“ငါသာ စက်ရုံကို ပြောင်းနေရင် ငါ့ညီမလေးက လှေကားထစ်ပေါ်မှာ အိပ်ရတော့မယ်ထင်တယ်”
လီလင်းက သက်ပြင်းတစ်ချက်ချလိုက်ပြီး အထီးကျန်စွာ ပြောလိုက်သည်။
“နင့်မှာ ဒုတိယအစ်ကိုလည်း ရှိသေးတယ်မလား”
လီရှန်းအနေဖြင့် လီလင်း၏ မိဘများ စဉ်းစားပုံကို အမှန်တကယ် နားမလည်နိုင်ပေ။ မိန်းကလေးနှစ်ယောက်ကို လှေကားခုံတွင် အိပ်ခိုင်းပြီး သားနှစ်ယောက်ကိုတော့ အိမ်ထဲတွင် ထားကြသည်။ မိန်းကလေးများအတွက် အန္တရာယ်ရှိသည်ကို မသိကြသည်လား။
“ငါ့ရဲ့ ဒုတိယအစ်ကိုကလည်း အခုတလော ဒေါသထွက်နေတယ်.. သူက အဖေနဲ့အမေက အစ်ကိုကြီးကိုပဲ မျက်နှာလိုက်တယ်လို့တွေးနေတာ.. သူ့မှာလည်း လက်ထပ်မယ့်သူ ရှိတယ်လို့ ပြောတယ်”
အတိုချုပ်ပြောရလျှင် လီလင်း၏ အမြင်တွင် ဤဒုတိယအစ်ကိုမှာ အတ္တကြီးသူတစ်ဦးဖြစ်ပေသည်။
“နင့်ရဲ့ညီမလေးက အလယ်တန်း အောင်တော့မှာပဲ.. ဒီအတိုင်း အဆင်မပြေရင် နောက်နှစ်ဆေးဝါးစက်ရုံအတွက် စာမေးပွဲဖြေခိုင်းရအောင် ဒီနှစ်ထဲမှာ စာသေချာကျက်ခိုင်းလိုက်လေ”
အလယ်တန်းအောင်ပြီးစဆိုလျှင် အသက် ၁၆ နှစ် မပြည့်သေးသောကြောင့် ကျေးလက်ဒေသဘက်သို့ အပို့မခံရသေးဘဲ ကြားထဲတွင် အချိန်ရှိနေသေးသည်။
“အင်း”
လီလင်း ခေါင်းညိတ်ကာ အသက်ပြင်းပြင်းရှူလိုက်ပြီး လီရှန်းကို နှုတ်ဆက်လိုက်သည် ။
“ဒါဆို ငါ အရင်ပြန်ပြီး ပစ္စည်းအထုပ်အပိုးတွေ သွားပြင်လိုက်ဦးမယ်”
ထို့နောက် သူမ ကျောခိုင်း၍လှည့်ထွက်သွားတော့သည်။ လီရှန်းတစ်ယောက် လီလင်း၏ နောက်ကျောကို ကြည့်ရင်း စိုးရိမ်လာမိရသည်။
သူမအနေဖြင့် လီလင်း၏ မိဘများက လီလင်းပြောသလောက် မကောင်းနိုင်ဟု ခံစားရသည်။ ကံကောင်းစွာဖြင့် လီလင်းပအလုပ်ဝင်ခွင့် အဆင့်ဆင့်ကိုဆောင်ရွက်ပြီးသွားပေပြီ။ သို့မဟုတ်လျှင် အလွယ်တကူပြဿနာတက်နိုင်ပေသည်။
အမျိုးသမီးအဆောင်မှ ထွက်လာပြီ့နောက် လီရှန်းတစ်ယောက် ဝင်းတံခါးဝတွင် စောင့်နေသော စုဝေ့ချင်းကို တွေ့လိုက်ရသည်။
“အလုပ်ဝင်ဖို့ အဆင့်တွေ လုပ်ဆောင်လို့ပြီးပြီလား”
လီရှန်းက တစ်ဖက်လူဆီသို့လှမ်းမေးလိုက်သည်။
စုဝေ့ချင်းက ခေါင်းညိတ်လာလေဒ။
“ပြီးပြီ”
သူက လီရှန်း၏မေးခွန်းကိုဖြေပြီးနောက် သူမ၏ မျက်နှာကို သေသေချာချာကြည့်ကာ ပြောလာခဲ့သည်။
“ဘာလို့ စိတ်မကောင်းဖြစ်နေတဲ့ ပုံပေါက်နေတာလဲ”
လီရှန်းက သူမ၏ စိုးရိမ်မှုများကို ပြောပြလိုက်သည်။
“စိတ်မပူပါနဲ့.. ဆေးဝါးစက်ရုံက ဝန်ထမ်းခေါ်ယူမှု စနစ်ကို သုံးတာဆိုတော့ စည်းကမ်းတွေက အရမ်းတင်းကျပ်တယ်.. အလုပ်ကို ကိုယ်ပေးချင်တဲ့သူဆီကို ပေးလို့ရတာမျိုး မဟုတ်ဘူး..
တကယ်လို့ ရဲဘော်လီရဲ့ မိသားစုက အကျိုးအကြောင်းမစီလျော်ဘဲ ပြဿနာရှာမယ်ဆိုရင် နောက်ဆုံး စက်ရုံက အလုပ်ကိုပြန်သိမ်းသွားမှာပဲ”
တစ်နည်းအားဖြင့် လီလင်း၏ မိဘများသာ စက်ရုံသို့လာ၍ ပြဿနာရှာပါက လီလင်း အလုပ်ပြုတ်သွားနိုင်ခြေသာရှိသည်။ အလုပာနေရာကိုယူသွား၍မရပါချေ။
လီရှန်းက စိုးရိမ်တကြီးဖြင့် မေးလိုက်မိသညာ။
“သူမရဲ့ မိဘတွေက အိမ်မှာ အတင်းအကျပ်လုပ်ရင်ရော”
“သူတို့အလုပ်ကို လွှဲယူမယ်ဆိုရင်တောင် စာမေးပွဲကတော့ဖြေရဦးမှာပဲ”
စုဝေ့ချင်းက ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။
“ကိုယ့်ရဲ့အဖေ ဒုတိယညွှန်ကြားရေးမှူး ဖြစ်လာမှ ဒီအလုပ်ခေါ်ဆိုမှုတွေကို တင်းကြပ်လိုက်တာရှိတယ်.. စည်းမျဉ်းအရ အစားထိုးမယ့်သူက အရည်အချင်း မပြည့်မီဘူးဆိုရင် စက်ရုံက အဲဒီနေရာကို ပြန်ဝယ်ယူလိုက်လို့ရတယ်”
ဤသည်မှာ ဆေးဝါးစက်ရုံသို့ ဝင်လိုသော စက်ရုံဝန်ထမ်း၏မိသားစုဝင်များလည်း ကိုယ်တိုင်စာမေးပွဲ ဖြေဆိုကြရသည့် အကြောင်းရင်းပင် ဖြစ်ပေသည်။
မည်သို့ပင်ဖြစ်စေ စာမေးပွဲဖြေရမည်အတူတူ အလုပ်သမား စာမေးပွဲကို အောင်မြင်အောင် ဖြေလိုက်ခြင်းက ပို၍ ကောင်းသည်။ ဤသို့ဖြင့် တစ်မိသားစုလုံး အမြဲတမ်းဝန်ထမ်းများ ဖြစ်လာကြမည်။
နောက်ဆုံး မိဘများက အလုပ်မလုပ်နိုင်တော့လျှင်ပင် အလုပ်နေရာကို စက်ရုံသို့ ပြန်ရောင်းကာ ငွေတစ်လုံးတစ်ခဲတည်းရနိုင်သဖြင့် သားသမီးများအကြား ခွဲဝေမှု မမျှတမည်ကို စိုးရိမ်စရာ မလိုတော့ပေ။
လီရှန်းအနေဖြင့် ဆေးဝါးစက်ရုံတွင် ဤကဲ့သို့သော စည်းကမ်းရှိသည်ကို မထင်ထားခဲ့ပေ။
သူမ စိတ်အေးသွားရသည်။
“ဒါဆိုရင်တော့ ကောင်းတာပေါ့၊ လီလင်းရဲ့ အလုပ်က မြဲသွားပြီလို့ဆုံးဖြတ်နိုင်ပြီ”
စုဝေ့ချင်းလည်း လီရှန်း ပြုံးသည်ကို မြင်လျှင် သူပါ လိုက်ပြုံးမိသွားသည် ။
“အဆောင်ကိစ္စလည်း ပြေလည်သွားပြီဆိုတော့ စက်ရုံကို ဘယ်တော့လောက်ကို ပြောင်းလာဖို့ စဉ်းစားထားလဲ”
“မနက်ဖြန်ပေါ့.. ဒီနေ့ နေ့လယ်တော့ လုပ်စရာလေးတွေ ရှိသေးတယ်”
ဆေးဝါးစက်ရုံတွင် အလုပ်ဝင်ပြီး နောက်တစ်နေ့တွင် အလုပ်ဆင်းရသော်လည်း နေထိုင်မှုအတွက် တင်းကျပ်သော စည်းကမ်းမရှိပေ။
အမှန်စင်စစ် လီရှန်းကဲ့သို့သော ဒေသခံများကို စက်ရုံက အိမ်မှာနေရန်သာ တိုက်တွန်းတတ်သည်။
သို့သော် စက်မှုယန္တရားစက်ရုံနှင့် ဆေးဝါးစက်ရုံမှာ အလွန်ဝေးကွာသောကြောင့် လီရှန်းက စက်ရုံမှာပင် နေရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
သို့သော်လည်း သူမသည်က လီလင်းကဲ့သို့ အလျင်စလို ပြောင်းရန် မလိုသဖြင့် အေးအေးဆေးဆေးသာ ပြင်ဆင်ရန် ဆုံးဖြတ်လိုက်သည်။
“ဒါဆို ကိုယ် မနက်ဖြန် ကူပြီး ပြောင်းပေးမယ်လေ”
စုဝေ့ချင်းက အလွန်ပင်စိတ်အားထက်သန်စွာပြောလာသည်။လီရှန်းးမူလကအစက ငြင်းဆန်ချင်ခဲ့သော်လည်း ယမန်နေ့ညက စုဝေ့ချင်း၏ ဝန်ခံစကားနှင့် သူ၏ မျှော်လင့်ချက်အပြည့်ရှိသော မျက်နှာကို မြင်လိုက်ရပြီးနောက် စကားကို အမြန်ပြောင်းလိုက်ရသည် ။
“ကောင်းပါပြီ”
စုဝေ့ချင်း၏ မျက်လုံးများက ချက်ချင်းဆိုသလို တောက်ပသွားပြီး သူ၏ ချောမောသော မျက်နှာတွင် အပြုံးများ ပြည့်နှက်သွားတော့သည်။
သူက အားမာန်အပြည့်ဖြင့် ပြောလာသည်။
“ဒါဆို မနက်ဖြန် အလုပ်ဆင်းရင် ကိုယ် မင်းဆီကို လာခဲ့မယ်!”
လီရှန်းက ပါးစပ်ကိုပိတ်ကာ ပြုံးလိုက်မိပြီး ခေါင်းညိတ်ပြလိုက်သည် ။
နေ့လယ်ဘက်တွင် လုပ်စရာရှိနေသောကြောင့် လီရှန်းက စုဝေ့ချင်းကို နှုတ်ဆက်ကာ စက်မှုယန္တရားစက်ရုံသို့ အမြန်ပြန်လာခဲ့သည်။
အိမ်တွင်တော့ ကျန်းကျူးရိနှင့် ဖန့်ချင်းတို့မှာ အလုပ်မသွားဘဲ စိုးရိမ်တကြီး စောင့်နေကြသည်။
မနေ့ညက ပေါ့ပါးသော အခြေအနေနှင့် မတူဘဲ ယခုအိမ်တွင်းလေထုမှာ အလွန်ပင် တည်ငြိမ်လေးလံနေ၏။
ဇနီးမောင်နှံနှစ်ဦးလုံး စိတ်လှုပ်ရှားလွန်းသဖြင့် အိမ်သာသို့ပင် ခဏခဏ သွားနေခဲ့ကြသည်။
လီရှန်း အိမ်ထဲသို့ ဝင်လာမှသာ လေးလံနေသော လေထုမှာ ပြန်လည် ပေါ့ပါးသွားသကဲ့သို့ ခံစားရသည်။
မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေကြသော ဇနီးမောင်နှံကို မြင်လျှင် လီရှန်းလည်း အချိန်မဆွဲတော့ဘဲ ပြုံးလျက် ကြေညာလိုက်သည် ။
“ဦးလေး... အန်တီ... ကျွန်မ ဆေးဝါးစက်ရုံမှာ အလုပ်ရပြီ”
“ဒုန်း ! “ ဟူသောအသံနှင့်အတူ ကျန်းကျူးရိထိုင်နေသော ထိုင်ခုံက လဲကျသွားခဲ့လေ၏။
သို့သော် ကျန်းကျူးရိက ဂရုမစိုက်ဘဲ လီရှန်းထံသို့ အပြေးလာကာ စိတ်လှုပ်ရှားလွန်းသောကြောင့် နီရဲနေသောမျက်နှာထားဖြင့်ပြောလာသည်။
“တကယ်လား?”
“အင်း!”
လီရှန်းက ခေါင်းကို အလေးအနက် ညိတ်ပြလိုက်သည်။
“ကောင်းပြီ... ကောင်းပြီ”
ကျန်းကျူးရိ၏ မျက်လုံးများက ချက်ချင်း နီမြန်းလာပြီး မျက်ရည်များ ဝဲလာခဲ့သည်။ သူက လူအများရှေ့တွင် ငိုရမည်ကို ရှက်ရွံ့နေသောကြောင့် မျက်နှာကို တစ်ဖက်သို့လှည့်လိုက်ကာ လီရှန်း၏ အမေဖြစ်သူ၏နာမည်ကို တီးတိုးရေရွတ်လိုက်သည် ။
“ဟုန်းကျန်း... အခုတော့ မင်း စိတ်အေးလို့ ရပြီ၊ ရှန်းရှန်းက အရွယ်ရောက်လာခဲ့ပြီ”
ဖန်ချင်းသည်လည်း မအောင့်အီးနိုင်ဘဲ ငိုကြွေးလာခဲ့တော့သည်။ သူမက လီရှန်းကို ဖက်ထားရင်း ရှိုက်ကြီးတငင်ဖြင့် ငိုကြွေးလာခဲ့သည်။
“လိမ္မာတဲ့ ကလေးလေး... သမီး အရမ်းပင်ပန်းခဲ့မှာပဲ.. သမီးကို ကျေးဇူးတင်ပါတယ်.. ငါတို့ အခု အောင်မြင်သွားပြီ”
လီရှန်းတစ်ယောက် ဖန်ချင်းကို ပြန်ဖက်ထားလိုက်ပြီး သူမ၏ ပုခုံးပေါ်တွင် မျက်နှာအပ်ထားလိုက်မိသည်။ သူမက မငိုရှိုက်လာခဲ့သော်လည်း သူမ၏ ပွေ့ဖက်မှုများထဲတွင် လွမ်းဆွတ်မှုများဖြင့်ပြည့်နှက်နေလေ၏။
အမှန်ပဲ။ သူမ အောင်မြင်ခဲ့ပြီ။
ဒီဘဝမှာတော့ သူမရဲ့အရင်ဘဝတုန်းကလိုမျိုး အထီးကျန်ပြီးအကူအညီမဲ့စွာနှင့်သေဆုံးရတော့မှာမဟုတ်ဘူး။
ကျန်းကျူးရိက အခြေအနေကို အမြန်ထိန်းလိုက်ပြီး လီရှန်းထံမှ အလုပ်ဝင်ခွင့်အထောက်အထားကို ယူကာ အထပ်ထပ်အခါခါ စစ်ဆေးကြည့်နေခဲ့သည်။
၎င်းမှာ ဆေးဝါးစက်ရုံ၏ ခေါင်းစဉ်ပါရှိသော စာရွက်ပေါ်တွင် ရေးထားသည့် လက်မှတ်တစ်ခု ဖြစ်ပေသည်။
ဤလက်မှတ်နှင့်အတူ လီရှန်းက စားသောက်ကုန်နှင့်ဆီ ၊ရိက္ခာများကို စက်ရုံမှတဆင့် လွှဲပြောင်းယူနိုင်မည်ဖြစ်ပြီး ဆေးဝါးစက်ရုံ၏ ခံစားခွင့်များ အားလုံးကိုရရှိတော့မည်ပင်။
ကျန်းကျူးရိအနေဖြင့် ဝန်ထမ်းရေးရာများကို တာဝန်ယူရသူဖြစ်ရာ ဤအခြေအနေများကို ကောင်းကောင်း သိထားခဲ့သည်။
ကံကောင်းစွာဖြင့် လီဟုန်ကျွင့်က လီရှန်းကို “လက်လွှတ်” ကြောင်း ပြသသည့်အနေဖြင့် သူမ၏ အိမ်ထောင်စုစာရင်းကို ကျန်းမိသားစုထံသို့ တိုက်ရိုက် လွှဲပြောင်းပေးထားခဲ့သည်။
ထို့ကြောင့် ကျန်းကျူးရိက လီရှန်း၏ ရိက္ခာလွှဲပြောင်းမှုများကို အချိန်မရွေး လုပ်ဆောင်ပေးနိုင်သည်။
ခဏအတွင်းမှာပင် လီရှန်း၏ ရိက္ခာလွှဲပြောင်းခွင့်လက်မှတ်ကို ထုတ်ပေးလိုက်ပြီး ဆေးဝါးစက်ရုံက လက်ခံရန်သာလိုအပ်တော့သည်။
အရာအားလုံး ပြီးစီးသွားလျှင် ကျန်းကျူးရိက နောက်တစ်ခုကိုပြောလာသည် ။
“မင်းက ဆေးဝါးစက်ရုံကို သွားမှာဆိုတော့ အထည်စက်ရုံက အလုပ်ကိုတော့ မယူတော့ဘူးမလား”
“မယူတော့ပါဘူး”
လီရှန်းက ခေါင်းခါလိုက်ပြီး ဖန်ချင်းကို မေးလိုက်သည် ။
“အန်တီ့ရဲ့ ဆွေမျိုးတွေထဲမှာ အလုပ်လိုချင်တဲ့သူ ရှိလား”
“မရှိဘူး”
ဖန်ချင်းတွင် သူမထက် ဆယ်နှစ်ကျော်ငယ်သော မောင်တစ်ယောက်ရှိသော်လည်း ထိုသူမှာလည်း ဆရာဝန်တစ်ယောက် ဖြစ်နေပြီ။
သူ့ထံတွင် သားနှစ်ယောက်ရှိသော်လည်း အကြီးဆုံးကလေးကပင် ကျန်းချောင်ထက် ငယ်သေးသောကြောင့် အလုပ်လုပ်ရန် မဖြစ်နိုင်သေးပေ။
“ရှောင်တင်းတို့ဘက်မှာကော အလုပ်လိုတဲ့သူ မရှိဘူးလား”
ဖန်ချင်းက ကျန်းကျူးရိကို လှည့်မေးပြန်သည်။
“မရှိဘူး၊ သူတို့က သမီးတစ်ယောက်တည်းပဲ ရှိတာလေ”
ဖန်ချင်းအနေဖြင့် တတိယမြောက်မတ်ဖြစ်သည့် ကျန်းရှင်းမင်၏ ဇနီးဖြစ်သူ ချန်ဖန်းအကြောင်းကို စဉ်းစားမိသော်လည်း ချက်ချင်းပင် ခေါင်းကိုခါရမ်းလိုက်သည်။
“သူ့ရဲ့အမျိုးတွေက အကုန်လုံး ဆရာ၊ ဆရာမတွေချည်းပဲ၊ ဂုဏ်သိက္ခာရှိတဲ့အလုပ်ကို လုပာနေတဲ့သူတွေဆိုတော့ ဒီအလုပ်ကို လုပ်မှာမဟုတ်ဘူး
မိသားစုဝင်များအားလုံးကို စဉ်းစားကြည့်သော်လည်း ထိုအလုပ်နေရာကို လိုအပ်နေသည့်သူတစ်ဦးမှ မရှိကြောင်းကို တွေ့လိုက်ရသည်။
“ကျန်းချောင်သာ နောက်ထပ်နှစ်နှစ်လောက် ကြီးဦးမယ်ဆိုရင် ဒီအလုပ်ကို သူ့ကို ပေးလိုက်လို့ ရမှာပဲ”
လီရှန်းတစ်ယောက် အသံတိုးတိုးဖြင့် ရေရွတ်လိုက်မိသည်။
***