“ဝူလီ... မင်း ဘာလို့ အောက်ကိုဆင်းလာတာလဲ”
လော်ယွီရှို့က ဝူလီ အောက်ထပ်သို့ ဆင်းလာသည်ကို မြင်လျှင် သူမကို အမြန်ဆွဲခေါ်လိုက်ပြီးပြောလိုက်လေ၏။
“မြန်မြန်အပေါ်ထပ်ကို ပြန်တက်တော့၊ မဟုတ်ရင် တစ်ယောက်ယောက်က မင်းရဲ့ပစ္စည်းတွေကို ခိုးသွားဘယ်လိုလုပ်မလဲ”
လက်ရှိတွင် ပွဲကြည့်လိုသူများက အလွန်များပြားလွန်းသောကြောင့် ပစ္စည်းတစ်ခုခု ပျောက်ဆုံးသွားပါက ရှာဖွေနိုင်မည့် နည်းလမ်းမရှိနိုင်ပါချေ။
ဝူလီတစ်ယောက် သူမ၏ စိတ်မသက်မသာ ဖြစ်နေမှုများကို ချက်ချင်းပင် ဘေးဖယ်ထားလိုက်ပြီး အပေါ်ထပ်သို့ အမြန်လိုက်တက်သွားခဲ့သည်။
သူမအနေဖြင့် မနာလိုဖြစ်မိသည်မှာ အမှန်ပင်ဖြစ်သော်လည်း သူမ၏ ခန်းဝင်ပစ္စည်းများ ပျောက်ဆုံးသွားမည်ကိုလည်း စိုးရိမ်မိသည် မဟုတ်ပါလား။
ဝူလီ ပြန်ရောက်လာသည်နှင့် တစ်ပြိုင်နက် စုချန်နှင့် စုကျွင့်တို့ကို အပြင်သို့ ခေါ်ထုတ်လိုက်၏။
စုဝေ့ဟိုင်က မှန်တင်ခုံကို အခန်းထဲသို့ လျှင်မြန်စွာ သယ်ဆောင်လာရင်းမေးလိုက်သည်။
“မှန်တင်ခုံကို ဘယ်နေရာမှာ ထားရမလဲ”
“ဒီမှာ..ဒီမှာထားမယ်”
စုဝေ့ချင်းက ခုတင်ဘေးသို့ အမြန်ညွှန်ပြလိုက်လေ၏။
“ဒီသေတ္တာကြီးကိုရော ဘယ်မှာ ထားရမလဲ”
“အဲဒါကို ခုတင်ခြေရင်းမှာ ထားလိုက်၊ ဂွမ်းစောင်ကိုတော့ ကုတင်ပေါ်မှာတင်မယ်၊ ပန်းအိုးကို စားပွဲပေါ်မှာ တင်ထားပြီး မျက်နှာသစ်ဇလုံစင်ကိုတော့ တံခါးဘေးမှာ ထားလိုက်ပါ”
စုဝေ့ချင်းတစ်ယောက် အခန်းထဲတွင် အလွန် အလုပ်များနေခဲ့ပေသည်။
ဤပစ္စည်းများမှာ အသုံးအဆောင် အကြီးစားများဖြစ်သောကြောင့် မည်သည့်နေရာတွင်မဆို စည်းမဲ့ကမ်းမဲ့ ထား၍မရပါချေ။
စုဝေ့ဟိုင်က ပထမဆုံး မှန်တင်ခုံကို ခုတင်အနီးတွင် ချထားလိုက်ပြီးနောက် သစ်သားသေတ္တာကြီးကို ခုတင်ခြေရင်းမှ လမ်းလျှောက်ရာနေရာတွင် တိုက်ရိုက်ချထားလိုက်သည်။
ထိုနေရာတွင် လူတစ်ယောက်စာ သွားလာနိုင်ရုံနှင့် သန့်စင်ခန်းသုံးပစ္စည်းများ ထားရန်အတွက်သာ နေရာလွတ် ကျန်တော့၏။
စုဝေ့ဟိုင်က ထိုနေရာများကို ကြည့်ရှုပြီးနောက် မချီးကျူးဘဲ မနေနိုင်ခဲ့ပေ။
“မင်း ဒီပစ္စည်းတွေထားဖို့အတွက် အတိုင်းအတာတွေကို သေသေချာချာ တိုင်းထားတာပဲ ”
“ဒါက တိုက်ဆိုင်သွားတာပါ”
ဆောင်းရာသီ၏ အေးစိမ့်သည့်ကာလတွင် စုဝေ့ချင်းတစ်ယောက် အလုပ်များလွန်းသောကြောင့် ချွေးများပင် စိုလာခဲ့ရသည်။
သူက နဂိုကတည်းကအသားဖြူသူဖြစ်၍ ယခုအချိန်တွင် သူ၏နီရဲသော နှုတ်ခမ်း၊ ဖြူဖွေးသော သွားများနှင့်အတူ သူ၏မျက်နှာမှာ ပိုမိုတောက်ပနေပြီး မျက်ဝန်းများမှာလည်း အပြုံးများဖြင့် ပြည့်နှက်နေသောကြောင့် အလွန်ပင် တက်ကြွလန်းဆန်းနေပုံရပေသည်။
ခန်းဝင်ပစ္စည်းများကို တစ်ခုပြီးတစ်ခု ခင်းကျင်းလိုက်ပြီးနောက်တွင် ယခင်က အနည်းငယ် ဟာလာဟင်းလင်း ဖြစ်နေသော အခန်းက ချက်ချင်းပင် ကျဉ်းမြောင်းသွားတော့သည်။
လီရှန်းလည်း မတ်တပ်ထရပ်လိုက်ပြီး ပစ္စည်းများ သိမ်းဆည်းရာတွင် ကူညီပေးခဲ့၏။
လီလင်းသည်ကား ယနေ့နံနက်ကတည်းကပင် အံ့ဩခဲ့ရပြီးဖြစ်သဖြင့် ယခုအချိန်တွင် အံ့ဩနေရန် အချိန်မရှိတော့ပါချေ။
သူမသည်လည်းအသေးအမွှား ပစ္စည်းများကို အနီရောင် ဗန်းတစ်ခုပေါ်တွင် လျင်မြန်စွာ စီစဉ်လိုက်ပြီးနောက် ဂွမ်းစောင်ပေါ်တွင် တင်ထားလိုက်သည်။
လက်ရှိတွင် ခုတင်ပေါ်တွင် ကြည့်ကောင်းနေခဲ့ပြီး ဘေးကင်းလုံခြုံနေကာ ခုတင်ပေါ်သို့ တက်မကြည့်လျှင် မည်သူမျှ ထိုပစ္စည်းများကို မထိတွေ့နိုင်ပါချေ။
လော်ယွီရှို့က စိတ်မချနိုင်သေးသောကြောင့် ဧည့်သည်များကို သွားရောက်နှုတ်မဆက်မီ ဝူလီကို လမ်းညွှန်ချက်တချို့ ထပ်မံပေးနေခဲ့သေး၏။
ထို့နောက်တွင် ဝူလီက မင်္ဂလာအိမ်ခန်း၏ အပြင်ဘက်တွင်သာ နေခဲ့ပြီး ထွက်ခွာသွားရန် ငြင်းဆန်နေခဲ့တော့သည်။
လီရှန်းက သူမကို လှမ်းခေါ်လိုက်သည်။
“ယောက်မ၊ အထဲကိုဝင်ပြီး ထိုင်ပါဦး”
“မဝင်တော့ဘူး၊ ကျေးဇူးပါပဲ”
ဝူလီက ငြင်းဆိုလိုက်ပြီးပြောလာ၏။
“နင့်ရဲ့အစ်ကိုကြီးနဲ့ ငါက ဒုတိယအကြိမ်အဖြစ် လက်ထပ်ထားကြတာလေ၊ ဒီနေ့လိုနေ့မျိုးမှာ အထဲကို ဝင်လိုက်ရင် မကောင်းတာမျိုးဖြစ်နေလိမ့်မယ်”
လီရှန်းတစ်ယောက် ခေတ္တမျှ ပြောစရာပျောက်သွားရသည်။
သူမအနေဖြင့် ယခင်က ဒုတိယအကြိမ် လက်ထပ်ထားခြင်းကို ဝန်ခံရန် အလွန်ပင် ဝန်လေးနေခဲ့သော်လည်း ယခုတွင်တော့ လူအများရှေ့တွင် ပွင့်ပွင့်လင်းလင်းပင် ပြောဆိုနေချေပြီ။
သို့သော် သူမက ထိုသို့ပြောဆိုလာသည့်အတွက် လီရှန်းလည်း ဆက်လက်၍ မတိုက်တွန်းတော့ပါချေ။ တစ်ဖက်တွင်မူ စုကျွင့်က ပါးစပ်ထဲတွင် ယုန်ဖြူနို့သကြားလုံး တစ်လုံးကို ငုံထားရင်း လီရှန်းကို ကြည့်ကာ ပြုံးပြနေခဲ့၏။
သူ၏ ကလေးအဆီများရှိနေသော ပါးပြင်လေးများမှာ ပြုံးလိုက်သည့်အချိန်၌ အလွန်ပင် ချစ်စရာကောင်းလှပေသည်။
စုချန်သည်ကား အစ်ကိုကြီးတစ်ယောက်ကဲ့သို့ ပြုမူနေပြီး တစ်ခါတစ်ရံတွင် လက်ကိုင်ပုဝါလေး ထုတ်ယူကာ စုကျွင့်၏ သွားရည်များကို သုတ်ပေးနေခဲ့၏။
ခန်းဝင်ပစ္စည်းများကို သယ်ယူပြီးနောက် အောက်ထပ်ရှိ ကုန်တင်ကားလေးမှာလည်း ထောက်ပံ့ရေးဌာနသို့ ပြန်သွားခဲ့ချေပြီ။
စုဝေ့မင်သည်လည်း သူ့အပေါ်တွင် မတရား ပြုမူမည်မဟုတ်ပါချေ။ စုဝေ့မင်က သူ့ကို စီးကရက် သုံးဘူး၊ သကြားလုံး တစ်ဆုပ်နှင့် ထိုနေ့အတွက် တက်ရောက်ခအဖြစ် တစ်ယွမ်တန် အနီရောင်စာအိတ်တစ်အိတ်ကို ပေးခဲ့လေလေ၏။
ကုန်တင်ကားဒရိုင်ဘာလည်း စီးကရက်တစ်လိပ်ကို ပျော်ရွှင်စွာ သောက်ရင်း သူ၏ ကုန်တင်ကားလေးဖြင့် မောင်းထွက်သွားတော့သည်။
မင်္ဂလာပွဲတစ်ခုတွင် အစည်ကားဆုံးသော အစိတ်အပိုင်းများမှာ မင်္ဂလာဦးည ကျီစယ်ပွဲများနှင့် ခန်းဝင်ပစ္စည်းများ သယ်ယူသည့် အချိန်များပင် ဖြစ်ပေသည်။
ခန်းဝင်ပစ္စည်းများ သယ်ယူခြင်း အစီအစဉ် ပြီးဆုံးသွားသည့်နောက်တွင် အိမ်နီးချင်းများမှာ တီးတိုးပြောဆိုရင်း အသီးသီးပြန်သွားကြလေသည်။ ဤမင်္ဂလာပွဲသည်က အတော်လေး ခမ်းနားထည်ဝါလှသည်ဖြစ်သောကြောင့် လီရှန်း၏ ခန်းဝင်ပစ္စည်းများက စုဝေ့မင်တို့ ဇနီးမောင်နှံအတွက် အတော်ပင် မျက်နှာပွင့်စေခဲ့သည်။
အထူးသဖြင့် စုဝေ့တုန်၏ဇနီးမှာ မှန်တင်ခုံကို ကြည့်ကာ မနာလိုဖြစ်ပြီး မျက်လုံးများပင် ပူစပ်နေခဲ့ရပေသည်။
“ငါ့တစ်သက်မှာ မှန်တင်ခုံ ဆိုတာမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး”
သူမက ဒေါသတကြီး ပြောဆိုလိုက်ပြီး စုဝေ့တုန်၏ ခါးကို လှမ်း၍ ဆိတ်လိုက်တော့သည်။ စုဝေ့တုန်သည်က ငယ်စဥ်အချိန်က သူမအတွက် မှန်တင်ခုံ ဝယ်ပေးမည်ဟု လိမ်ညာခဲ့ဖူးပြီး ယခုအချိန်အထိ သူမတွင် မှန်တင်ခုံ၏ အရိပ်အယောင်ကို မမြင်ခဲ့ရပါချေ။
စုဝေ့တုန်သည်လည်း ဇနီးဖြစ်သူ၏ စိတ်အခြေအနေကို သိရှိသောကြောင့် နာကျင်သော်လည်း အသံမထွက်ရဲဘဲ အောင့်အီးနေခဲ့ရ၏။
အမှန်တကယ်ဆိုရလျှင် မှန်တင်ခုံမှာ အလွန်အမင်း ဈေးကြီးလှသည်မဟုတ်ဘဲ သူဘက်မှ ဝယ်ပေးနိုင်ပေ၏။
သို့သော်လည်း သူ၏အိမ်က အလွန်ကျဉ်းမြောင်းလွန်းပေသည်။ သူတို့၏ သားများက အိမ်ထောင်ကျကုန်ကြပြီးဖြစ်ကာ အငယ်ဆုံးသားမှာလည်း လက်ထပ်ရန် စောင့်ဆိုင်းနေသည့်အတွက် မှန်တင်ခုံ ထားရန်ကိုမဆိုထားနှင့်။ ပိုက်ဆံသေတ္တာထားရန်ပင် နေရာမရှိပါချေ။
ထို့အပြင် သူ၏ စိတ်ထဲတွင်လည်း မှန်တင်ခုံဆိုသည်မှာ လိုအပ်သည်ဟု မထင်မိပေ။
ယောက်မဖြစ်သူက အိမ်သစ်ကို လှည့်ပတ်ကြည့်ရှုပြီးနောက် လော်ယွီရှို့ကို လက်မထောင်ပြခဲ့သည်။
“နင့်အိမ်က တကယ်ကို ကျယ်ဝန်းတာပဲ၊ ဝေရှန်းရဲ့ အလုပ်နေရာက ပြောင်းရွှေ့ရခက်လို့သာပေါ့၊ မဟုတ်ရင် ငါလည်း ခရိုင်မြို့ကိုပဲ လာချင်တယ်၊ အနည်းဆုံးတော့ ဒီမှာက နေစရာ ကျယ်ကျယ်ဝန်းဝန်း ရှိနေမှာပဲ”
“အဲဒါတော့ ဟုတ်တယ်၊ နာမည်ကျော်ကြားမှုက ပြည်နယ်မြို့တော်က စက်ရုံတွေလောက် မကောင်းပေမဲ့ နေရထိုင်ရတာတော့ အတော်လေးသက်သောင့်သက်သာ ရှိတယ်”
လော်ယွီရှို့က သူမ၏ ယောက်မဖြစ်သူ၏ လက်ကိုဆွဲကာ စုဝေ့ဖင်းနှင့် စုဝေ့ယန်တို့၏ အခန်းများကို လိုက်လံပြသလိုက်သည်။
“ကြည့လိုက်လေ၊ ဝေဖင်းရဲ့ အခန်းလေးက နည်းနည်းကျဉ်းတာကလွဲရင် ကျန်တာကတော့ အခန်းအရွယ်အစား အတူတူလောက်ပဲ”
အိမ်တွင် မနေထိုင်ဘဲ အပြင်တွင် နေထိုင်သည့် စုဝေ့ဟိုင်မှာလည်း အိပ်ခန်းနှစ်ခန်းပါသည့် တိုက်ခန်းငယ်လေး တစ်ခု ရှိပေသည်။
ယခုအချိန်တွင် ဇနီးမောင်နှံက အခန်းတစ်ခန်းတွင် နေထိုင်ကြပြီး ညီအစ်ကိုနှစ်ယောက်က ကျန်တစ်ခန်းတွင် နေထိုင်ကြခြင်း ဖြစ်ပေသည်။
ယောက်မဖြစ်သူမှာလည်း အားကျနေလဲ့သော်လည်း ဤနေရာင ခရိုင်မြို့လေးမျှသာ ဖြစ်သည်ဟု တွေးမိလိုက်ပြီးနောက် သူမ၏ မနာလိုစိတ်များကို ပြန်လည် ထိန်းချုပ်လိုက်နိုင်ခဲ့သည်။
သူမအနေဖြင့် ခရိုင်မြို့ရှိ အိမ်ကြီးအိမ်ကောင်းတွင် နေရသည်ထက် ပြည်နယ်မြို့တော်ရှိ အိမ်အပေါ်ထပ်အခန်းကျဉ်းလေးတွင်သာ နေလိုပေသည်။
စုဝေ့ချင်းက အလုပ်များကို အားလုံး အဆုံးသတ်ပြီးနောက် လီရှန်းထံသို့ သွားရန် အချိန်ရသွားခဲ့ပေပြီ။
ခုတင်ခြေရင်းတွင် ထိုင်နေသော လီရှန်းကို မြင်လိုက်ရသည့်အခိုက်တွင် သူ့အနေဖြင့် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ပါချေ။
ဘေးပတ်ဝန်းကျင်တွင် လူရှိ၊မရှိကိုပင် ဂရုမစိုက်နိုင်တော့ဘဲ သူမထံသို့ အမြန်လျှောက်သွားကာ သူမ၏ဖြူဖွေးနူးညံ့သော လက်လေးကို လှမ်းကိုင်လိုက်ပြီးနောက် တောက်ပသော မျက်ဝန်းများဖြင့် လီရှန်းကို ကြည့်နေခဲ့၏။
သူက ချိုသာသော ချစ်စကားများကို ပြောဆိုရန် ပြင်လိုက်သော်လည်း
ဘေးနားမှ ချောင်းဟန့်သံတစ်ချက်ကို ကြားလိုက်ရလေသည်။
စုဝေ့ချင်း:...
သူက ဘေးတွင်ရှိနေသည့် မီးသီးကြီး လီလင်းကို လှည့်ကြည့်လိုက်၏။
လီလင်းကလည်း ဆွံ့အစွာ ပြောလိုက်မိလေ၏။
“ကျွမ်မ ဒီမှာ ရပ်နေတာကို ရှင့်မျက်လုံးထဲမှာ မမြင်ဘူးလား”
စုဝေ့ချင်း၏ စိတ်အာရုံတစ်ခုလုံးမှာ ရဲဘော်လီရှန်းထံသို့သာ ရောက်ရှိနေသောကြောင့် လူတစ်ယောက်လုံး ရှိနေသည်ကို အမှန်တကယ်ပင်မမြင်မိခဲ်ပေ။
သို့မဟုတ်ပါကလည်း သူအနေဖြင့် ရဲဘော်လီရှန်း၏ လက်ကို တိုက်ရိုက် လှမ်းကိုင်မိမည်မဟုတ်ပါချေ။ လူအများရှေ့တွင် ထိုသို့လုပ်ခြင်းမှာ သူတစ်ပါးအမြင်တွင် အလွန်ပင် ရှက်ဖွယ်ကောင်းလှသည် မဟုတ်ပါလား။
စုဝေ့ချင်း၏ ကြောင်အအ ဖြစ်နေသော မျက်နှာကို မြင်အမူအရာလျှက်သည့်အခါ လီရှန်း မရယ်ဘဲ မနေနိုင်တော့ပေ။
သူမ၏ အပြုံးက စုဝေ့ချင်းကိုလည်း လိုက်ပါ ပြုံးမိစေခဲ့ပေသည်။
တံခါးအပြင်ဘက်တွင်မူ ဝူလီသည်ကား ရယ်သံများကို ကြားလိုက်ရသောကြောင့် မသိစိတ်ဖြင့် လှည့်ကြည့်လိုက်လျှင် သူမ၏ဖြစ်သူက သူမ၏ ယောက်မလက်ကို ညင်သာစွာ ဆုပ်ကိုင်ထားသည်ကို မြင်လိုက်ရ၏။
သူ၏ လက်ချောင်းထိပ်များမှာပင် တင်းကျပ်စွာ ဆုပ်ကိုင်ထားမှုကြောင့် နီရဲနေခဲ့ပေသည်။
ဝူလီတစ်ယောက် သူမ၏ ခင်ပွန်းသည်ကို ပြန်ကြည့်လိုက်လျှင် စိတ်ပျက်အားလျော့မှုကိုသာ ခံစားလိုက်ရတော့သည်။
ထိုသူမှာ ဘေးနားရှိ လူနှင့်သာ စကားလက်ဆုံ ကျနေခဲ့ပြီး သူမကို တစ်ချက်မျှပင် လှည့်မကြည့်ခဲ့ပါချေ။
***