စုဝေ့ချင်း အခန်းတံခါးကို ပိတ်သွားမှသာ စုဝေ့မင်က အားပြင်းပြင်းနှင့်ပေါင်ကိုပုတ်ကာ ပြောလိုက်သည် ။
“မင်းတို့တွေ သူ့ကို အလိုလိုက်နေကြတာပဲ!”
“ကျွန်မ သေချာပေါက်အလိုလိုက်ဝမှာပေါ့”
လော်ယွီရှို့က ရေနွေးတစ်ဖန်ခွက်ကို အေးဆေးတည်ငြိမ်စွာငှဲ့လိုက်ပြီး သကြားတစ်ဇွန်း ထည့်လိုက်သည်။
“ရှင် မမေ့နဲ့ဦး... ဝေ့ချင်းက ဒီနှစ်တွေအတွင်းမှာ ဒါ ပထမဆုံးအကြိမ် အိမ်ထောင်ရေးကိစ္စကို ပြောလာခဲ့တာ.. နှစ်သစ်ကူးဖို့က ဆယ်ရက်ကျော်ပဲ လိုတော့တယ်
လကုန်ပြီးရင် မူဝါဒအသစ်တွေက ကျလာတော့မှာ.. တကယ်လို့ ရှင့်ရဲ့သားကို ပညာတတ်လူငယ်အဖြစ် ကျေးလက်ဒေသဘက်ကို လွှတ်ချင်တယ်ဆိုရင်တော့ အခုလိုပဲ ဆက်ပြီး ပြဿနာရှာနေလိုက်.. သူ ကျေးလက်ဒေသကို အပို့ခံရမှ ရှင် စိတ်အေးနေရမှာမလား”
စုဝေ့မင်အနေဖြင့် ထိုမျှအထိ မရက်စက်နိုင်ပေ။ သူ့သားကို ကျေးလက်ဒေသသို့သို့ အပို့မခံနိုင်ပါချေ။
ဒါပေမဲ့ အခုချက်ချင်း သွားတောင်းဖို့ဆိုတာက...
“ငါက အကြီးဆုံးသားနဲ့ ဒုတိယတုန်းကတောင် မသွားခဲ့ဘဲ အခုမှ သားအငယ်ဆုံးအတွက် သွားတောင်းပေးမယ်ဆိုရင် ချွေးမအကြီး နှစ်ယောက်က ဘယ်လိုတွေးကြမလဲ.. သူတို့ ညီအစ်မတွေရဲ့ကြားမှာ ပြဿနာတွေ ဖန်တီးပေးသလို ဖြစ်မနေဘူးလား”
စုဝေ့မင်က နောက်ဆုံးအထိ ရုန်းကန်ငြင်းဆန်နေသေးသည်။
“အဲဒါက ဘာများခက်နေလို့လဲ.. အရင်ချွေးမနှစ်ယောက်လုံးမှာ မိဘတွေ ရှိတယ်လေ.. တကယ်လို့ သူတို့မှာ မိဘမရှိရင်လည်း ရှင်ကိုယ်တိုင် သွားတောင်းပေးမှာပေါ့”
စုဝေ့မင်: “...”
ဤသည်က အမှန်တကယ်ပင် ပါးနပ်လွနားသော လော်ယွီရှို့သာဖြစ်ပေသည်။
သူမ၏ စကားလုံးများက အာဃာတမီးကို မွှေးပေးနိုင်စွမ်းရှိနေခဲ့သည်။
“ဟေး ငါပြောမယ် ... ငါ စက်ရုံရဲ့ ဒုတိယညွှန်ကြားရေးမှူးဖြစ်နေတာက တကယ်ကြီး မှားနေတာလား.. ငါ့အထက်လူကြီးတွေက ငါ့ကို ရာထူးနဲ့ထိုက်တန်လို့ခန့်အပ်ပေးခဲ့တာလေ.. သားကြီးတွေ လက်ထပ်တုန်းကတောင် ဒီလောက်စဉ်းစားစရာမလိုခဲ့ပါဘူး”
စုဝေ့မင်တစ်ယောက် စိတ်ရှုပ်ထွေးနေခဲ့ရသည်။ သူ့၏ ဒုတိယညွှန်ကြားရေးမှူးရာထူးကို ခေါင်းဆောင်များက ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး သူကိုယ်တိုင် ဇွတ်အတင်းယူခဲ့ခြင်းလည်း မဟုတ်ပေ။
ဒီရာထူးကို ရထားတာက သူ့ရဲ့အပြစ်လား!
“ရှင်ကတော့ ... အဲဒီရာထူးအတွက် သိပ်ပြီး ဂုဏ်မောက်မနေစမ်းပါနဲ့.. အခုလောလောဆယ် ဘယ်လိုသွားတောင်းရမလဲဆိုတာကိုပဲ စဉ်းစားလိုက်ဦး “
“ဒီမိးကလေးရဲ့ ဦးလေးဖြစ်သူကပါ... သူ့တူမကို သဘောမတူချင်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ”
လော်ယွီရှို့က စုဝေ့မင်ကို စိုက်ကြည့်လိုက်သည်။
“လီရှန်းရဲ့ အဖေအရင်းက လုံးဝအားကိုးမရဘူးဆိုပေမဲ့ ဦးလေးတွေကတော့ အတော်လေးကို ထက်မြက်ပြီးတော်ကြတယ်.. ရှင့်အနေနဲ့ ဒုတိယညွှန်ကြားရေးမှူးတစ်ယောက်အနေနဲ့ အရှက်ရစရာမဖြစ်အောင်တော့ လုပ်ရလိမ့်မယ်”
စုဝေ့မင်က ဇနီးသည်ကို အသာစောင်းကြည့်လိုက်သည်။
“မင်း နောက်နေတာလား.. ငါက အရှက်ရစရာကိစ္စတွေကို လုပ်ပါ့မလား”
သူသည်က အပတ်စဥ်တိုင်း ဝန်ထမ်းအစည်းအဝေးများတွင် သဘာပတိလုပ်နေရသော ဒုတိယညွှန်ကြားရေးမှူးတ်ယောက်သာ ဖြစ်ပေ၏။ သူ့၏စကားပြောစွမ်းရည်ကို လျှော့တွက်၍မရပါချေ။
*
တစ်ဖက်တွင်တော့... လီရှန်းတစ်ယောက် အိမ်သို့ပြန်သွားချိန်တွင် စုဝေ့ချင်း ထွက်ခွာသွားစဉ်က မျက်လုံးထဲမှ သနားစရာကောင်း၍ အထီးကျန်ဆန်သော အကြည့်တို့ကိုသာ စဉ်းစားနေမိသည်။
စုဝေ့ချင်းက အမှန်တကယ်ပင် ချောမောလှသည်ဟု ဝန်ခံရပေမည်။
သူ့တွင် နီမြန်းသော နှုတ်ခမ်းများ၊ ဖြူဖွေးသော သွားများ၊ နက်မှောင်သော ဆံပင်နှင့် ဖြူစင်သော အသားအရေတို့ ရှိသည်။
အနောက်တိုင်း ပုံပြင်စာအုပ်များထဲမှ စနိုးဝှိုက်နှင့်ပင် ဆင်တူလှပြီး နှင်းဖြူမင်းသားလေး တစ်ပါးကဲ့သို့ပင် တင်စားနိုင်သည်။
သို့သော်လည်း ထိုသို့သော ရုပ်ရည်မျိုးက ယခုခေတ်ကာလ၏ စံသတ်မှတ်ချက်အရ ခန့်ညားသော ယောကျာ်းတစ်ယောက်ဟု မသတ်မှတ်ကြသေးပေ။
စုဝေ့ချင်းကို မဆိုထားနှင့်။
လီရှန်းကိုယ်တိုင်လည်း ဤခေတ်ကာလ၏ရိုးရာစံနှုန်းမီ အလှနတ်သမီးတစ်ပါး မဟုတ်ချေ။
ယနေ့ခေတ်၏ ခန့်ညားသော အမျိုးသားများအတွက်စံနှုန်းမှာ မျက်နှာလေးထောင့်ကျကာ အရပ်ရှည်၍ ခန္ဓာကိုယ်တောင့်တင်းသော ပပုံစံများဖြစ်ပေသည်။
မိန်းမလှလေးများအတွက် စံနှုန်းကတော့ ဝိုင်းစက်သောမျက်နှာလေးများဖြင့် ပြည့်ဖြိုးသောအသားများရှိပေလိမ့်မည်။
ထိုနေ့က ဆေးဝါးစက်ရုံရှေ့တွင် တွေ့ခဲ့ရသော သတို့သမီးကဲ့သို့ပင်။
သူမသည်က ဤခေတ်၏ စံပြအလှလေးတစ်ပါးသာဖြစ်ပေသည်။
လီရှန်း အိမ်ထဲသို့ဝင်လိုက်လျှင် မီးများထွန်းထားသော်လည်း မည်သူမှ မရှိနေကြောင်းကို တွေ့လိုက်ရသည်။ စားပွဲပေါ်တွင်တော့ မောင်ဝမ်းကွဲဖြစ်သူ ကျန်းချောင် ချန်ထားခဲ့သော မှတ်စုလေးကိုတွေ့လိုက်ရသည်။
သူက ထမင်းစားဆောင်သို့ ညစာသွားဝယ်ကြောင်းနှင့် လီရှန်း ပြန်လာလျှင် မစိုးရိမ်ရန် ရေးထားခြင်းဖြစ်ပေသည်။
“ရှန်းကျဲ ... ကျွန်တော် ပေါက်စီတွေ ဝယ်လာတယ်၊ ညစာ ဘာစားကြမလဲ”
လီရှန်း အခန်းထဲသို့ဝင်ကာ အိတ်ကို ချလိုက်သည့်အချိမ်တွင်ပင် ကျန်းချောင် ပြန်ရောက်လာခဲ့ပြီး တံခါးဘောင်ကို ကိုင်လျက် မျက်နှာတစ်ဝက်ကို ပြူကြည့်ရင်း အခန်းထဲသို့ လိုက်ဝင်လာသည်။
“ထမင်းစားဆောင်မှာ ဟင်းတွေမရှိဘူးလား”
သူမ မှတ်မိသလောက်ဆိုလျှင် ကျန်းချောင်၏ မှတ်စုထဲတွင် ညစာဝယ်မည်ဟု ရေးထားခြင်းသာဖြစ်ပေသည်။
ပေါက်စီတစ်ခုတည်းတော့မဝယ်လာဘူးမလား။
ကျန်းချောင်ာ ချက်ချင်းပင် မျက်နှာပျက်သွားခဲ့သည်။
“ဂေါ်ဖီထုပ်စတူးတဲ့ လေ... တကယ်ပါပဲ.. ကျွန်တော်တော့ နားမလည်နိုင်ဘူး.. ဂေါ်ဖီထုပ်က ကောင်းကောင်းချက်ရင် ဒီလောက်တောင် အရသာရှိတာကို ထမင်းစားဆောင်က လူတွေက ဘာလို့ ဒီလောက်ထိဖြုန်းတီးနေကြတာလဲ”
စက်မှုယန္တရားစက်ရုံ၏ ထမင်းစားဆောင်မှ ဟင်းချက်စားဖိုမှူးမှာ စတူးဟင်းများချက်ရာတွင် နာမည်ကြီးသည်။ သို့သော် ဆီပြန်ဟင်းမျိုးမဟုတ်ဘဲ တောင်ပိုင်းစတိုင် အရသာပေါ့သည့် ချက်ပြုတ်မှုမျိုးသာ ဖြစ်ပေသည်။
အရသာအလေးအပင်ကိုနှစ်သက်သော လူငယ်များအတွက်တော့ ထိုစတူးဟင်းမှာ ဂေါ်ဖီထုပ်ကို ဆားခပ်၍ ပြုတ်ထားခြင်းနှင့် မခြားနားပါချေ။
လီရှန်း တုံ့ဆိုင်းစွာမေးလိုက်သည်။
“အဲဒီဟင်းက စားမကောင်းလို့လား”
“စားမကောင်းပါဘူး!”
ကျန်းချောင်ကတော့ ဂေါ်ဖီထုပ်စတူးကို လုံးဝ မုန်းတီးသွားလေပြီ။
ဆောင်းတွင်းကာလတွင် ဟင်းသီးဟင်းရွက်များ ရှားပါးသဖြင့် ဂေါ်ဖီထုပ်ကိုသာ များများစားသောက်ကြရသည်။ တခြားနည်းဖြင့် ပြောင်းလဲ၍ ချက်လျှင် ကိစ္စမရှိသော်လည်း အမြဲတစေ စတူးချက်နေသည်ဆိုပါက အလွန်ပင် မုန်းတီးလာပေလိမ့်မည်။
“ကောင်းပြီ .. ဒါဆို ကျဲ မင့်အတွက် ဂေါ်ဖီထုပ်နည်းနည်းလောက် ကြော်ပေးရမလား”
လီရှန်းက မတ်တပ်ထရပ်ရင်း စနောက်လိုက်သည်။
“ကျဲ!”
ကျန်းချောင်တစ်ယောက် ရှက်ရွံ့ဒေါသထွက်နေခဲ့ရသည်။
ဖန်ချင်း အိမ်ထဲသို့ဝင်လာချိန်တွင် သူမ၏သားဖြစ်သူက သူမ၏တူမနောက်သို့ တကောက်ကောက်လိုက်နေသည်ကို တွေ့လိုက်ရသည်။
တူမဖြစ်သူ၏ လက်ထဲတွင် ဂေါ်ဖီထုပ်ကြီး နှစ်ထုပ်ကို ကိုင်ထားပြီးကြော်ရန် ပြင်ဆင်နေပုံရသည်။ လီရှန်း၏ မျက်နှာမှ ပေါ့ပါးသော အပြုံးကို မြင်လိုက်ရမှသာ ဖန်ချင်းလည်း သက်ပြင်းချနိုင်ခဲ့သည်။
ကြည့်ရတာ စာမေးပွဲကို ကောင်းကောင်း ဖြေနိုင်ခဲ့ပုံရတယ်။
“အန်တီ”
လီရှန်းက ဖန်ချင်းကိုမြင်လျှင် ရုတ်တရက် ရပ်တန့်လိုက်ပြီး လက်ထဲမှ ဂေါ်ဖီထုပ်ကို နောက်မှလိုက်လာသော ကျန်းချောင်ထံသို့ ပစ်ပေးလိုက်သည်။
ထို့နောက် ဖန်ချင်း၏လက်ထဲမှ ပစ္စည်းများကို ကူသယ်ပေးရင်း မေးလိုက်လေ၏။
“ဘာလို့ ဟင်းတွေအများကြီး ဝယ်လာတာလဲ”
သူမ ပြောနေရင်း အိတ်ကိုဖွင့်ကြည့်လိုက်သည်။
“ဒါက... ဖက်ထုပ်တွေလား”
“ဒီနေ့ သမီး စာမေးပွဲအတွက် ပင်ပန်းလာတာမလား.. ဒါကြောင့် အန်တီ အလုပ်ဆင်းတော့ နိုင်ငံပိုင် စားသောက်ဆိုင်မှာ သွားတန်းစီခဲ့တာ.. ငါးဟင်း၊ ဝက်သားနီဟင်း၊ ခြင်္သေ့ခေါင်းအသားလုံး* နဲ့ ဆိတ်သားဖက်ထုပ်တစ်ပွဲတောင် ရခဲ့တယ်..
အန်တီ အဲဒါတွေကို မှာလိုက်တော့ နောက်မှာ တန်းစီနေတဲ့သူတွေရဲ့ မျက်နှာက ချက်ချင်းကို မည်းမှောင်သွားခဲ့ရတာပဲ”
ဖန်ချင်းက ထိုအကြောင်းကိုပြောရင်း အလွန်တက်ကြွနေခဲ့သည်။
နိုင်ငံပိုင်စားသောက်ဆိုင်များ၏ ရိက္ခာမှာ အကန့်အသတ်ရှိသောကြောင့် ထိုနေ့တွင် မည်သည့်အစားအစာများ ရရှိနိုင်မည်ဆိုသည်မှာ အရှေ့မှ မှာယူသူများအပေါ်တွင် မူတည်သည်။
ဖန်ချင်းမှ ဟင်းပွဲများများမှာလိုက်ခြင်းက နောက်လူများအတွက် မှာစရာဟင်း နည်းသွားခြင်းဖြစ်သည့်အတွက် သူတို့၏မျက်နှာများက မသာမယာ ဖြစ်သွားကြခြင်းပင်ဖြစ်သည်။
သို့သော် ဤသည်မှာ ဖန့်ချင်းအတွက် အောင်ပွဲတစ်ခုပင်။
အကယ်၍ အိမ်တွင်ထူးခြားသောကိစ္စမျိုးမရှိပါက သူမအနေဖြင့်လည်း ဤကဲ့သို့ အများကြီး ဝယ်ရဲမည် မဟုတ်ပေ။
“ဒါတွေက များလွန်းတယ်၊ အကုန်စားနိုင်ပါ့မလား”
လီရှန်းသည် ဝက်သားနီဟင်းဗူးကို ဖွင့်လိုက်သည်။ ဗူးထဲတွင် အသားများမှာ ပြည့်လျှံနေလေ၏။
နိုင်ငံပိုင်စားသောက်ဆိုင်များတွင် ရိက္ခာနည်းသော်လည်း သူတို့က အလွန်ပင် စေတနာထားကြသည်။
အလုပ်သမားရဲဘော်များ ဗိုက်ပြည့်အောင်စားပြီး နိုင်ငံတော်ကို တည်ဆောက်နိုင်စေရန်အတွက် ခွန်အားရရှိစေရန်ဟူသောအတွေးတို့ဖြင့် အစားအသောက်များကို ပမာဏများများထည့်ပေးကြသည်။
“စားနိုင်တာပေါ့၊ ဘာလို့ မစားနိုင်ရမှာလဲ.. မင်းတို့ အရင်ဝအောင်စားကြ၊ ကျန်တာကို အန်တီ သိမ်းထားလိုက်မယ်”
ကျန်းချောင်ကတော့ အစားအသောက်အိတ်ကို ပွေ့ပိုက်ထားခဲ့ပြီး သူ့၏မျက်လုံးများမှာ ရွှေရောင်များဖြင့် တောက်ပလာခဲ့သည်။
အရွယ်ရောက်ခါစ ကောင်လေးတစ်ယောက်အနေဖြင့် စားချင်စိတ်အလွန်များပြားလွန်းသဖြင့် တင်းတိမ်နိုင်စွမ်းမရှိလှပါချေ။
ကျန်းချောင်၏ စားနိုင်စွမ်းနှင့်ဆိုလျှင် ဤဟင်းအနည်းငယ်လောက်ကို တစ်ယောက်တည်းစားရန်ပင် ပြသနာရှိလိမ့်မည်မဟုတ်။
ကံမကောင်းစွာဖြင့်ပင် အိမ်တွင် ကျန်းချောင်တစ်ယောက်တည်းသာ စားနိုင်သည်မဟုတ်ပေ။ ကျန်းကျူးရိအမည်ရှိ သန်မာသောအမျိုးသားတစ်ယောက်လည်းရှိနေသေးသည်။
သူက ပေါက်စီကြီးလေးလုံးကို စားသောက်ပြီးမှသာ တူမဖြစ်သူ၏ စာမေးပွဲအခြေအနေကို မေးမြန်းရန် သတိရလာခဲ့လေသည်။
လီရှန်းသည် ပထမဆုံး စာမေးပွဲပုံစံအကြောင်းကို ပြောပြခဲ့သည်။
“စာမေးပွဲအဖြေတွေကတော့ ကျွန်မရဲ့ သူငယ်ချင်းတွေနဲ့ တိုက်ကြည့်ပြီးပြီ.. အကုန်လုံးနီးပါး မှန်နိုင်ပါတယ်၊ နောာ်တစ်ယောက်က အမှတ်ပြည့်ရမယ်ဆိုမှ ကျွန်မ ရှုံးနိမ့်လောက်မယ်”
ထိုအခြေအနေကတော့ သူမ ထိန်းချုပ်နိုင်သည့်အရာ မဟုတ်ပေ။
“ဆေးဝါးစက်ရုံဆိုတော့လည်း စာမေးပွဲက တင်းကျပ်လွန်းတာပဲ.. စက်မှုယန္တရားစက်ရုံက ဒီနှစ် အလုပ်သမားအသစ် မခေါ်တာနှမြောဖို့ကောင်းတယ်.. မဟုတ်ရင် ငါလည်း လူသစ်တွေ ခေါ်ရင် ဒီလိုမျိုး စာမေးပွဲစစ်ခိုင်းလိုက်မှာ”
ကျန်းကျူးရိတစ်ယောက် ထိုအကြောင်းကိုတွေးကာ စိတ်အားထက်သန်လာခဲ့သည်။
သူ့အနေဖြင့် ဆေးဝါးစက်ရုံသို့သွားကာ စီမံခန့်ခွဲမှုအတွေ့အကြုံများကို လေ့လာချင်နေခဲ့လေ၏။
သူ့အနေဖြင့် ဝန်ထမ်းရေးရာဘက်ကို ပြီးကြပ်ရသည့်အရာရှိမှသည် အလုပ်သမားသမဂ္ဂဥက္ကဋ္ဌ သို့မဟုတ် ဒုတိယညွှန်ကြားရေးမှူးအဆင့်သို့အထိ တက်လှမ်းနိုင်ရန်ကြိုးစားချင်နေခဲ့သည်။
“နောက်မှ အခွင့်အရေးရရင် ကြည့်ကြတာပေါ့”
လီရှန်းပ ပန်းကန်များကိုသိမ်းဆည်းရင်း ဝေဝါးစွာသာပြန်ပြောလိုက်လေသည်။
T/n : ခြင်္သေ့ခေါင်း အသားလုံးဟင်း : Lion head meatball ဆိုတာက တကယ့် ခြင်္သေ့ရဲ့အသားမဟုတ်ပါဘူး
သူက ဝက်/အမဲသားနဲ့လုပ်ထားတာဖြစ်ပြီး အသားလုံးတွေက လက်သီးဆုပ်အရွယ်လောက်အထိ ကြီးပါတယ်
အသားလုံးတွေရဲ့အောက်မှာ တရုတ်ဂေါ်ဖီတွေကိုဖြန့်ခင်းထားပြီး အဲဒီ တရုတ်ဂေါ်ဖီတွေက အသားလုံးနဲ့တွဲလိုက်တော့ ခြင်္သေ့လည်ဆံမွှေးလိုဖြစ်နေလို့ အဲဒီနာမည်ပေးထားတာပါ
***