ကျန်းကျူးရိက လီရှန်းစဉ်းစားရခက်နေသည်ကိုမြင်လျှင် ကြားထဲမှ ဆုံးဖြတ်ချက် ချပေးလိုက်သည်။
“ဒါဆိုရင်လည်း ဒီအလုပ်ကို ရောင်းလိုက်ကြတာပေါ့”
သူက စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး ဆက်ပြောခဲ့သည်။
“ငါ အထည်ချုပ်စက်ရုံက လောင်လျို့ဆီကို သွားကြည့်ဖို့ စိတ်ကူးထားတယ်.. သူ့သား လျို့ချောင်ကျွင့်က ရှန်းရှန်းနဲ့ အတန်းဖော်တွေလေ.. မူဝါဒအသစ်တွေအကြောင်းကို သူလည်း ကြားထားမှာပဲ
ဒီနှစ်ပိုင်း အထည်ချုပ်စက်ရုံက လူသစ်ခေါ်မှာ မဟုတ်ဘူး.. သူသာ သူ့ရဲ့သားကို မြို့ပေါ်မှာ ထားချင်တယ်ဆိုရင် ဒီအလုပ်ကို ဝယ်ဖို့ ငြင်းမှာ မဟုတ်ဘူး”
လီရှန်း အံ့အားသင့်စွာဖြင့် ကျန်းကျူးရိကို ကြည့်လိုက်၏။
သူမ၏ စိတ်ကူးနှင့် ဦးလေးဖြစ်သူ၏ စိတ်ကူးမှာ ထပ်တူကျနေသည်။
ပြီးခဲ့သောဘဝက သူမအနေဖြင့် နယ်ဘက်သို့ ဆင်းသွားခဲ့ရသော်လည်း ယခုဘဝတွင်မူ အခြေအနေများက ပြောင်းလဲကုန်ပြီ ဖြစ်သည်။ သူမက ဤအလုပ်ကို လောင်လျို့ထံသို့ ရောင်းလိုက်ခြင်းအားဖြင့် လျို့ချောင်ကျွင့်ကို မြို့တွင် အတည်တကျ နေခွင့်ရစေရန် ဖန်တီးပေးချင်ခဲ့သည်။
ထိုသို့ဆိုပါက လျို့ချောင်ကျွင့်က လီကျူးကို လက်ထပ်ပါဦးမည်လား။
ပြီးခဲ့သောဘဝက ထုန်လင်းမှ သူမ၏သားသမီးများအတွက် လီရှန်းကို အသုံးချခဲ့သည်။ ယခုတွင်တော့ လီချောင်တွင်လည်း အလုပ်မရှိတော့သည်းအတွက် လီကျူးတွင်လည်း မျှော်လင့်ချက် မရှိဖြစ်လာမည်ဆိုပါက ထုန်လင်းအနေဖြင့် မည်သို့ ရွေးချယ်လာမည်ကို သူမ သိချင်နေခဲ့ပေ၏။
ကျန်းကျူးရိက ဖန်ချင်းကို သူ၏ အစီအစဉ်များအား ဆက်လက် ရှင်းပြနေခဲ့သည်။
“အထက်ဘက်က အထည်ချုပ်စက်ရုံနဲ့ မြေကွက်လဲဖို့အစီအစဉ်ရှိနေတယ်.. အခု လောင်လျို့တို့ နေတဲ့ ခြံဝင်းလေးက ဖျက်ရတော့မှာ.. ဒီအလုပ်ကို ရောင်းပြီးတာနဲ့ ရှန်းရှန်းက အထည်ချုပ်စက်ရုံနဲ့ ဘာမှမဆိုင်တော့ဘူး
အရင်က ဟုန်ကျန့်အတွက်ရထားတဲ့ ဝန်ထမ်းအိမ်ရာကိုလည်း ငါတို့ ဆက်ယူထားဖို့ အကြောင်းမရှိဘူး.. အိမ်ဖျက်တဲ့အချိန်ကျရင် ဝူချန်ချွန်းဆီကိုသွားပြီး ဟုန်ကျန်းရဲ့ အိမ်ရာခွဲတမ်းရပိုင်ခွင့်ကို သူ့ကို ရောင်းပေးလိုက်မယ်”
ဖန်ချင်းက မျက်လုံးအဝိုင်းသားဖြင့် တအံ့သသြပြောလာခဲ့သည်။
“အိုး ... မှတ်မိပြီ ရှင် ပြီးခဲ့တဲ့တစ်ခေါက်က ဝူချန်ချွန်းနဲ့ နှစ်ယောက်တည်း ခိုးကြောင်ခိုးဝှက် စကားပြောနေတာ ဒါကြောင့်ကိုး. ရှင်တို့နှစ်ယောက် အကြံအစည်တွေ အများကြီး ရှိနေတာပဲ”
လီရှန်းလည်း ထိုစဉ်က ကျန်းကျူးရိက အိမ်ကိစ္စကို လျှော့ပြောရန် သူမကို အရိပ်အယောင် ပြခဲ့သည်ကို သတိရသွား၏။ သူမအနေဖြင့် ဦးလေးဖြစ်သူ၏ အမြော်အမြင်ရှိမှုကို မချီးကျူးဘဲ မနေနိုင်တော့ပေ။
ကျန်းကျူးရိက ဂုဏ်ယူစွာဖြင့် မေးစကို ပင့်လိုက်ပြီး တည်ငြိမ်အေးဆေးလေသံဖြင့် ပြောလာသည်။
“ဒီနှစ်တွေမှာ လီဟုန်ကျွင့်က ဟုန်ကျန့်ရဲ့ အသက်သွေးချွေးနဲ့ လဲထားတဲ့အိမ်မှာ နေပြီး ငါ့တူမလေးကို နှိပ်စက်ခဲ့တာ.. ဒီတစ်ခါတော့ သူ့ကို အေးအေးဆေးဆေး နေခွင့်မပေးနိုင်ဘူး”
“အမေ ချန်ထားခဲ့တဲ့ ထောက်ပံ့ကြေး ငွေရာဂဏန်းလည်း ရှိသေးတယ်နော်”
လီရှန်း ဖြည့်စွက်ပြောလိုက်လေ၏။ သူမသည်က လီဟုန်ကျွင်းကို အကြွေစေ့တစ်စေ့မျှ အလကား မပေးလိုတော့ပေ။
“တစ်ဆင့်ချင်းစီ သွားကြတာပေါ့”
ကျန်းကျူးရိက သက်ပြင်းတစ်ချက်ချကာ ဆိုလာခဲ့သည်။
“အနှေးနဲ့အမြန် သူယူထားတဲ့ အရာအားလုံးကို ပြန်အန်ထုတ်လာစေရမယ်”
ဖန်ချင်းတစ်ယောက် သေဆုံးသွားသော ယောက်မကို သတိရသွားပြီး လီရှန်းကို သနားဂရုဏာသက်စွာဖြင့် ပွေ့ဖက်လိုက်ပြန်သည်။
“သမီးကတော့ အေးအေးဆေးဆေးနှင့် အလုပ်ကိုပဲ လုပ်နေလိုက်.. ဒီကိစ္စတွေကို မင်းဦးလေး လုပ်ပေးလိမ့်မယ်.. ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်နော်”
လီရှန်းက မည်သည်ကိုမျှ ပြန်မပြောဘဲ သူမ၏ ခေါင်းကို အကြီးဆုံးအန်တီ၏ ရင်ခွင်ထဲတွင် မြှုပ်နှံထားလိုက်မိလေ၏။ အကယ်၍ အခွင့်အရေးသာ ရခဲ့လျှင် သူမကိုယ်တိုင်လည်း ရန်သူကို အလဲထိုးရန် ဝန်လေးမည် မဟုတ်ပေ။
အရောင်းအဝယ် ကိစ္စများကို ကျန်းကျူးရိက တာဝန်ယူပေးထားသဖြင့် လီရှန်းမှာ အလုပ်သွားရန်သာ အာရုံစိုက်လိုက်သည်။
သို့သော် လီရှန်းက ဆေးဝါးစက်ရုံမှာ ပြောင်းနေချင်သည်ကို ကျန်းကျူးရိက သဘောမကျပေ။
“အိမ်က အခန်းအကျယ်ကြီးကို ထားခဲ့ပြီး ဘာလို့သူများတွေနဲ့ သွားနေမှာလဲ၊ တခြားသူတွေနဲ့ သွားတိုးနေမှ စိတ်ချမ်းသာမှာလား”
ကျန်းကျူးရိက မျက်မှောင်ကြုတ်ကာ လီရှန်းကိုကြည့်လာခဲ့သည်။
ယခင်က သူ၏သားကြီးနှစ်ယောက် ရှိနေခဲ့သောကြောင့် မိန်းကလေးတစ်ယောက်တည်းအနေဖြင့် အနေရခက်မည်ကိုစိုးရိမ်၍ သူ နားလည်ပေးခဲ့သော်လည်း ယခုအချိန်တွင် သားကြီးနှစ်ယောက်စလုံးက နယ်ဘက်သို့ ရောက်နေကြပြီဖြစ်ပြီး အိမ်တွင် ကျန်းချောင် တစ်ယောက်သာ ကျန်တော့သည်။
အိမ်တွင် နေစရာအကျယ်ကြီး ရှိလျက် စက်ရုံတွင်သွားနေချင်သည်ကို သူ နားမလည်နိုင်ပေ။
ဖန်ချင်းသည်လည်း စိတ်ထဲတွင် စိုးရိမ်မိသော်လည်း ကျန်းကျူးရိ၏လေသံကိုကြားလျှင် သူမက ကြားထဲမှ ဝင်ထိန်းလိုက်သည် ။
“မနေချင်ဘူးလို့ ပြောရင် ပြီးတာပဲလေ၊ ရှင် စိတ်တိုတာနဲ့ ကလေးက ကြောက်သွားတော့မှာပဲ”
“ ငါက နားမလည်နိုင်လို့မေးတာပါ”
ကျန်းကျူးရိက မျက်မှောင်ကြုတ်နေဆဲပင်။
လီရှန်း အပြုံးတစ်ခုနှင့် ပြန်ဖြေလိုက်သည်
“ကျွန်မက စက်ရုံမှာ ခုတင်တစ်လုံးတောင်းထားရုံပါပဲ.. နေ့တိုင်း အဲဒီမှာနေမယ်လို့ မပြောပါဘူး.. အလုပ်မများတဲ့နေ့ဆိုရင် အိမ်ကိုပြန်လာမှာပေါ့..
စက်ရုံရဲ့ အလုပ်အခြေအနေကို မသိရသေးဘူးလေ.. တကယ်လို့ အချိန်ပိုဆင်းရလို့ နောက်ဆုံးကားမမှီရင် လမ်းလျှောက်ပြန်နေရတာမျိုးဖြစာနေမှာကို စိတ်ပူလို့”
သူမ၏စကားက ကျိုးကြောင်းဆီလျော်နေခဲ့သည်။ ကျန်းကျူးရိကိုယ်တိုင်လည်း ဝန်ထမ်းရေးရာ၏အကြီးအကဲဖြစ်သည့်အတွက် အလုပ်များသည့်အချိန်မျိုးတွင် အချိန်ပိုဆင်းရတတ်ကြောင်းကို သိထားသည်။
ထို့ကြောင့် သူ မကျေနပ်သေးသော်လည်း လီရှန်း စက်ရုံတွင်နေရာယူထားသည်ကို သဘောတူလိုက်လေ၏။
ဦးလေးဖြစ်သူ၏ သဘောထား ပျော့ပျောင်းသွားသည်ကို မြင်လျှင် လီရှန်းက ရဲတင်းလာပြီး ဖန်ချင်း၏ ပုခုံးကိုပွေ့ဖက်ကာ ကျီစယ်လိုက်သည် ။
“ကျွန်မက အလုပ်သွားလုပ်ရုံပါပဲ.. အိမ်ထောင်ပြုမှာ မဟုတ်ပါဘူး၊ ကျွမ်မ အိမ်ထောင်မပြုမချင်း အိမ်ကို ပြန်လာမှာ”
“မင် စလာပြန်ပြီလား... မင်းရဲ့ဦးလေး စိတ်မတိုသေးခင်ဆက်မပြောဘဲ ရပ်လိုက်တော့”
“တကယ်လို့ မင်းသာ အိမ်ထောင်ကျသွားပြီးတဲ့နောက်မှာ အိမ်ကို ပြန်လာပြီးမနေတော့ဘူးဆိုရင် အန်တီကတော့ စိတ်အေးရမှာပဲ”
ဖန်ချင်းကတော့ ကျန်းကျူးရိနှင့်အမြင်မတူဘဲ လီရှန်းကို ပြောလာခဲ့သည်။ ဆိုရလျှင် ယောက္ခမအိမ်တွင် အဆင်မပြေသော ချွေးမအသစ်များကသာ မိဘအိမ်သို့ နေ့တိုင်း ပြန်လာတတ်ကြသည် မဟုတ်ပါလား။
ကျန်းကျူးရိက ဖန်ချင်းကို မျက်စောင်းထိုးလိုက်သည်။
“မင်း ဘာတွေ ပြောနေတာလဲ”
ထို့နောက် သူက လီရှန်းကို ကြည့်၍ဆက်ပြောလိုက်ပြန်သည်။
“မင်း အိမ်ထောင်ကျရင်လည်း အိမ်ကို ပြန်လာနေလို့ ရတယ် ဦးလေးက မင်းကို ဘယ်တော့မှ ငြိုငြင်မှာ မဟုတ်ဘူး.. သမီးမှာ အရည်အချင်းရှိရင် အဲဒီလူကိုပါ အိမ်ကို ခေါ်လာခဲ့”
ဖန်ချင်း နှာခေါင်းရှုံ့လိုက်သည်။
“ရှင့်ရဲ့ ဒေါသကြီးတတ်တတ်တဲ့ အကျင့်ကို ဘယ်သူမှ သည်းခံနိုင်မှာ မဟုတ်ဘူး..ဒါနဲ့ ရှန်းရှန်း ဆေးဝါးစက်ရုံမှာ အလုပ်ရတာကို ရှင့်ရဲ့သားတွေနဲ့ ဟုန်းပင်းတို့ဆီကို အကြောင်းကြားရဦးမယ်
ပြီးတော့ ရှန်းရှန်းရောပဲ.. မင်းရဲ့ အဘိုးဆီကိုလည်း ကိုယ်တိုင်သွားပြောရမယ်.. နောက်နှစ်ရက်ဆိုရင် အဘိုးဆီကို သွားရမှာဆိုတော့ စောစောပြင်ထားလိုက်ဦး”
သူတို့က စနောက်နေကြသော်လည်း အလုပ်ကိစ္စကိုတော့ သေသေချာချာလုပ်ရမည်ပင်။ ဖန်ချင်းက မိသားစု ညစာစားပွဲအတွက် စတင်ပြင်ဆင်ရန် ပြောလာခဲ့သည်။
သူမ၏အဘိုးအကြောင်းကို ပြောလျှင် လီရှန်းသည် အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားမိသည်။
သူမ၏ အဘွားမှာ စောစီးစွာကွယ်လွန်သွားခဲ့ပြီး အဘိုးဖြစ်သူ ကျန်းယွီတုန်မှာ မုဆိုးဖိုဖြစ်သွားခဲ့သည်။
သူ့အနေဖြင့် သားသမီး ငါးယောက်ကို တစ်ကိုယ်တည်း ကျွေးမွေးပြုစုရန် မလွယ်ကူသောကြောင့် နောက်ပိုင်းတွင် ဝူယွီနျန်နှင့် လက်ထပ်ခဲ့သည်။
ဝူယွီနျန်မှာ မိဘမဲ့တစ်ဦးဖြစ်ပြီး ငယ်စဉ်က ဆင်းရဲဒုက္ခ များခဲ့သဖြင့် ကလေးမရနိုင်ပေ။
သို့သော် သူမက လီရှန်း၏ အမေနဲ့ဦးလေးများအားလုံးကို သားသမီးအရင်းကဲ့သို့ ချစ်ခင်ပြုစုခဲ့သဖြင့် ကျန်းကျူးရိတို့ကလည်း သူမကို လေးစားကြသည်။
သို့သော်လည်း သူမ အသက်ကြီးလာချိန်တွင်တော့ ချွေးမများက သူမကို မလိုလားမည်စိုးရိမ်သောကြောင့်ညသူမက လီရှန်း၏အဘိုးနှင့်အတူ အိမ်ဟောင်းတွင်သာ သီးသန့် နေထိုင်ခဲ့သည်။
သူတို့က ကိုယ့်ကိုယ်ကို မစောင့်ရှောက်နိုင်တော့မှသာ အတူနေရန် ဆုံးဖြတ်ထားခဲ့ကြလေ၏။
ကျန်းမိသားစုမှ မောင်နှမများမှာ ဆက်ဆံရေး ကောင်းမွန်ကြပြီး လစဉ်လတိုင်း အိမ်ဟောင်းသို့သွားကာ လူကြီးမိဘကို ကန်တော့လေ့ ရှိကြသည်။ ကံမကောင်းစွာဖြင့် လီရှန်း ပြန်ရောက်လာသည့်နေ့မှာ မိသားစု စုံညီညစာစားပွဲပြီးသွားသည့် အချိန်နှင့် တိုက်ဆိုင်နေခဲ့သည်။
ထို့အပြင် ယခင်ဘဝက သူမကြောင့် သေဆုံးခဲ့ရသည့် အဘိုးဖြစ်သူကို မည်သို့ မျက်နှာချင်းဆိုင်ရမည်ကို မသိဖြစ်နေခဲ့ရသောကြောင့် သူမက အချိန်ဆွဲနေခဲ့ပြီး တစ်ခါမျှ မသွားဖြစ်ခဲ့သေးပါချေ။
“အဲဒီနေ့ အခြေအနေကို ကြည့်ရဦးမယ်.. အလုပ်စောစောဆင်းရရင် စောစောသွားရမယ်”
သူမအနေဖြင့် ရှောင်ဖယ်နေရုံနှင့် မပြီးပေ။ သူမ ပြန်ရောက်လာချိန်တွင်ပင် အဘိုးဖြစ်သူကို သွားမတွေ့ခြင်းမှာ တကယ်ပင် မသိတတ်ရာ ရောက်လှသည်။
အဘိုးဖြစ်သူ၏အကြောင်းကို ပြောမိပြီးနောက် လီရှန်းတစ်ယောက် တစ်နေ့ခင်းလုံး စိတ်မကြည်မလင် ဖြစ်နေခဲ့ပြီး နေ့လယ်စာကိုပင် နှစ်လုပ်ခန့်သာ စားနိုင်ခဲ့လေ၏။
နေလယ်ပိုင်းတွင် ကျန်းကျူးရိနှင့် ဖန်ချင်းတို့မှာ အလုပ်သို့သွားရန် အလျင်စလိုထွက်သွားကြပြီး လီရှန်းတစ်ယောက်တည်းသာ ဆေးဝါးစက်ရုံသို့ ယူသွားမည့် ပစ္စည်းများကို ငြိမ်သက်စွာ ထုပ်ပိုးနေခဲ့သည်။
သူမ ပစ္စည်းများကို ရှင်းလင်းသိမ်းဆည်းပြီးနောက် နေ့လယ်ဘက်တွင် လီလင်းနှင့် အဆောင်သို့သွားကြည့်ရန် ချိန်းထားသည်ကိုတွေးတောကာ လစဉ်စီးကားလက်မှတ်ကို ယူပြီး အိမ်ထဲမှ အမြန်ထွက်လာခဲ့သည်။
နေ့လယ်ပိုင်းအချိန်တွင် ဘတ်စ်ကားက လူမရှုပ်သောကြောင့် လီရှန်းတစ်ယောက် ထိုင်ခုံအလွတ်တစ်ခုကို ရွေးချယ်ကာ ဝင်ထိုင်လိုက်လေသည်။
ယခုတစ်ကြိမ်တွင် သူမ၏ဘေးတွင်ထိုင်င်ကာ စနောက်ပြောဆိုပေးမည့် စုဝေ့ချင်းမပါသောကြောင့် လီရှန်းတစ်ယောက် ခရီးက ပို၍ ရှည်လျားနေသယောင် ခံစားနေခဲ့ရလေ၏။
***