“ရှန်းရှန်းက ငယ်သေးတယ်၊ မင်းတို့တွေ သူမကို လန့်သွားအောင် မခြောက်လှန်းမိဖို့ သတိထားကြဦး”
ယာဉ်တန်းကြီး နီးကပ်လာသည်နှင့်အမျှ လော်ယွီရှို့က လူတိုင်းကို အလျင်အမြန် ပြောလိုက်ရလေ၏။
ဆိုရလျှင်ဇနီးမောင်နှံအသစ်များက အိမ်ထဲသို့ ဝင်ရောက်တော့မည်ဖြစ်သောကြောင့် သတို့သားနှင့်သတို့သမီးကို စနောက်ကျီစယ်သည့် အစီအစဉ်များ ရှိနေပေသည်။
မင်္ဂလာခန်းဆောင်တွင်လည်း ထိုအစီအစဉ်များကို စတင်ရန် စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြသော လူများဖြင့် ပြည့်နှက်နေချေပြီ။
“ယောက်မ စိတ်ပူနေတာကို ကျွန်မတို့ သိပါတယ်”
သို့သော် သူတို့က ဂရုမစိုက်ကြချေ။
လော်ယွီရှို့၏ သတိပေးစကားမှာ အခြေအနေကို ပိုမိုစည်ကားလာစေရန်သာ ပြုလုပ်လိုက်သကဲ့သို့ ဖြစ်သွားပေသည်။
စုဝေ့ချင်းက စက်ဘီးကို အောက်ထပ်တွင် တည်ငြိမ်စွာ ရပ်နားလိုက်ပြီးနောက် လီရှန်းကို အပေါ်ထပ်သို့ ခေါ်ဆောင်သွားလေသည်။
နောက်ဆုံးတွင် သူတို့က စုမိသားစု၏ အိမ်ရှေ့တံခါးဝသို့ ရောက်ရှိလာခဲ့ကြပေပြီ ။ အိမ်ထဲတွင် လူများဖြင့် ပြည့်နှက်နေခဲ့သည်။
ဧည့်ခန်းအလယ်ရှိ အဖြူရောင်နံရံပေါ်တွင် အနီရောင်အလံနှစ်ခုကို တစ်ဖက်စီတွင် ချိတ်ဆွဲထားပြီး အလံနှစ်ခုကြားတွင်မူ မင်္ဂလာနှစ်ထပ်ကိန်းသင်္ကေတအဖြစ် အနီရောင်ဖူနှစ်ထပ်စာလုံးကို ကပ်ထားလေသည်။
အနီရောင်အလံ၏အောက်တွင် စားပွဲတစ်လုံးကို ခင်းကျင်းထားပြီး အနီရောင်အဝတ်ဖြင့် ဖုံးအုပ်ထားကာ ထိုအပေါ်တွင် ပလတ်စတစ်ပန်းများ ထိုးထားသည့် ပန်းအိုးနှစ်အိုးကို တင်ထားသည်။
ထို့အပြင် ပန်းကန်အနည်းငယ်ရှိနေပြီး အမျိုးမျိုးသော မုန့်ပဲသရေစာများနှင့်အတူ မှတ်ချက်စကားများပါရှိသော စာအုပ်တစ်အုပ်ကိုလည်း တင်ထားလေတော့သည်။
ထိုနေရာမှာ မကြာမီ သူတို့နှစ်ဦး ကျမ်းသစ္စာဆိုကြမည့် နေရာဖြစ်ကြောင်း ထင်ရှားပေ၏။
စုဝေ့ချင်းက လီရှန်းကို တံခါးမှ ခေါ်ဆောင်လာခဲ့သည်နှင့် ကျမ်းသစ္စာဆိုမည့် စင်မြင့်ထံသို့ ပို့ဆောင်ပေးမည့် လူအုပ်ကြီးက ချက်ချင်းပင် ဝိုင်းအုံလာကြသည်။
သူတို့နှစ်ဦးက ခေါင်းဆောင်ကြီးများ၏ လမ်းညွှန်ချက်ကောက်နုတ်ချက်များကို ကိုင်မြှောက်ကာ အချက်အလက်တချို့ကို ရွတ်ဆိုခဲ့ကြပြီး စက်ရုံဒါရိုက်တာ၏ ရှေ့မှောက်တွင် တရားဝင် ဇနီးမောင်နှံများ ဖြစ်လာခဲ့ကြလေသည်။
ကျမ်းသစ္စာဆိုပြီးနောက်တွင် ရိုးရာဓလေ့အရ သတို့သား ၊သတို့သမီးကို စနောက်ကျီစယ်သည့် အစီအစဉ်များ ပြုလုပ်ရန် အချိန်ရောက်လာခဲ့ချေပြီ။
ယခုခေတ်ကာလ၏ မင်္ဂလာဦးည ကျီစယ်မှုများမှာ အခန်းထဲသို့ ချောင်းကြည့်ခြင်း၊ ဆူညံအောင်ပြုလုပ်ခြင်းစသည့် ရှေးယခင်က ပုံစံမျိုးနှင့် မတူတော့ပေ။
ယခုအချိန်တွင် တံခါးဝ၌သာ စနောက်ကျီစယ်ကြတော့သည်။ ကျန်းမိသားစုအိမ်ထဲတွင်ကဲ့သို့ လူငယ်တစ်ဦးက အခန်း၏ ပြတင်းပေါက်ငယ်မှတစ်ဆင့် အပြင်သို့ ချောင်းကြည့်နေခဲ့လေ၏။ သူ၏လက်ထဲတွင် အနီရောင်ချည်မျှင်ဖြင့် ချည်ထားသော သစ်သီးတစ်လုံး ရှိနေခဲ့သည်။
အတိုချုပ်ပြောရလျှင် ထိုသူမှာ လီရှန်းနှင့် စုဝေ့ချင်းတို့ ရောက်လာပြီး ထို သစ်သီးကို စားမည့်အချိန်ကို စောင့်ဆိုင်းနေခြင်းဖြစ်ပေ၏။
စုဝေ့ချင်းသည်က အလွန်ပင် ရှက်တတ်ပြီး မျက်နှာနီရဲတတ်သူဖြစ်ပေသည်။
ချည်မျှင်နီတွင် ချည်ထားသော အနီရောင် အသီးလေးကို မြင်လိုက်ရပြီး မည်သည့်အရာများဖြစ်လာတော့မည်ကို တွေးမိလျှင် သူ၏မျက်နှာက ပို၍ပင် နီမြန်းလာရ၏။
လီရှန်းသည်လည်း ရှက်ရွံ့နေပြီး ရှေ့သို့ မတိုးရဲဘဲ ရှိနေခဲ့သည်။ နောက်ဆုံးတွင် သူမက အရှေ့သို့ အတွန်းခံရပြီး စုဝေ့ချင်း၏ တစ်ဖက်ခြမ်းသို့ ရောက်ရှိသွားလေတော့သည်။
ဇနီးမောင်နှံအသစ်လေးက တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင်လျက် ရှိနေကြ၏။
တစ်ယောက်က ရှက်လွန်းသောကြောင့် မျက်နှာလွှဲထားပြီး နောက်တစ်ယောက်ကတော့ ကြမ်းပြင်ကိုသာ စိုက်ကြည့်နေခဲ့ကာ နှစ်ဦးလုံးက အလွန်ပင် ရှက်ရွံ့နေကြောင်းတွေ့မြင်နိုင်လေသည်။
ဤခေတ်ကာလတွင် မင်္ဂလာဦးည ကျီစယ်မှုများကို အလွန်အကျွံ မပြုလုပ်ကြပေ။ သစ်သီးဖြင့် ကျီစယ်ခြင်းက ပြဿနာမရှိသော်လည်း သတို့သားနှင့် သတို့သမီးတို့သာ လူများ၏အလယ်တွင် နမ်းရှိုက်ကြမည်ဆိုပါက လူများက အကျင့်စာရိတ္တ ပျက်ပြားသည်ဟု ပြောဆိုကြပေလိမ့်မည်။
ထို့ကြောင့် လီရှန်းနှင့် စုဝေ့ချင်းတို့က လုပ်ထုံးလုပ်နည်းအတိုင်း ခေတ္တမျှ တုံ့ဆိုင်းနေကြပြီးနောက် စနောက်ကျီစယ်ရာတွင်သုံးသည့် ပစ္စည်းကို သေးငယ်သည့် သစ်သီးလေးမှ ပန်းသီးသို့ အောင်မြင်စွာ ပြောင်းလဲလိုက်ကြသည်။
သူတို့နှစ်ယောက်လုံး ပန်းသီးကိ တစ်ကိုက်စီ ကိုက်လိုက်ကြပြီးသည့်နောက်တွင် လက်ဆောင်စာအိတ်နီလေးများကို ဝေငှပေးလိုက်ရပြန်သည်။
ထိုနောက်မှသာ တစ်ဖက်မှ အခန်းတံခါးကို ဖွင့်ပေးလိုက်ကြလေ၏။
လူငယ်တစ်စုက အခန်းထဲမှ တန်းစီလျက် ထွက်လာကြလေ၏။ မတိုင်ခင်က ပန်းသီးကို ကိုင်ထားသော လူငယ်မှာ စီးကရက်ထုပ်တချို့ကို မိခင်ဖြစ်သူ၏ ရင်ခွင်ထဲသို့ အတင်းထိုးထည့်ရင်း ပြောခဲ့သည်။
“ကျွန်တော် အစ်ကို့ရဲ့ ခန်းဝင်ပစ္စည်းတွေကို ကူသယ်ပေးလိုက်ဦးမယ်”
ထိုသို့ပြောပြီးနောက် နောက်ကျကျန်ရစ်ပြီး ကားလွတ်သွားမည်ကို စိုးရိမ်သည့်အတွက် အလျင်အမြန် ပြေးထွက်သွားလေတော့သည်။
သတို့သမီး၏ ခန်းဝင်ပစ္စည်းများကို ကူညီသယ်ယူပေးခြင်းဖြင့်လည်း လက်ဆောင်စာအိတ်နီများနှင့် စီးကရက်များကို ရရှိနိုင်သည်မဟုတ်ပါလား။
စုဝေ့ချင်းက လီရှန်းကို အခန်းထဲသို့ လိုက်ပါပို့ဆောင်ပေးပြီးနောက် ခန်းဝင်ပစ္စည်းများ သယ်ယူရန်အတွက် လူများကို ဦးဆောင်ကာ အောက်ထပ်သို့ အမြန်ပြန်ဆင်းသွားခဲ့လေသည်။
သတို့သားမှာ မင်္ဂလာဆောင်သည့်နေ့တွင် အလုပ်အရှုပ်ဆုံးလူ ဖြစ်သော်လည်း လီရှန်းသည်ကား သတို့သမီးတစ်ဦးအနေဖြင့် ရှက်ရွံ့ပြီး မျက်နှာနီရဲနေရုံမျှသာ လိုအပ်ပေသည်။
လီရှန်း၏ ခန်းဝင်ပစ္စည်းများမှာ အမှန်တကယ်ပင် များပြားလှပေ၏။
ကျန်းကျူးရိက ယွမ် (၆၀၀)၊ ကျန်းကျူးပင်းနှင့် သူ၏ဇနီးတို့က ယွမ် (၅၀၀)၊ ထို့အပြင် ကျန်းရှင်းမင်နှင့် ကျန်းဟုန်မေ့တို့ဆီမှ ရရှိသည််များ အားလုံးကို ပေါင်းလိုက်လျှင် ယွမ် (၁၅၀၀) နီးပါး ရှိသော်လည်း စုမိသားစုဘက်မှ တင်တောင်းသည့် ငွေပမာဏက ယွမ် (၁၀၀၀)သာ ရှိခဲ့သည်။
မိသားစုနှစ်ခု လက်ထပ်ထိမ်းမြားကြသည့်အချိန်တွင် သတို့သားဘက်မှ မိသားစုကို အမြဲတစေ မျက်နှာပွင့်လန်းအောင် ပြုလုပ်ပေးသင့်ပေသည်။
ထို့ကြောင့် မိသားစုဝင်အားလုံး အတူတကွ ထိုင်ကာ တိုင်ပင်ဆွေးနွေးခဲ့ကြ၏။
သူတို့က စုဆောင်းထားသည့် ငွေထဲမှ (၈၀၀)ကိုသာ ငွေကြေးအဖြစ် ပေးအပ်ရန်နှင့် ကျန်ရှိသည်များကို ခန်းဝင်ပစ္စည်းအဖြစ် အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြသည်။
မိသားစုတစ်ခုလုံးမှာ ငွေရရှိနိုင်မည့်လမ်းကို ရှာဖွေခဲ့ကြပြီး ကျန်းကျူးရိကတော့ ဂွမ်းစောင်များဝယ်ရန် သူ၏ဇာတိရွာသို့ ညတွင်းချင်းပင် သွားရောက်ခဲ့ပေသည်။
ယွမ်ရာဂဏန်းတန်ဖိုးရှိသော ခန်းဝင်ပစ္စည်းများကို သယ်ယူရန်အတွက် ကုန်တင်ကားအသေးတစ်စီး သေချာပေါက် လိုအပ်သည် မဟုတ်ပါလား။
ဝူလီသည်လည်း သူမ၏ တတိယမြောက်ယောက်မ၏ မိသားစုက ခန်းဝင်ပစ္စည်း မည်မျှပေးသည်ကို သိချင်သောကြောင့် စုချန်နှင့် စုကျွင့်တို့ကို လီရှန်း၏ရှေ့သို့ တွန်းပို့ကာ ပြောလာခဲ့သည်။
“ယောက်မ၊ ကလေးတွေကို ခဏလောက် ကြည့်ပေးထားပါဦး၊ ကျွန်မ အပြင်ကိုထွက်ပြီး ကူညီပေးလိုက်ဦးမယ်”
ထိုသို့ပြောပြီးသည်နှင့် သူမက အလျင်အမြန်ပင် ပြေးထွက်သွားလေတော့သည်။
လီရှန်းက ကလေးနှစ်ယောက်ကို ငုံ့ကြည့်လိုက်လျှင် ကလေးနှစ်ယောက်ကလည်း သူမကို မော့ကြည့်နေကြပေသည်။
“ဒေါ်လေး”
လွန်ခဲ့သည့်ရက်အနည်းငယ်က စုဝေ့ချင်း သင်ပေးထားသည်ကို မှတ်မိနေသော စုချန်က ရုတ်တရက် လှမ်းခေါ်လိုက်လေ၏။
လီရှန်း: “အင်း”
လီရှန်း သူမ၏အိတ်ကပ်ထဲမှ သကြားလုံးတစ်ဆုပ်ကို အမြန်နှိုက်ကာ စုချောင်နှင့် စုကျွင့်တို့၏ အိတ်ကပ်ထဲသို့ ထည့်ပေးလိုက်သည်။
“ဒါက ယုန်ဖြူနို့သကြားလုံးတွေနော်၊ တခြားလူတွေကို မပေးဘူး၊ မင်းတို့အတွက်ပဲ ပေးတာ”
စုမိသားစုမှ ကလေးငယ်များက သူတို့၏အိတ်ကပ်များကို အမြန်ဖုံးလိုက်ပြီး လေးနက်သော မျက်နှာထားဖြင့် ခေါင်းညိတ်ပြလာလေ၏။
သူ၏ဦးလေးဖြစ်သူက အပြင်ဘက်တွင် သကြားလုံးများ ဝေငှနေသည်ကို သူ မြင်တွေ့ခဲ့ရသည်။ သို့သော် ထိုသကြားလုံးများမှာ အသီးအရသာသကြားလုံးများသာ ဖြစ်ပေသည်။
သူ၏ဒေါ်လေးက ပို၍ သဘောကောင်းပြီး သူတို့ကို နို့သကြားလုံးများအထိပင် ပေးလာခဲ့ပေ၏။
လီရှန်းသည် သူတို့၏ဆံပင်များကို ခပ်ဖွဖွပွတ်သပ်ပေးလိုက်ပြီးနောက် စုကျွင့်၏ အကျီကော်လာကို လက်ချောင်းလေးများဖြင့် အသာမကြည့်လိုက်လျှင် အတွင်းမှ ဝတ်ဆင်ထားသော အနွေးထည်မှာ အသစ်စက်စက်ဖြစ်နေသည်ကို မြင်လိုက်ရက် စိတ်အေးသွားရသည်။
ထိုနေ့က သူတို့နှစ်ယောက် ဝူလီ၏စက်ဘီးကို စီးကာ စက်မှုယန္တယားစက်ရုံသို့ ပြန်သွားခဲ့ကြချိန်တွင် စုဝေ့ဟိုင်က ကလေးများအတွက် အနွေးထည်ဝယ်ပေးချင်နေသည်ကို သူမ မှတ်မိနေခဲ့၏။
သူမအနေဖြင့် စက်ဘီးကို စီးသွားလိုက်ပါက ဝူလီအတွက် အပြင်ငို့မထွက်ရန် ဆင်ခြေတစ်ခု ဖန်တီးပေးသကဲ့သို့ ဖြစ်သွားမည်ကို စိုးရိမ်ခဲ့သည်။
ကြည့်ရသည်မှာ စုဝေ့ဟိုင်၏ ဒေါသတကြီး အော်ဟစ်လိုက်မှုက ဝူလီကို အမှန်တကယ်ပင် ကြောက်လန့်သွားစေခဲ့ပုံရပေသည်။
ဆိုရလျှင် ဝူလီက အမှန်တကယ်ပင် ကြောက်လန့်နေခဲ့ခြင်းဖြစ်၏။
လက်ရှိတွင် ကုန်တင်ကားနှင့် အပြည့် ပါလာသော ခန်းဝင်ပစ္စည်းများကို မြင်လိုက်ရလျှင် သူမ အံ့ဩမင်သက်သွားရတော့သည်။
ဤသည်မှာ ကုန်တင်ကားအသေးစားလေးမျှသာ ဖြစ်သော်လည်း သူမ လက်ထပ်ချိန်တွင် ခန်းဝင်ပစ္စည်းမှာ စက်ဘီးတစ်စီးနှင့် နောက်ထိုင်ခုံပေါ်မှ ဂွမ်းစောင်တချို့သာ ပါဝင်ခဲ့ခြင်း ဖြစ်၏။
မူလက သူမ၏ ခန်းဝင်ပစ္စည်းတွင် စက်ဘီးတစ်စီး ပါဝင်ခြင်းကပင် အတော်လေး ကောင်းမွန်လှပြီဟု ထင်မှတ်ခဲ့သော်လည်း သူမ၏ တတိယမြောက်ယောက်မ၏ မိသားစုမှ လုပ်ဆောင်ချက်များက သူမကို အမှန်တကယ်ပင် နိမ့်ကျသည်ဟု ခံစားရစေခဲ့ပေသည်။
“လမ်းဖယ်ပေးကြပါဦး၊ လမ်းကို ပိတ်မထားကြပါနဲ့”
သူမ အတွေးများနေချိန်တွင် အရှေ့မှ စုဝေ့ဟိုင်၏ အသံကို ကြားလိုက်ရ၏။
ဝူလီ မော့ကြည့်လိုက်လျှင် ထိုသန်မာလွန်းသော သုတေသနပညာရှင် စုဝေ့ဟိုင်မှာ တွန့်ဆုတ်ခြင်းမရှိဘဲ ရှေ့ဆုံးမှနေ၍ မှန်တင်ခုံကိုသယ်ဆောင်လာသည်ကို မြင်တွေ့လိုက်ရသည်။
သူ၏နောက်တွင်မူ စုဝေ့ချင်း၏ ဦးလေးဖြစ်သူ စုဝေ့တုန်က သားသမီးရတနာ ထွန်းကားစေရန် ရည်ရွယ်သည့် ပစ္စည်းများနှင့် ထာဝရစိမ်းလန်းသော အပင်များကို ကူညီသယ်ဆောင်ပေးနေလေ၏။
ထိုသူတို့၏ နောက်ဘက်မှ ဂွမ်းစောင်များကို သယ်ဆောင်လာကြသူများမှာ စုဝေ့ချင်း၏ ဝမ်းကွဲညီအစ်ကိုများပင် ဖြစ်ချေသည်။
သူမ ဘေးသို့ အမြန်ဖယ်ပေးလိုက်လျှင် စုဝေ့ဟိုင်က အပေါ်ထပ်သို့ လျှင်မြန်လွန်းသည့်အရှိန်ဖြင့် တက်သွားခဲ့လေသည်။
စုဝေ့မင်သည်က ရေနွေးဓာတ်ဘူးနှစ်လုံးကို ကိုင်ထားကား ခန်းဝင်ပစ္စည်းများ မတော်တဆ ပျက်စီးသွားမည်ကို စိုးရိမ်စွာဖြင့် အဆက်မပြတ် ညွှန်ကြားချက်များ ပေးနေခဲ့၏။
သူ့အနေဖြင့် သူ၏ချွေးမဖြစ်သူ၏ ခန်းဝင်ပစ္စည်းများက ဤမျှအထိ များပြားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါချေ။
ထိုဂွမ်းစောင်ကြီးများကို ကြည့်ရုံမျှဖြင့်ပင် သူမ၏မိသားစုက သူမကို မည်မျှအထိ ချစ်မြတ်နိုးသည်ကို သိသာနေခဲ့ပေသည်။
***