင့်တို့လည်း အိတ်များကို ဆွဲကာ အမွှာမောင်နှမများနှင့်အတူ ကားပေါ်သို့ အတင်းတိုးဝှေ့ တက်သွားခဲ့ကြလေသည်။
သူတို့လေးယောက် ကားပေါ်သို့ တက်နိုင်ခဲ့သော်လည်း ခရီးသည်များဖြင့် အလွန် ပြည့်နှက်နေသည်ကို တွေ့ရ၏။ ထို့ကြောင့် သူတို့အနေဖြင့် ကားထဲမှ လူသွားရာလမ်းကြားတွင်သာ ရပ်နေကြရပြီး ထိုင်ခုံပင် မရရှိခဲ့ကြချေ။
ထုန်လင်းက လီချောင်ကို လှမ်းခေါ်လိုက်သည်။
“လာခဲ့ ချောင်ချောင်၊ ဒီအိတ်ပေါ်မှာ ထိုင်လိုက်”
လီကျူးက နှုတ်ခမ်းကို စူထော်ထားပြီး မည်သည့်စကားကိုမှမပြောခဲ့သော်လည်း သူမ၏ မျက်နှာမှာ အလွန်ပျက်ယွင်းနေချေပြီ။
သို့သော် ထုန်လင်းက သူမ၏မျက်နှာကို သတိမထားမိဘဲ လီကျူး၏ နောက်တွင် ရပ်နေသော လီချောင်ကိုသာ ခေါ်နေခဲ့သည်။
လီချောင်သည်လည်း လီကျူးကို ဘေးသို့ တွန်းဖယ်လိုက်ပြီး အိတ်ပေါ်တွင် ချက်ချင်း ထိုင်ချလိုက်လေသည်။
အခြားတစ်ဖက်တွင်တော့ ကုန်တင်ကားအသေးလေးမှာ စက်ဘီးအဖွဲ့၏ နောက်မှ လိုက်ပါရင်း ဆေးဝါးစက်ရုံ၏ ဂိတ်ထဲသို့ ဝင်ရောက်လာခဲ့သည်။
အစပိုင်းတွင် စုဝေ့ချင်းအပေါ် သံသယရှိခဲ့ကြသော ဆွေမျိုးများမှာ ကားနောက်ခန်းရှိ ခန်းဝင်ပစ္စည်းများကို မြင်လိုက်ရပြီးနောက် ချက်ချင်းပင် တိတ်တ်ဆိတ်သွားကြပြီး စကားလုံးများ ပြောင်းလဲသွားကြတော့၏။
စုဝေ့ချင်း၏ အဒေါ်ဖြစ်သူက လော်ယွီရှို့၏ လက်ကို ကိုင်ကာ ပြောလာလေ၏။
“အိုက်ယား၊ နင့်ရဲ့ အငယ်ဆုံးချွေးမလေးရဲ့ မိသားစုက ဘာတွေလုပ်တာလဲ၊ ခန်းဝင်ပစ္စည်းတွေက အံ့ဩစရာကောင်းလောက်အောင် များပြားလွန်းနေတာပဲ”
ယခင်က ယောက်မဖြစ်သူ၏ စကားနာထိုးတတ်မှုများကြောင့် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရသော လော်ယွီရှို့သည်ကား ယခုအချိန်တွင် ဂုဏ်ယူဝင့်ကြွားစွာဖြင့် မျက်ခုံးကိုပင့်မ၍ပြောလာသည်။
“သူမက သာမန်အလုပ်သမားမိသားစုကပါပဲ၊ ဒါပေမဲ့ သူမရဲ့ မိသားစုက အင်အားတောင့်တင်းတယ်လေ၊ သူမရဲ့ဝမ်းကွဲတွေ အားလုံးကလည်း သားယောက်ျားလေးတွေချည်းပဲ ၊
သူမတစ်ယောက်တည်းပဲ မိန်းကလေးပါလာတာဆိုတော့ မိသားစုတွေ အားလုံးက ဝိုင်းဝန်းပြီး ပံ့ပိုးပေးကြတယ်၊ ဒါကြောင့် ခန်းဝင်ပစ္စည်း နည်းနည်းပိုများနေခဲ့တာ”
တကယ်တမ်းတွင်လည်း မိသားစုတစ်ခုတွင် သားနှင့် မြေးယောက်ျားလေးများသာ များပြားပြီး သမီးမိန်းကလေး နည်းပါးမည်ဆိုပါက ထိုမိန်းကလေးအနေဖြင့် ပိုမို အလိုလိုက်ခံရတတ်သည် မဟုတ်ပါလား။
သို့သော်လည်း ဤမျှပမာဏများပြားသော ခန်းဝင်ပစ္စည်းမျိုးကတော့ အလွန်ပင် ရှားပါးလှပေ၏။
ထို့အပြင်... သူမ၏မိသားစုက သားနှင့်မြေးများလည်း များပြားနေခဲ့သည်။
အဒေါ်ဖြစ်သူမှာ လော်ယွီရှို့၏ သားကြီးရှိရာဘက်သို့ လှမ်းကြည့်လိုက်ပြန်၏။
ထိုသူက ဒုတိယအကြိမ် အိမ်ထောင်ပြုခြင်းဖြစ်သော်လည်း ဝူလီ၏လက်တစ်ဖက်စီတွင် သားယောက်ျားလေးတစ်ယောက်စီ ရှိနေချေပြီ။
ဒုတိယသားစုဝေ့ယန်၏ဇနီးဖြစ်သူ သည်လည်း လွန်ခဲ့သောရက်အနည်းငယ်က ကျန်းမာသန်စွမ်းသော သားယောက်ျားလေးတစ်ဦး ကို မွေးဖွားခဲ့သည်ဟု သူမ ကြားသိထားရသည်။
ယခုအချိန်တွင် ချွေးမအသစ်ဖြစ်သူ လီရှန်း၏မိသားစုတွင်လည်း အစ်ကိုနှင့်မောင်များစွာရှိပြီး သူမတစ်ဦးတည်းသာ သမီးမိန်းကလေးဖြစ်ကြောင်းကို လော်ယွီရှို့က ပြောလာခဲ့သည်။ သို့ဆိုပါက သူတို့ လက်ထပ်ပြီးလျှင် သားယောက်ျားလေးများ သေချာပေါက် ရဦးမည်ဟု ဆိုလိုခြင်းပင် မဟုတ်ပါလား။
အဒေါ်ဖြစ်သူမှာ သူမ၏ အိမ်မှ မြေးမလေးများကို တွေးတောမိရင်း စိတ်မကြည်မလင်ဖြစ်သွားရလေသည်။
“ဘုရားရေ၊ သတို့သမီးအသစ်လေးက တကယ်ကို ချောမောလွန်းတာပဲ၊ ဒုတိယယောက်မ၊ ယောက်မကတော့ တကယ့်ကို ကံကောင်းတာပဲ၊ ချွေးမတွေက တစ်ယောက်ထက် တစ်ယောက် ပိုလှနေကြတာပဲမဟုတ်ဘူးလား”
ဤစကားကိုတော့ စုမိသားစုမှ တတိယမြောက်ချွေးမက ဆိုလိုက်ခြင်းဖြစ်ပေ၏။ သူမသည်က လော်ယွီရှို့နှင့် ရင်းနှီးသူဖြစ်ပြီး အမြဲတစေ ချီးမွမ်းစကားများဖြင့်သာ စတင်လေ့ရှိသည်။
သို့သော်လည်း ထိုစကားများကြောင့် ဘေးနားတွင် ရပ်နေသော ဝူလီ၏ မျက်နှာအမူအရာတို့က တင်းမာသွားရတော့၏။
တစ်ယောက်ထက်တစ်ယောက် ပိုလှနေကြတယ် ဟုတ်လား။
သူမက သားကြီး၏ဇနီးဖြစ်သည့်အတွက် ဒုတိယနှင့် တတိယမြောက် ယောက်မများက သူမထက် ပိုလှနေသည်ဟု ဆိုလိုခြင်းပင် မဟုတ်ပါလား။
တတိယမြောက် ယောက်မဖြစ်သူ လီရှန်းက အမှန်တကယ် လှပသည်ကို သူမ ဝန်ခံသော်လည်း ဒုတိယမြောက် ယောက်မကိုတော့ သူမ မမြင်ဖူးသေးချေ။
သူမက အမြဲတစေ တည်တင်းသော မျက်နှာထားရှိပြီး စုဝေ့ယန်ကလည်း သူမကို သိပ်ပြီး မနှစ်သက်ကြောင်းကိုသာ ကြားဖူးထားခဲ့၏။
အကယ်၍ သူမသာ ချုံကျိုးအထိ လိုက်မသွားခဲ့ပါက ထိုစုံတွဲမှာ ကွာရှင်းသွားနိုင်ချေရှိပေသည်။
ထို့ကြောင့် သူမအနေဖြင့် ဒုတိယယောက်မထက် ရုပ်ရည်နိမ့်ကျသည်ဟု ဝန်မခံနိုင်ပါချေ။
***