ပထမ...
သူမ စာမေးပွဲတွင် ပထမရခဲ့သည်။
လီရှန်း သူမ၏ ခေါင်းထဲတွင် တဝီဝီ မြည်သွားသကဲ့သို့ ခံစားလိုက်ရပြီး မျက်လုံးများပင် ဝေဝါးသွားခဲ့သည်။
သူမသည်လည်း ခုနက လူငယ်ကဲ့သို့ပင် လက်သီးကို တင်းကြပ်စွာ ဆုပ်ပြီး “ကျွန်မ အောင်ပြီ!” ဟု အော်ဟစ်လိုက်ချင်မိသည်။
“ရဲဘော်လီရှန်း... မင်း အောင်ပြီ.. “
သူမ မအော်လိုက်ရသော်လည်း စုဝေ့ချင်း၏ စိတ်လှုပ်ရှားနေသော အသံက ကျယဲလောင်စွာ ထွက်ပေါ်လာခဲ့လေ၏။
လီရှန်းသည် ပြုံးလိုက်မိပြီး စုဝေ့ချင်းကို ခေါင်းညိတ်ပြလိုက်ကာ တုန်ရီနေသောအသံဖြင့် ပြောလုက်မိသည်။
“အင်း.. ကျွန်မ အောင်ပြီ”
“ပျော်စရာပဲ”
စုဝေ့ချင်းအနေဖြင့် လီရှန်းအတွက် အမှန်တကယ် ဝမ်းသာနေခဲ့သည်။
သူက ရဲဘော်လီရှန်း၏ ကြိုးစားမှုကို ကောင်းစွာမြင်ခဲ့သူဖြစ်သည်။ မနေ့ညက အကယ်၍ လီရှန်း စာမေးပွဲကျပြီး သူသာ အောင်ခဲ့လျှင် သူ့၏အလုပ်ကို လီရှန်းအား ပေးလိုက်မည်ဟုပင် စဉ်းစားခဲ့သေးသည်။
သို့သော် လီရှန်းကဲ့သို့ ကြိုးစားသည့်သူတောင်မှ မအောင်လျှင် သူသည်လည်း အောင်ရန်မှာ ပို၍ပင် မဖြစ်နိုင်ကြောင်း ပြန်တွေးမိခဲ့ပြန်သည်။
သူသည်က လီရှန်းနှင့် မတူပေ။
လီရှန်းက ဆေးဝါးစက်ရုံတွင် အလုပ်လုပ်ရန် ဆန္ဒပြင်းပြသူဖြစ်သည်။
သို့သော် သူကတော့ လီရှန်းကြောင့်သာ ဤစာမေးပွဲကို ဖြေဆိုခဲ့ခြင်း ဖြစ်ပေသည်။ သူ့၏စိတ်နှလုံးက စာပေလောကထဲတွင်သာ ရှိနေဆဲပင်။
စုဝေ့ချင်းအနေဖြင့် သူမအတွက်သာ ဝမ်းသာနေပြီး သူ့၏ကိုယ်ပိုင် နာမည်ကိုပင် ကြည့်ရန် မေ့လျောနေသဖြင့် လီရှန်းက စာရင်းကို ဆက်ကြည့်လိုက်သည်။
လီလင်းရော...
လီလင်းသည်လည်း ရှေ့သို့ တိုးမလာနိုင်သဖြင့် သူမကသာ ရှာကြည့်ပေးရပေမည်။
လီရှန်းတစ်ယောက် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ စာရင်းကို ဆက်ကြည့်လို က်ပြီး မကြာမီ စုဝေ့ချင်း၏ နာမည်ကို တွေ့လိုက်ရလေသည်။
သူက တတိယနေရာတွင်ရှိနေပြီး လီရှန်း၏နာမည်နှင့် ကြားတွင် နာမည်တစ်ခုသာ ခြားနေ၏။
“ဒီ ရွှမ်ယန်ဆိုတဲ့လူက ဘယ်သူလဲ”
စုဝေ့ချင်း၏ အသံက နောက်တစ်ဖန်ထွက်လာပြန်သည်။ တစ်ဖက်လူက ဒုတိယရနေသဖြင့် လီရှန်းနှင့် သူ့၏ကြားထဲတွင် ရောက်နေခြင်းကို စုဝေ့ချင်း မကျေမနပ်ဖြစ်နေခဲ့သည်။
သူသာ စာကို ပိုကြိုးစားခဲ့လျှင် လီရှန်း၏ နာမည်နှင့်ကပ်လျက်တွင် ရှိနေနိုင်လောက်ပေမည်။
သူ အနည်းငယ် နောင်တရလာမိသည်။
“ပြည်နယ်မြို့တော်က ဖြစ်လိမ့်မယ်”
လီရှန်း ဖြေလိုက်သည်။
စုဝေ့ချင်းအနေဖြင့် ကြားထဲတွင် လူတစ်ယောက် ခြားနေသည်ကိုပင် စိတ်ပျက်နေဆဲပင်။
လီရှန်းက သူ့ကို ဂရုမစိုက်တော့ဘဲ စာရင်းကိုဆက်ကြည့်လိုက်ပြီး နောက်ဆုံးနာမည်မှရေလျှင် ဒုတိယမြောက်၌ လီလင်း၏ နာမည်ကို တွေ့လိုက်ရသည်။ သူမ ဝမ်းသာပျော်ရွှင်စွာဖြင့် လီလင်းကိုပြန်ရှာကြည့်လိုက်၏။
သို့သော် လီလင်းက စိတ်အားငယ်စွာဖြင့် လူအုပ်၏နောက်တွင် ရပ်နေပြီး ခြေဖျားထောက်ကြည့်ရန်ပင် အင်အားမရှိတော့သလိုပင်ဖြစ်နေခဲ့သည်။
သူမသည်က လူတစ်ယောက်မှ အောင်ပြီဟု အော်လိုက်ကတည်းက မျှော်လင့်ချက် ပျက်သုဉ်းသွားပုံရသည်။
သို့သော် လီရှန်းက လူအုပ်ထဲမှ ထွက်လာပြီး သူမ၏လက်ကို လှမ်းဆွဲလါခဲ့သည်။
“လီလင်း... နင် အောင်တယ်”
ဘာ?
သူမ ဘာကြားလိုက်တာလဲ။
အောင်တယ်ဟုတ်လား။
လီလင်းသည် တစ်စက္ကန့်ခန့် ကြောင်သွားပြီးနောက် လီရှန်း၏လက်ကို ပြန်ဆွဲလိုက်ပြီး အလျှင်အမြန် မေးမြန်လိုက်တယ်သည်။
“လီရှန်း... ငါ တကယ် အောင်တာလား”
“အောင်တယ်!”
လီရှန်း နောက်တစ်ခေါက် အတည်ပြုလိုက်ပြမ်သည်။
လီလင်း မယုံမည်ကိုစိုးရိမ်သောကြောင့် သူမ လီလင်းကို ရှေ့ဆုံးသို့ ဆွဲခေါ်သွားခဲ့သည်။ စာရင်းတွင် သူမ၏နာမည်ကို တွေ့လိုက်ရချိန်တွင် လီလင်းတစ်ယောက် မအောင့်နိုင်တော့ဘဲ ငိုချလိုက်မိတော့သည် ။
“ဝူး ဝူး ဝူဟ .. ငါ အောင်ပြီ! လီရှန်း... နင် မြင်လား၊ ငါ တကယ် အောင်တယ်!”
လီလင်း ငိုနေသည်ကို မြင်လျှင် လီရှန်းသည်လည်း စိတ်မကောင်း ဖြစ်မိသွားရသည်။ ရက်ပေါင်းများစွာ ခက်ခက်ခဲခဲကြိုးစားခဲ့သည်က ယခုအချိန်တွက် ရလဒ်ကောင်းများထွက်လာခဲ့ပြီ မဟုတ်ပါလား။
လူအုပ်ကြီးက ပို၍တိုးဝှေ့လာသဖြင့် စုဝေ့ချင်းက သူတို့ကို လူအုပ်ထဲမှ အမြန်ဆွဲထုတ်ခဲ့ရသည်။
လီလင်းတစ်ယောက် ရှိုက်ကြီးတငင် ငိုနေခဲ့သည်။
“လီရှန်း... ငါ နောက်ဆုံးတော့ လှေကားခုံမှာ အိပ်ပြီး စာကျက်စရာ မလိုတော့ဘူး”
လီလင်းက ငိုကြွေးရင်း ပြောလိုက်သည်။
ဒါကြောင့် ငိုနေတာလား။
လီလင်းအနေဖြင့် ဤအတောအတွင်း အလွန်ပင် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပြီး အကယ်၍ စာမေးပွဲကျခဲ့လျှင် အိမ်ထောင်ပြုရန်ပင် စဉ်းစားထားခဲ့သည်။ ကျေးလက်ဒေသသို့ ဆင်းရန်ကတော့ သူမအတွက် မဖြစ်နိုင်ပေ။
ကံကောင်းထောက်မစွာဖြင့် သူမ အောင်မြင်ခဲ့သည်။ သူမတွင် ရွေးချယ်စရာများ ရှိလာခဲ့ပြီဖြစ်ရာ အလျင်စလို အိမ်ထောင်ပြုရန် မလိုတော့ချေ။ အလုပ်ရှိခြင်းက သူမအား ယုံကြည်မှုများ ပေးလိုက်နိုင်သည်။
ဤယုံကြည်မှုအားလုံးမှာ လီရှန်းကြောင့် ရရှိခဲ့ခြင်းဖြစ်သောကြောင်း သူမ လီရှန်းကို ကျေးဇူးတင်ပြီး ထပ်မံ ငိုကြွေးနေပြန်သည်။
လီရှန်းက အကြောင်းအရာကို အမြန်ပြောင်းလိုက်သည် ။
“ကောင်းပြီ ... လိုအပ်တဲ့အထောက်အထားတွေ အကုန်ပါလာတယ်မဘား.. အလုပ်ဝင်ဖို့အတွက် စာရွက်စာတမ်းကိစ္စတွေ မြန်မြန်သွားလုပ်ကြရအောင်”
ဆေးဝါးစက်ရုံမှာ အလုပ်ရရန် ခက်ခဲလွန်းသောကြောင့် တစ်စုံတစ်ယောက်က ကြားဖြတ်နှောင့်ယှက်မည်ကို လီရှန်း စိုးရိမ်မိသည်။ ထို့ကြောင့် သူမအနေဖြင့် အလုပ်ရသည်နှင့် ချက်ချင်းအလုပ်ဝင်ရန် ပြင်ဆင်ထားခြင်း ဖြစ်ပေသည်။
“ပါလာတယ်”
လီလင်းက မျက်ရည်သုတ်ရင်း အိတ်ကပ်ထဲမှ မှတ်ပုံတင်နှင့် အထက်တန်းအောင်လက်မှတ်ကို ထုတ်ပြလိုက်သည်။
စုဝေ့ချင်းသည်ကား မနက်အစောကြီး လီရှန်းကို လာကြိုခဲ့သောကြောင့် မည်သည့်အရာကိုမှ ယူမလာခဲ့ပေ။ သို့သော် သူက စက်ရုံဝင်းထဲမှာပင် နေထိုင်သူဖြစ်သောကြောင့် အိမ်သို့ပြန်ယူရန်မှာ မခက်ခဲလှပေ။
လီရှန်းက လီလင်းကို ခေါ်ကာ ဝန်ထမ်းရေးရာဌာနသို့ အရင်သွားလိုက်သည်။ ထိုနေရာတွင် လူငယ်နှစ်ဦးကရောက်နှင့်နေပေပြီ ။
အံ့သြစရာကောင်းစွာဖြင့် ယခုတစ်ခေါက်တွင် ပိုင်မားခရိုင်မှ အလုပ်သမားအသစ် ငါးဦးအထိ ခန့်အပ်ခဲ့သည်။
ယခင်နှစ်များက ပြည်နယ်မြို့တော်မှ လူများကိုသာ ခန့်အပ်ခဲ့သော်လည်း ယခုနှစ်တွင် ဤသို့ ဖြစ်လာရသည်က ပုံမှန်မဟုတ်ပေ။
“ကြားရတာတော့ ပြည်နယ်မြို့တော်က အထက်တန်းကျောင်း အတော်များများ ကျောင်းပိတ်ထားရလို့တဲ့”
လီရှန်း၏ သံသယများကို ရိပ်မိသည့်အလား စိတ်လှုပ်ရှားနေသော လူငယ်က ရှင်းပြပေးလာသည်။ နှစ်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်နေခဲ့သော ပိုင်မားခရိုင်နှင့် နှိုင်းယှဉ်လျှင် ပြည်နယ်မြို့တော်၏ အခြေအနေမှာ ပိုမိုပြင်းထန်လှသည်။
အထက်တန်းကျောင်းသား အများအပြားမှာ လမ်းကြောင်းပြောင်းရန် ဖိအားပေးခံရပြီး အစွန်းရောက် “ရဲဘော်နီ”များ ဖြစ်လာကာ လမ်းမပေါ်တွင်လှည့်ပတ်၍ လှုပ်ရှားနေကြသည်။
အေးဆေးစွာ နေလိုသူများမှာ စက်ရုံကြီးများတွင် အလုပ်ဝင်ရန် စာမေးပွဲဖြေဆိုကြပြီး၊ မိမိကိုယ်ကိုယ် ယုံကြည်မှုမရှိသူများကတော့ အိမ်တွင်သာနေခြင်း သို့မဟုတ် နယ်ဘက်သို့ ဆင်း၍ ပညာတတ်လူငယ်အဖြစ် တာဝန်ထမ်းဆောင်ရန် ပြင်ဆင်နေကြသည်။
မူဝါဒကို တရားဝင် မကြေညာသေးသော်လည်း အဆက်အသွယ်ရှိသော မိဘများကတော့ မိမိတို့၏ သားသမီးအတွက် စည်ကား၍ အဆင်ပြေလောက်သော ရွာများကို ရွေးချယ်ကာ ကြိုတင်ပို့ဆောင်ပေးနေကြပြီဖြစ်သည်။
ပိုင်မားခရိုင်တွင် ဤသို့ဖြစ်နေလျှင် ပြည်နယ်မြို့တော်တွင် ပို၍ပင် ဆိုးဝါးပေလိမ့်မည်။ ထို့ကြောင့်ပင် ယခုတစ်ခေါက်တွင် ပိုင်မားခရိုင်မှ အရည်အချင်းရှိသူ အများအပြားကို အလုပ်ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
အလုပ်ဝင်ခွင့် အဆင့်ဆင့်ကို ဆောင်ရွက်ပြီးနောက် ရုံးခန်းထဲမှ ထွက်လာချိန်ကိုရောက်လျှင် လီရှန်းနှင့် လီလင်းတို့နှစ်ယောက်လုံး စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်ခဲ့သည်။
ထို့နောက် တစ်ဦးကိုတစ်ဦး ကြည့်ကာ မအောင့်အီးနိုင်ဘဲ ရယ်မောလိုက်ကြ၏။ ဤသည်မှာ သူတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအတွက် ပထမဆုံးခြေလှမ်းဖြစ်သော်လည်း နောက်ဆုံးခြေလှမ်းတော့ မဟုတ်ပါချေ။
“ဝန်ထမ်းအိမ်ရာကို အရင်သွားကြည့်ကြမလား”
လီရှန်းက အချိန်စောသေးသည်ကို မြင်သောကြောင့် အမြန်ပြန်ရန် မလိုသေးကြောင်း တွေးလိုက်သည်။ ထို့အပြင် လီလင်းသည်လည်း အမြန်ပြောင်းရွှေ့ချင်နေသဖြင့် သူမက အကြံပြုလိုက်လေသည် ။
“အခန်းလွတ်ရှိရင် အရင်ဦးအောင် ယူထားကြတာပေါ့.. ငါတို့က တခြားသူတွေနဲ့ အခန်းမျှနေရမှာပဲ”
လီလင်းက ခေါင်းကို အမြန်ငြိတ်လိုက်သော်လည်း စိတ်ပျက်သော မျက်နှာဖြင့် ပြောလာခဲ့ပြန်သည်။
“ဆေးဝါးစက်ရုံက ဝန်ထမ်းအိမ်ရာတွေက နှစ်ယောက်ခန်းတွေချည်းပဲ မဟုတ်ဘူးလား”
“ နှစ်ယောက်ခန်းတွေ ရှိတယ်လို့ ဆိုလိုတာ.. စက်ရုံက ဒီလောက်ကြီးတာလေ ..အကုန်လုံးက နှစ်ယောက်ခန်းတွေချည်းပဲဆိုရင် စက်ရုံဝင်းထဲက အဆောက်အအုံအများစုက ဝန်ထမ်းအိမ်ရာတွေ ဖြစ်ကုန်မှာပေါ့”
လီလင်းလည်း သူမ၏အတွေးမှာ အနည်းငယ် လက်တွေ့မကျမှန်းကို သိပေသည်။ သို့သော် သူမ၏ တောင်းဆိုချက်မှာ မမြင့်မားလှပေ။
ဆေးဝါးစက်ရုံ၏ ပတ်ဝန်းကျင်မှာ မည်မျှပင် ဆိုးရွားပါစေ လမ်းကြားထဲတွင် အိပ်ရသည်ထက်တော့ လုံးဝသာလွန်ပေလိမ့်မည်။
အနည်းဆုံးတော့ ခရိုင်အဆင့် အထက်တန်းကျောင်းတွင် ကုတင်တစ်ခုစီရသကဲ့သို့ ရှိလောကာပေသည်။ သူမ ယခုလုပ်နိုင်သည်မှာ အလုပ်ကို ကြိုးကြိုးစားစားလုပ်ပြီး လုပ်သက်ရလာချိန်တွင် အိမ်ရာခွဲတမ်းတွင် ပါဝင်နိုင်ရန် ဖြစ်ပေသည်။
ထို့ကြောင့် ထိုမကျေနပ်ချက်လေးကို အမြန်မေ့ဖျောက်လိုက်ပြီး နှစ်ယောက်အတူ ဝန်ထမ်းအိမ်ရာဆီသို့ စိတ်လှုပ်ရှားစွာ သွားခဲ့ကြသည်။
သူတို့ လျှောက်လွှာတင်ပြီးနောက် လေးယောက်ခန်းထဲတွင် လူနှစ်ဦးစာ နေရာရခဲ့သည်။ ကျန်သည့်လူနှစ်ဦးမှာ လွန်ခဲ့သော နှစ်နှစ်ကတည်းက အလုပ်ဝင်ထားသူများ ဖြစ်ပေသည်။
လီရှန်းနှင့် လီလင်းတို့က သော့ရသော်လည်း ချက်ချင်း ဝင်မကြည့်ကြသေးပေ။ အခုက အလုပ်လုပ်ချိန် ဖြစ်သဖြင့် နဂိုနေထိုင်သူနှစ်ဦး၏ ခွင့်ပြုချက်မရှိဘဲဝင်သွားလျှင် ရိုင်းရာကျပေလိမ့်မည်။
ထို့ကြောင့် သူတို့က စာတစ်စောင်ရေး၍ အိမ်ရာမှူး၏ ရှေ့တွင်ပင် တံခါးအောက်မှ ထည့်ပေးခဲ့လိုက်သည်။ ထို့နောက် နေ့လယ်ကျမှသာ လာကြည့်ရန် ဆုံးဖြတ်လိုက်ကြ၏။
“အရင်ဆုံး ယဉ်ကျေးမှုအရ လုပ်ရမယ်၊ ပြီးမှ လုပ်သင့်တာကိုလုပ်ကြတာပေါ့”
အရာအားလုံး အဆင်ပြေသွားသဖြင့် လီလင်းတစ်ယောက် ယခင်ကဲ့သို့ ပြန်လည် တက်ကြွလာပြီး လီရှန်းကို မျက်စိတစ်ဖက်မှိတ်ပြကာ ပြောလိုက်သည် ။
“နေ့လယ်ကျလို့ သူတို့က ငါတို့ကုတင်ပေါ်က ပစ္စည်းတွေကို မဖယ်ပေးထားရင်တော့ ငါတို့လည်း တရားဝင် အိမ်ရာမှာပဲ သွားနေတော့မယ်”
လီရှန်းက “ဟုတ်တယ်၊ ငါတို့က တခြားသူကို အနိုင်မကျင့်ပေမဲ့ သူများတွေ အနိုင်ကျင့်တာလည်း လက်ခံမှာမဟုတ်ဘူး”
“ဒါဆို ငါ အိမ်ပြန်ပြီး အထုတ်အပိုး ပြင်လိုက်ဦးမယ်.. နေ့လယ်ကျရင် ဒီကို ပြောင်းလာနိုင်အောင် ကြိုးစားရမယ်.. ငါ့ရဲ့အိမ်မှာက... တစ်စက္ကန့်တောင် ဆက်နေဖို့ မလွယ်တော့ဘူး”
မိသားစု၏အကြောင်းကို ပြောလိုက်လျှင် လီလင်းတစ်ယောက် ပြန်လည် စိတ်ညှိုးငယ်သွားပြန်သည်။
သူမ၏ မိဘများက သူမကို မချစ်ခြင်း မဟုတ်ပေ။ အိမ်ကသာ အလွန်ကျဉ်းလွန်း၍ ဖြစ်သည်။
အသက်ကြီးလာသည်နှင့်အမျှ လူတိုင်းက ကိုယ်ပိုင်နေရာကို ပို၍ လိုချင်လာကြသည်။ အထူးသဖြင့် အစ်ကိုကြီးဖြစ်သူမှာ အသက်မငယ်တော့ပေ။
မကြာသေးမီကပင် မိဘများက အစ်ကိုကြီးဖြစ်သူ အိမ်ထောင်ပြုပါက သူတို့၏အခန်းကို ဖယ်ပေးရန် တိုင်ပင်နေကြသည်။
ယခင်က ထိန်းသိမ်းထားခဲ့သော အေးချမ်းသည့် ဘဝလေးမှာလည်း ပြောင်းလဲသွားခဲ့ပြီ။
သူမ အားလပ်ရက် အိမ်ပြန်သည့်အချိန်တိုင်း ရန်ပွဲများစွာ ကြုံခဲ့ရပြီး ချစ်ခင်ခဲ့ကြသော မောင်နှမများမှာလည်း သူစိမ်းများကဲ့သို့ ဖြစ်လာခဲ့ကြရသည်။
***