လီရှန်း ပြတင်းပေါက်အပြင်ဘက်မှ ရှုခင်းများကို ကြည့်ရင်း ယခင်ဘဝက အဘိုးဖြစ်သူ၏ မျက်နှာကို ပြန်လည်မြင်ယောင်လာမိသည်။
ပြောရလျှင် သူမ၏ အဘိုးဖြစ်သူမှာ သူမအပေါ် သိပ်ပြီးကြင်နာပေးခဲ့သူ မဟုတ်ခဲ့ပေ။ အဓိကအကြောင်းပြချက်မှာ သူမ၏မိခင် ကျန်းဟုန်ကျန်းက အဘိုး၏အချစ်ဆုံးသမီးဖြစ်ခဲ့သောကြောင့်ပင်ဖြစ်ပေ၏။
ထိုသို့သော သမီးဖြစ်သူက ရက်စက်လွန်းသောအခြေအနေဖြင့် ကွယ်လွန်သွားခဲ့ရသည်။ သူမ၏အဘိုးက နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့်တိုင်အောင် လက်မခံနိုင်ခဲ့ပါချေ။
လီရှန်းကို မြင်တိုင်း သူ၏ချစ်ရသော သမီးဖြစ်သူကိုသတိရလာတတ်သောကြောင့် အဘိုးကျန်း၏နှလုံးသားတစ်ခုလုံးကို ဓားနှင့်မွှန်းသကဲ့သို့ ခံစားရလေ့ရှိသည်။
ထို့ကြောင့် လီရှန်းသေဆုံးသွားပြီဟူသည့် သတင်းကိုကြားလိုက်ရသောအခိုက်အတန့်တွင် အဘိုးကျန်းတစ်ယောက် အလွန်အမင်းဝမ်းနည်းကြေကွဲသွားခဲ့ရကာ အစားအသောက်ကိုပင်မဝင်နိုင်လောက်သည့်အထိ အိပ်ယာထဲသို့လဲခဲ့ရသည်။
သူ မကွယ်လွန်သွားမီအချိန်အထိ လီရှန်း ငယ်စဥ် ဝတ်ဆင်ခဲ့ဖူးသော အင်္ကျီလေးကို ဆုပ်ကိုင်ထားခဲ့ရှာသည်။
“ရဲဘော်တို့... ဆေးဝါးစက်ရုံကို ရောက်ပါပြီ.. ဆင်းမယ့်သူတွေ အမြန်ဆင်းကြပါ...”
ကားစပယ်ယာ၏ အော်သံကြောင့် လီရှန်းမှာ အတွေးများထဲမှ နိုးထလာခဲ့သည်။ ဆေးဝါးစက်ရုံ မှတ်တိုင်သို့ ရောက်နေပြီဖြစ်ရာ သူမလည်း အမြန်ထပြီး ကားပေါ်မှဆင်းလိုက်လေ၏။
စက်ရုံထဲသို့ ဝင်ပြီးနောက် ပထမဆုံး စာရင်းကိုင်ဌာနသို့သွားကာ ရိက္ခာလွှဲပြောင်းမှုများကို လုပ်ဆောင်ခဲ့သည်။ ထို့နောက်ထောက်ပံ့ပို့ဆောင်ရေးဌာနသို့ သွားကာ စက်ရုံမှ ထောက်ပံ့ပေးသော ကြွေရည်သုတ် ရေကရားတစ်လုံးကို ထုတ်ယူခဲ့သည်။
ထို့နောက်မှသာ အဆောင်ဘက်သို့ လျှောက်လာခဲ့သည်။ နေရာက မနက်ကထက် ပို၍ တိတ်ဆိတ်နေလေ၏။
အဆောင်ဝင်းထဲသို့ ရောက်လျှင် ဝန်ထမ်းအချို့က အဆောင်ရှေ့တွင် ထိုင်ခုံငယ်လေးများချ၍ အဝတ်လျှော်နေကြသည်။
ဆေးဝါးစက်ရုံတွင် နေ့လယ်စာ စားချိန် တစ်နာရီပေးသောကြောင့် သွက်လက်စွာလုပ်ကိုင်တတ်သူများက အဆောင်သို့ ခဏပြန်ကာ အဝတ်လျှော်ခြင်း၊ တံမြက်စည်းလှည်းခြင်းများကို ပြုလုပ်နိုင်ကြသည်။
သူတို့ရရှိထားသော အဆောင်တံခါးကလည်း ပွင့်နေသောကြောင့် လီရှန်း အခန်းကိုအမြန်သွားကြည့်လိုက်လျှင် လီလင်း တစ်ယောက်တည်း အထုတ်အပိုးများကို ပြင်ဆင်နေသည်ကို တွေ့လိုက်ရသည်။
အခန်းဖော် နောက်နှစ်ယောက်ကတော့ မရှိကြချေ။ အခန်းထဲတွင် နှစ်ထပ်ကုတင် နှစ်လုံးရှိသောကြောင့်ထိုနှစ်ယောက်က အောက်ဘက်မှ ကုတင်များကို ယူထားကြသဖြင့် အပေါ်ထပ် နှစ်နေရာသာ လွတ်နေခဲ့သည်။
“လီလင်း”
လီရှန်းက တံခါးဝမှ လှမ်းခေါ်လိုက်သည်။ လီလင်းလည်း သူမ၏အသံကိုကြားလျှင် ရုတ်တရက် ထရပ်ကာ လှည့်ကြည့်လာခဲ့သည် ။
“လီရှန်း... ရောက်လာပြီလား”
လီရှန်းတစ်ယောက် သူမကို လာရောက်ကူညီပေးသည့် လီလင်း၏ နီမြန်းပြီး ဖောင်းအစ်နေသော မျက်လုံးများကို မြင်လိုက်ရသောကြောင့် ထိတ်လန့်သွားခဲ့ရသည်။
“နင့်မျက်လုံးတွေက ဘာဖြစ်တာလဲ.. ဘာလို့ ဒီလောက် ဖောင်းနေရတာလဲ”
လီလင်းက စိတ်မကောင်းစွာ ပြုံးလိုက်လေ၏။
“မပြောပါနဲ့တော့... အိမ်က ကိစ္စတွေပါပဲ”
လီရှန်း ခေတ္တမျှ မင်တက်သွားသည်။ လီလင်း၏ မိသားစုက သူမ တွေးထားသလောက် အဆင်ပြေပုံမရပေ။
အိမ်တိုင်းတွင် ပြောရခက်သော အခက်အခဲများရှိကြသည်မဟုတ်ပါလား။ ထို့ကြောင့် လီလင်းက မပြောချင်သည်ကိုမြင်လျှင် သူမလည်း ထပ်မမေးတော့ဘဲ စောင်များကို ကူသယ်ပေးလိုက်သည် ။
“ငါ နင့်ရဲ့ အိပ်ရာ အရင်ပြင်ပေးမယ်.. နင် ဒီည စက်ရုံမှာပဲ အိပ်မှာလား”
“အင်း... လှေကားခုံဘက်က ခုတင်ကို ငါ့ညီမလေးကို ပေးလိုက်ပြီ.. ငါ အိမ်ပြန်ရင် အိပ်စရာ နေရာမရှိတော့ဘူး”
“ဒါက အဆင်ပြေရဲ့လား.. နင့်ညီမလေးက ငယ်သေးတယ်လေ”
၁၅နှစ်အရွယ် သမီးလေးကို စင်္ကြလမ်းကြားမှလှေကားခုံနားတွင် အိပ်ခိုင်းခြင်းက အန္တရာယ်များလှသည်။
ထို့အပြင် အချိန်ကလည်း အလွန်အေးသော ဆောင်းတွင်းဖြစ်နေသေးသည်။
“ဒီလောက် ချမ်းနေတာတာကို သူ ဘယ်လိုများခံနိုင်မှာလဲ”
“နေ့လယ်တုန်းက ငါ အိမ်ကိုပြန်ရောက်တော့ ခုတင်ဟောင်းက အပြားတွေနဲ့ လေကာအောင် လုပ်ပေးခဲ့တယ်.. ပြီးတော့ ခေါင်းလောင်းတစ်လုံးကိုလည်း ချိတ်ပေးထားခဲ့တယ်.. လေတိုက်ရုံနဲ့တော့ မမြည်ဘူး၊ ဒါပေမဲ့ တစ်ယောက်ယောက်က လှုပ်ရှားတာမျိုး တစ်ခုခုလုပ်ရင်တော့ အသံမြည်လာမှာပဲ”
လီလင်းက သက်ပြင်းချလိုက်ပြီး နောင်တရစွာဖြင့် ပြောလိုက်ပြန်သည်။
“သူမကို... ငါက စာသေချာကျက်ပြီး နောက်နှစ် ဆေးဝါးစက်ရုံ စာမေးပွဲဖြေဖို့ ပြောပေမဲ့ အဲဒီကောင်မလေးက ငါ့ကို အော်ဟစ်ပြီးပြန်ပြောနေခဲ့တာ.. စိတ်မကောင်းစရာပဲ”
လီရှန်းသည်လည်း သက်ပြင်းချရင်း လီလင်း၏ အထုတ်များကို ကူညီဖြေလိုက်သည်။ သူမက အပေါ်ထပ် ခုတင်ပေါ်သို့ လျင်မြန်စွာ တက်သွားပြီး အိပ်ရာကို သေသေသပ်သပ် ပြင်ပေးလိုက်သည်။
လီရှန်း၏ အိပ်ရာခင်းပုံမှာ အလွန် သပ်ရပ်၍လှပနေခဲ့သည်။
လီလင်းက သူမ၏လက်ရာကို မြင်ဖူးနေသောကြောင့် မအံ့သြတော့ဘဲ သစ်သားသေတ္တာလေး တစ်လုံးကို လှမ်းပေးလိုက်သည်။
“ဒါလေးကို ခုတင်ခြေရင်းမှာ ထားပေးပါဦး.. ငါ သံကြိုးခွေလည်း ယူလာတယ်၊ သုံးလို့ရအောင်”
လီရှန်းလည်း သံကြိုးနှင့် ပလာရာကို ယူကာ သေတ္တာလေးကို မြဲအောင် ချည်နှောင်ပေးလိုက်သည်။
သံကြိုးများက ကျန်သေးသောကြောင့် သူမ လှမ်းပြောလိုက်လေ၏။
“ကျန်တာတွေကို ငါ သုံးလိုက်မယ်နော်”
လီလင်းကလည်း နှမျောနေခြင်းမရှိဘဲ ခွင့်ပြုလိုက်သည်။
သူတို့နှစ်ယောက်လုံးက လက်သွက်ခြေသွက်သူများဖြစ်၍ အထုတ်အပိုးများကို ခဏအတွင်း ရှင်းလင်းပြီးသွားခဲ့သည်။
လီရှန်းက ထိုင်ခုံတစ်ခုကို ဆွဲယူထိုင်ကာ အမောဖြေရင်း အခန်းထဲကို ဝေ့ကြည့်လိုက်သည် ။
“ငါတို့နဲ့ အတူနေမဲ့သူတွေက ဘယ်မှာလဲ”
“အဝတ်သွားလျှော်ကြတယ်”
လီလင်းက ခုတင်ဘောင်ကို အဝတ်စဖြင့် သုတ်ရင်း ပြန်ဖြေလာသည် ။
“အခြေအနေကတော့ အတော်လေးကောင်းတဲ့ပုဲပါပဲ.. ငါ ရောက်လာတော့ အပေါ်ထပ် ခတင်တွေက သန့်ရှင်းနေပြီး အောက်မှာပဲ ပစ္စည်းတွေ စုပုံထားတာ”
“အဲဒါဆိုရင်တော့ ကောင်းတာပေါ့.. အခန်းဖော်ကောင်းရတာက တခြားဟာတွေထက်ပိုကောင်းတယ်”
လီရှန်း စိတ်အေးသွားရသည်။
“ကျန်းယွဲ့ကတော့ ဒါကို သိရင် ပေါက်ကွဲနေတော့မှာပဲ”
“သူ သေလောက်အောင် ဒေါသထိက်နေပါစေ .. ငါကတော့ ဂရုမစိုက်ဘူး.. သူ ကျေးလက်ဒေသကို အပို့ခံရမယ်ဆိုတိုင်း ငါကပါ လိုက်သွားရမှာလား၊ ငါက ငတုံးမဟုတ်ဘူး”
လီရှန်း ပြန်ပြောရင်းနှင့် သူမ၏ ယခင်ဘဝက အဖြစ်အပျက်များကို ပြန်တွေးကာ ကိုယ့်ကိုယ်ကိုယ် ငတုံး တစ်ယောက်ဟု ခံစားနေမိသည်။
လီလင်းက ခေါင်းကို အလေးအနက် ညိတ်လိုက်သည်။
“ဟုတ်တယ်၊ သူက လူတွေကို အရူးလုပ်ချင်နေတာ”
“ဒါနဲ့... နင့်ရဲ့ ရိက္ခာလွှဲပြောင်းတဲ့ ကိစ္စတွေကော ပြီးပြီလား”
လီလင်း၏ လက်များက တုံ့ခနဲရပ်သွားပြီးမှ ပြောလာသည်။
“ခဏနေရင် အိမ်ကိုပြန်ပြီး လက်မှတ်သွားထုတ်ရမယ်.. နင်ရော အကုန်ပြီးပြီလား”
“ငါ့ဦးလေးက အကုန်လုပ်ပေးသွားပြီ.. ဒါပေမဲ့ ငါ စက်ရုံမှာ နေမယ်ဆိုတာကိုတော့ သူက သိပ်မကြည်ဘူး”
လီလင်းတစ်ယောက် သူမက အစ်ကိုဖြစ်သူအတွက် အလုပ်လွှဲပေးနိုင်ရန်တွေးတောကာ စက်ရုံသို့ လာခဲ့သော်လည်း မိဘများက သားယောကျ်ားလေးများကို ပို၍မျက်နှာလိုက်နေသည်ကိုပြမ်တွေးမိရင်း ဝမ်းနည်းလာခဲ့ပြန်သည်။
သူမက လီရှန်းကို ကျောခိုင်းကာ မျက်ရည်များကို ထိန်းထားလိုက်သည်။ ဤအတောအတွင်း သူမဘက်မှ လီရှန်းကို အားနာစရာကောင်းလောက်အောင် အကူအညီတောင်းခဲ့ရသောကြောင့် သူမ၏ မိသားစုကိစ္စများဖြင့် စိတ်မညစ်စေချင်တော့ပေ။
ထို့အပြင် သူမက လီရှန်း၏ ရှေ့တွင် အားငယ်နေသည့် ပုံစံမျိုး မပြချင်ဘဲ သာမန်သူငယ်ချင်းတစ်ယောက်ကဲ့သို့သာ နေချင်မိသည်။
အရာအားလုံး ပြီးလုနီးပါးအချိန်တွင် အခန်းဖော်နှစ်ယောက်က အဝတ်ဇလုံများကိုကိုင်ကာ ပြန်ရောက်လာကြသည်။
“မင်းတို့က ငါတို့ရဲ့ အခန်းဖော်သစ်တွေလား”
အရှေ့ဘက်မှ အမျိုးသမီးက အပြုံးတစ်ခုနှင့် နှုတ်ဆက်လာသည် ။
“ငါ့နာမည်က ကျန်းရှို့ရင်းလေ.. ရှို့ရင်းလို့ပဲ ခေါ်ပါ.. ငါက ရှောင်လီရဲ့ အောက်ထပ် ကုတင်မှာ နေတာ”
“ငါ့နာမည်က ဖန့်ဟုန်းရှင်း.. အစ်မဖန့်လို့ပဲ ခေါ်လို့ရတယ်”
အနောက်ဘက်မှ အမျိုးသမီးကလည်း ဖော်ရွေစွာ မိတ်ဆက်လာခဲ့သည်။ သူမက အနည်းငယ် အသက်ကြီးပုံရသည်။
လီရှန်းကလည်း သူမကိုယ်သူမ မိတ်ဆက်လိုက်သည်။
“ကျွန်မနာမည်က လီရှန်းပါ.. လီလင်းနဲ့ အထက်တန်းကျောင်းက သူငယ်ချင်းတွေလေ”
“ကြိုဆိုပါတယ်... ငါတို့ရဲ့ အခန်းက လူမပြည့်တာ နှစ်နှစ်လောက်တော့ရှိပြီ.. သိချင်တာရှိရင် မေးလို့ရတယ်.. ဒါနဲ့... ဘယ်ဌာနကို သွားရမယ်ဆိုတာ သိရပြီလား”
အစ်မဖန့်က အဝတ်ဇလုံကို ချကာပြောလာခဲ့သည်။
အခန်းထဲတွင် အကန့်လေးခုပါသည့်ဗီဒိုရှိနေခဲ့ပြီး အလယ်ဘက်မှနှစ်ကန့်ကို လူဟောင်းနှစ်ယောက်က ယူထားသဖြင့် လီရှန်းနှင့် လီလင်းတို့က အပေါ်နှင့် အောက် ဗီဒိုများကို ခွဲယူကြသည်။
လီလင်းက ပြန်ဖြေလိုက်သည် ။
“မသိရသေးပါဘူး၊ အဲဒါကို မနက်ဖြန်ကျမှ သိရမယ်ထင်တယ်”
“စိတ်မပူပါနဲ့.. ဆေးဝါးစက်ရုံက နှစ်ကုန်ခါနီးမှ ဝန်ထမ်းခေါ်တယ်ဆိုတာက သင်ယူဖို့ အချိန်ရစေချင်လို့ပဲ..
ပြီးရင်တော့ သက်ဆိုင်ရာ ဌာနတွေမှာရှိတဲ့ ဆရာတွေဆီကနေ သင်ယူရမှာပေါ့”
ရှို့ရင်းက ရှင်းပြရင်း အဝတ်လှန်းရန် အမိုးပေါ်သို့သွားမည်ဟုဆိုလာသောကြောင့် လီရှန်းတို့လည်း နေရာကိုသိရန်လိုက်သွားခဲ့ကြသည်။ အမိုးပေါ်တွင် အဝတ်လှန်းကြိုးများစွာ ရှိနေခဲ့လေ၏။
လီရှန်းက အစနားသို့အထိ သွားကြည့်ရန် လုပ်ခဲ့သော်လည်း လီလင်းက သူမ ပြုတ်ကျမည်ကိုစိုးရိမ်သောကြောင့် အမြန်ဆွဲခေါ်ခဲ့သည်။
ရှို့ရင်းက စက်ရုံအခြေအနေများကို လမ်းတစ်လျှောက် ရှင်းပြပေးခဲ့သည်။ ထမင်းစားဆောင်မှသည် ရေဒီယိုဌာနအထိ၊ နောက်ဆုံးတွင် သုတေသနဌာနတွင် အလုပ်လုပ်နိုင်သူများကို အားကျကြောင်းလည်း ပြောပြခဲ့သည်။
သူမက အလွန်စကားပြောကောင်းသူဟု ထင်ရမည်။
အဆောင်နားသို့ ပြန်ရောက်ခါနီးတွင် ရှို့ရင်းက တီးတိုးပြောလိုက်သည်။
“အစ်မဖန့် ရှေ့မှာ အိမ်ထောင်ရေးအကြောင်း မပြောမိစေနဲ့နော်”
လီရှန်းနှင့် လီလင်းတို့က သိချင်စိတ်ဖြင့် နားစွင့်လိုက်ကြသည်။
“သူမရဲ့ ရည်းစားဟောင်းက စစ်သားတစ်ယောက်လေ.. စစ်တပ်မှာ နှစ်အတော်ကြာအောင်နေခဲ့ပြီး အဆင့်မတက်သေးလို့ လက်မထပ်သေးဘူးလို့ ပြောခဲ့တာ
ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်နည်းနည်းလောက်က အဲဒီလူ ပျောက်သွားပြီလို့ မိသားစုက ပြောလာခဲ့တယ်လေ.. သူမကလည်း ဇွဲကြီးကြီးနဲ့ စောင့်နေခဲ့တာ..
ဒါပေမဲ့ မနှစ်က အဲဒီလူက မိန်းမနဲ့ ကလေးတွေပခေါ်ပြီး အိမ်ကိုပြန်လာခဲ့တယ်ကလေးတွေက ငါးနှစ် ခြောက်နှစ်တောင် ရှိနေပြီ”
လီလင်း မှတ်ချက်ပေးလိုက်သည်။
“မိသားစုက ပျောက်ဆုံးနေတယ်လို့ လိမ်ခဲ့တာပေါ့”
***