ဝက်အဆုတ်များက သန့်ရှင်းရေးလုပ်ရန် ခက်ခဲသော်လည်း စတူးချက်လိုက်ပါက အလွန် အရသာရှိပေသည်။
ထို့အပြင် ဝက်အဆုတ်တွင် အာဟာရဓာတ်များစွာပါဝင်သည်။ အဆုတ်ကို အာဟာရဖြည့်တင်းပေးပြီး အဆုတ်ခြောက်သွေ့မှုကိုလည်း စိုစွတ်စေသည်။
သူမ၏ဦးလေးက အသက်ရှူလမ်းကြောင်းတွင် သိပ်မကောင်းလှပေ။ ဆောင်းရာသီတွင် အအေးဒဏ်ခံရပါက ချောင်းဆိုးတတ်တယ်။ ဝက်အဆုတ်စွပ်ပြုတ်သောက်ခြင်းက သူ့အတွက် အကျိုးရှိစေလိမ့်မည်။
မကြာခင်မှာပင် ဟင်းအိုးမှ မွှေးပျံ့သော ရနံ့များက ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားခဲ့သည်။
သို့နှင့် ဘေးဘက်အိမ်မှ အိမ်နီးချင်း အမျိုးသမီးတစ်ဦးက မနေနိုင်တော့ဘဲ တံခါးကိုလာခေါက်လေ၏။
“ရှန်းရှန်း... နင်တို့အိမ်က ဘာတွေချက်နေတာလဲ၊ အရမ်းမွှေးတာပဲ”
“ဝက်အဆုတ်ချက်နေတာ”
လီရှန်းက တံခါးဝတွင် ပိတ်ရပ်လျက် ဖြေလိုက်ပြီး ဧည့်သည်ကိုတော့ အထဲသို့ မဖိတ်ခေါ်ခဲ့ပေ။
အိမ်နီးချင်းက ခြေဖျားထောက်ပြီး အထဲဘက်ကို ချောင်းကြည့်လိုက်သည်။ ဝက်အဆုတ်ကိုချက်ထားခြင်းဖြစ်ကြောင်းကို ကြားလျှင် ချက်ချင်းပဲ စိတ်လှုပ်ရှားသွားခဲ့လေ၏။
“အိုး.. နင်က ဝက်အဆုတ်တောင် ဆေးတတ်တာလား၊ ငါ ဒီနေ့ ဆိုင်မှာ တွေ့သေးတယ်၊ မလုပ်တတ်လို့ မဝယ်ခဲ့တာ”
ဝက်အဆုတ်ကို မည်သူကမှ မလိုချင်ကြပေ။ ထို့ကြောင့် ဈေးကြီးခြင်းမရှိဘဲ ဝယ်နိုင်သည်။
အိမ်နီးချင်းက နောင်တရနေခဲ့သည်။
သူမသာ ဝက်အဆုတ်တွေဝယ်ပြီး လီရှန်းကို ဆေးပေးဖို့ ပြောခဲ့ရင် ဒီစတူးဟင်းအိုးက သူမအတွက်ဖြစ်လာမှာ မဟုတ်ဘူးလား။
“ဆေးရတာ မခက်ပါဘူး၊ ရေများများ သုံးရင်ရပြီ”
“ငါတော့ အဲဒါတွေကို မလုပ်တတ်ပါဘူး.. နောက်တစ်ခါ ငါဝယ်လာရင် နင် ကူပြီးဆေးပေးဦးနော်၊ နင်က အထက်တန်းအောင်ပြီးတော့ အားနေတာပဲလေ၊ အိမ်နီးချင်းတွေက အချင်းချင်း ကူညီရမှာပေါ့”
လီရှန်းက ရှက်ရွံ့သည့်အမူအရာဖြင့် ပြုံးလိုက်ပြီးမှ တည်ငြိမ်အေးဆေးစွာ ပြန်ပြောလိုက်သည်။
“အားနာပါတယ်၊ ကျွန်မမှာ အချိန်မရှိဘူး.. ကျွန်မ ဆေးဝါးစက်ရုံမှာ အလုပ်ရသွားပြီလေ၊ မနက်ဖြန်ကစပြီး အလုပ်သွားရတော့မှာ”
အိမ်နီးချင်း၏ မျက်နှာက ချက်ချင်းပင် တင်းမာသွားခဲ့သည်။
“အိုး .. ဟုတ်သားပဲ၊ အန်တီ့ရဲ့သား ကျန့်ကော်က ကျောင်းပြီးတာ နှစ်နှစ်ရှိပြီ၊ အလုပ်မရသေးဘူးမလား.. သူက အိမ်မှာ အားနေတာပဲလေ.. သူ့ကို အဝတ်လျှော်၊ ထမင်းဟင်းချက် ခိုင်းလိုက်ပေါ့
ဝက်အဆုတ်တွေ ဆေးတာလောက်ကတော့ လွယ်လွယ်လေးပဲ၊ သူသာ သင်ယူချင်ရင် ကျွန်မ သင်ပေးပါ့မယ်”
ပုံမှန်အားဖြင့်ဆိုပါက ဤကဲ့သို့လှောင်ပြောင်စကားများက အိမ်နီးချင်းဖြစ်သူကို ဒေါသထွက်စေပေလိမ့်မည်။ သို့သော် ဤအချိန်တွင်တော့ သူမက ဒေါသထွက်နိုင်ခြင်းမရှိတော့ပေ။
ထို့အစား သူမက လီရှန်းကို အံ့အားသင့်စွာကြည့်လိုက်ပြီး မေးလာခဲ့သည်။
“မင်း ဆေးဝါးစက်ရုံမှာ အလုပ်ရသွားတာလား”
“ဟုတ်တယ်”
လီရှန်း ခေါင်းညိတ်လိုက်ပြီး သူမ၏လေသံက ပို၍ပင်အပြစ်ကင်းစင်လာခဲ့သည်။
“ဆေးဝါးစက်ရုံက လူသစ်စုဆောင်းနေတယ်လို့ကြားလို့ စာမေးပွဲဖြေခဲ့တာလေ၊ ကျွန်မက ပထမဆုံးဝင်ဖြေတဲ့စာမေးပွဲမှာပဲ အောင်မြင်သွားလိမ့်မယ်လို့ မမျှော်လင့်ထားဘူး”
ထိုစကားက တစ်ဖက်လူကို ပို၍ဒေါသထွက်စေခဲ့သည်။
ဆေးဝါးလုပ်ငန်းထဲကို ဝင်ဖို့ရန်က အဘယ်မျှခက်ခဲသည်ကို လူတိုင်းသိနိုင်သည်။
ထို့ကြောင်း သူမက ဆေးဝါးစက်ရုံထဲကို ဝင်သွားနိုင်ခဲ့သောကြောင့် အိမ်နီးချင်းအမျိုးသမီးကို စကားမပြောနိုင်လောက်အောင် ဖြစ်သွားစေခဲ့သည်။
“အိုး၊ ကျွန်မရဲ့ ဟင်းအိုးက ဆူလာတော့မယ်၊ ကျွန်မ လုပ်စရာရှိသေးလို့ ဒီလောာ်ပါပဲ”
လီရှန်းက တံခါးကို ဆောင့်ပိတ်ပြီး နှုတ်ခမ်းကိုတင်းတင်းစေ့ကာ မီးဖိုဘေးမှာ ပြန်ထိုင်ချလိုက်သည်။
သူမ ကောင်းကောင်းမှတ်မိနေခဲ့သည်။
သူမ ငယ်စဥ်က သူမကို ‘မိဘမဲ့၊ ဘယ်သူမှ မလိုချင်တဲ့ကလေး’ ဟု လိုက်အော်ခဲ့သည့်ထဲတွင် ဤအိမ်နီးချင်းလည်း ပါဝင်ခဲ့သည်ကို သူမ မမေ့သေးပေ ။
သူမတွင် သားငါးယောက်ရှိပြီး သူတို့အပေါ်တွင်လည်း အမြဲတမ်း ဂုဏ်ယူဝင့်ကြွားခဲ့သည်။ သူမကို ယှဉ်နိုင်သည့် တစ်ဦးတည်းသောသူက သူမ၏အဒေါ် ဖန်ချင်းသာဖြစ်လေ၏။
ဖန်ချင်းတွင် သားသုံးယောက်ရှိပြီး သုံးယောက်လုံးက ချောမောကြကာ ကျောင်းတွင်လည်း အမှတ်ကောင်းများရရှိတတ်သည်။
သားအရေအတွက်ကို သူမ မယှဉ်နိုင်သော်လည်း သူတို့၏ အရည်အသွေးကတော့ အတော်လေး သာလွန်နေခဲ့သည်။
ထို့ကြောင့် လီရှန်းရောက်လာပြီးနောက်တွင် ဤအိမ်နီးချင်း၏တိုက်ခိုက်မှုက သူမဆီသိာ့ ကူးပြောင်းသွားခဲ့သည်။
ယခုအချိန်တွင် သူမဘက်မှ ပြန်လည်လှောင်ပြောင်နိုင်ခဲ့သည်ဖြစ်သောကြောင့် လီရှန်း အလွန်ပင်ကျေနပ်သွားမိခဲ့သည်။
သူမတွင် ခွန်အားရှိနေသရွေ့ မည်သူမှ စကားလုံးများနဲ့ သူမကို အနိုင်ယူနိုင်လိမ့်မည်မဟုတ်ပေ။
လီရှန်းတစ်ယောက် ကောင်းမွန်သော စိတ်ခံစားချက်များဖြင့် သီချင်းတစ်ပုဒ်ကို ညည်းတွားကာ သဲကျင်းဘက်သို့ သွားပြီး ကြက်သွန်ဖြူနှစ်လုံး တူးယူလိုက်သည်။
ပြီးနောက် ကြက်သွန်ဖြူများကို ပါးပါးလှီးပြီး ဟင်းအိုးထဲတွင်ထည့်လိုက်ကာ နောက်ထပ် နှစ်နာရီလောက် တည်ထားလိုက်သည်။
အလုပ်ဆင်းချိန်အမီ စတူးဟင်းချိုကိုသောက်နိုင်ပေလိမ့်မည်။
ဆောင်းရာသီညဘက်တွင် ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းဖြူခပ်ထားသည့် ပူပူနွေးနွေး ဝက်အဆုတ်စတူးတစ်ပန်းကန်က အလွန်အရသာရှိနေခဲ့သည်။အရသာကြွယ်ဝပြီး ရနံ့ကလည်းသင်းပျံ့နေခဲ့ကာ အနည်းငယ်စပ်နေခဲ့သည်။
ထို့အပြင် ဝက်အဆုတ်က အလွန်ကြီးပြီး အရိုးကလည်း များပြားနေခဲ့သည်။
လီရှန်းက အိုးကြီးတစ်လုံးထဲတွင် ချက်ထားသောကြောင့် ဤရာသီဥတုတွင် ဟင်းများသိုးသွားမည်ကို စိတ်မပူပါချေ။
နောက်ရက်အနည်းငယ်အတွက်ပင် မနက်စာအဖြစ် ဝက်အဆုတ်စတူးကို စားနိုင်ပေလိမ့်မည်။
ကျန်းချောင်က ပန်းကန်လုံးကြီးနှစ်လုံးသောက်ပြီးနောက် ကျန်ရှိနေသော ဝက်အဆုတ်စွပ်ပြုတ်ကို ဗီရိုထဲတွင် ပိတ်ထားလိုက်သည်။
ထိုညတွင်တော့ လီရှန်း ချက်ပြုတ်ထားသော ဝက်အဆုတ်ဟင်းကို မိသားစုဝင်အားလုံး မြိန်ယှက်စွာစားသောက်ခဲ့ကြသည်။
ဖန်ချင်းသည်လည်း တူမဖြစ်သူ၏ အောင်မြင်မှုကို အသိပေးရန်အတွက် ဝက်အဆုတ်စတူးကို မြေအိုးတစ်အိုးတွင်ထည့်ကာ တိုက်ခန်းတွင်နေထိုင်သော သူမ၏ အငယ်ဆုံးမတ်ဖြစ်သူ ကျန်းရှင်းမင်တို့ ဇနီးမောင်နှံထံသို့ သွားပေးခဲ့သည်။ သူမပြန်လာချိန်တွင် ထိိုဇနီးမောင်နှံကိုပါ ခေါ်ဆောင်လာခဲ့လေ၏။
“မဖြစ်နိုင်ဘူး .. သူမက တကယ်ကြီး အလုပ်ရသွားတာလား”
အငယ်ဆုံးအန်တီဖြစ်သူ ချန်ဖန်းက မယုံကြည်နိုင်သကဲ့သို့ မေးလာခဲ့သည်။ သူမ၏ အမြင်တွင် လီရှန်းမှာ ကြောက်တတ်ပြီး ရိုးအလွန်းသူတစ်ယောက်သာ ဖြစ်ပေသည်။
ဆေးဝါးစက်ရုံအတွက် စာမေးပွဲအောင်မြင်ရန် မည်သို့ဖြစ်နိုင်မည်နည်း။
သူမက မေးခွန်းကိုမေးပြီးမှ သူမ၏စကားက သိပ်မကောင်းလှကြောင်းကို သဘောပေါက်သွားသောကြောင့် ပြန်ပြင်ပြောလာခဲ့သည်။
“ဆေးဝါးစက်ရုံက အရမ်းခက်ခဲတယ်လို့ ပြောကြတယ်မဟုတ်လား”
“အလုပ်ရပြီ၊ အခုရိက္ခာစာရင်းတောင် ပြောင်းပြီးပြီ.. မနက်ဖြန် အလုပ်စဝင်တော့မှာ”
ကျန်းကျူးရိက ကြားဖြတ်၍ဖြေလိုက်သည်။ သူသည်က ချန်ဖန်း၏ စကားပြောပုံကို သဘောမကျလှပေ။
သူမသည်က ဆရာမတစ်ဦးဖြစ်သော်လည်း အနည်းငယ်လောက် ပွင့်လင်းလွန်းစွာ ပြောဆိုတတ်သည်ဟု ခံစားခဲ့ရသည်။
သူမက သူတို့ကျန်းမိသားစုထဲသို့လက်ထပ်ချိန်ကလည်း သူတို့က “ပညာရှင်မိသားစု” က ဖြစ်ကြောင်း ပြောနေခဲ့သည်။
ကျန်းမိသားစုက သာမန်လူတွေဖြစ်ပြီး သူမ၏ ချန်မိသားစုကသာ မြင့်မြတ်၍ သန့်စင်သောမိသားစုဟု ထင်ရအောင် လုပ်ခဲ့သည်။
“ကောင်းလိုက်တာ... ဦးလေး မင်းအတွက် အရမ်းဝမ်းသာတယ်”
ကျန်းရှင်းမင်ကတော့ စိတ်ရင်းဖြင့် ပြောရှာသည်။ သူ့၏တူမက ဆေးဝါးစက်ရုံတွင် အလုပာရရှိပြီဖြစ်၍ သူမ၏ အနာဂတ်အတွက် စိတ်ပူစရာမလိုတော့ပေ။
“ကျေးဇူးတင်ပါတယ် ဦးလေး”
လီရှန်းက ပြုံး၍ ကျေးဇူးတင်စကား ပြောလိုက်သည်။ သို့သော် သူမ၏ အာရုံကတော့ အငယ်ဆုံးအန်တီ ချန်ဖန်းထံတွင်သာရှိနေခဲ့သည်။
သူမ၏ အငယ်ဆုံးဦးလေးဖြစ်သူ ကျန်းရှင်းမင်က သူမအပေါ်အလွန် ကြင်နာခဲ့သော်လည်း သူ့၏ဇနီးသည်ချန်ဖန်းကြောင့် အတတ်နိုင်ဆုံး ရှောင်ခဲ့သည်။
သူမမ၏ အတိတ်ဘဝတွင် သူမ၏မိသားစုဝင်များကို တွေ့တိုင်း စကားပြောဖို့ မငြင်းဆန်ခဲ့ပါချေ။
သို့သော်လည်း ဤအဒေါ်က သူမနှင့်တွေ့တိုင်း စာအုပ်များ၊ ကဗျာများနဲ့ အိုပရာသီချင်းတွေအကြောင်းကို အမြဲတစေပြောလေ့ရှိသည်။
နောက်ဆုံးတွင်တော့ သူမ တစ်ဖက်လူနှင့် တွေ့ရမည်ကိုပင် ရပ်တမ့်သည်အထိ ဖြစ်စေခဲ့သည်။
ဆိုရလျှင် ပြီးခဲ့သောဘဝက ချန်ဖန်းဘက်မှ သူမကိုယ်သူမ ပညာတတ်တစ်ဦးအဖြစ် ဂုဏ်ယူလွန်းပြီး လီရှန်းနှင့် စကားပြောချိန်မျိုးတွင် အမြဲတစေ နှိမ့်ချတတ်ခဲ့ဖူးသည်။
“ဒါဆို အထည်ချုပ်စက်ရုံက အလုပ်က ဘယ်လိုလုပ်မှာလဲ”
ချန်ဖန်းက မေးလာခဲ့လျှင် လီရှန်းက တည်ငြိမ်စွာပင် ဖြေလိုက်သည်။
“ရောင်းလိုက်ပြီလေ”
ချန်ဖန်း ထိုသို့ မေးလာသည်နှင့် လီရှန်းမှ သူမ(ချန်ဖန်း) ထိုနေရာကို လိုချင်နေကြောင်း သိလိုက်သော်လည်း နားမလည်သကဲ့သို့ ဟန်ဆောင်ပြီး သက်ပြင်းချလိုက်သည်။
“ကျွန်မရဲ့ မိသားစုဝင်တွေအားလုံးကို တွေးတောကြည့်သေးတယ်.. ဒါပေမဲ့ ဘယ်သူမှ ကျွန်မရဲ့အလုပ်နေရာအတွက် ယူလို့မရဘူးဆိုတာ တွေ့ခဲ့တယ်လေ..
ဒါကြောင့် ဒီအလုပ်ကိုရောင်းဖို့အတွက် တစ်ယောက်ယောက်ရှာပေးဖို့ အကြီးဆုံးဦးလေးကို အကူအညီတောင်းရတာ.. ဒါနဲ့ဆိုရင် ဆေးဝါးစက်ရုံမှာ အလုပ်လုပ်ဖို့ ပိုက်ဆံစုနိုင်တယ်”
ရောင်းလိုက်ပြီလား!
“ဘာလို့ ရောင်းလိုက်တာလဲ၊ အခုခေတ်မှာ အလုပ်တစ်ခုရဖို့ဆိုတာက ဘယ်လောက်ခက်ခဲ့တာလဲဆိုတာ နင်သိရဲ့လား”
ချန်ဖန်းက နှမြောစွာဖြင့် ပြောလာခဲ့သည်။
“အန်တီက ဒီအလုပ်ကို လိုချင်လို့လား”
လီရှန်းက နောင်တရသကဲ့သို့အမူအရာဖြင့် ပြောလိုက်သည်။
“အိုး.. အန်တီ့ရဲ့အမျိုးတွေ အကုန်လုံးက ဆရာ၊ ဆရာမတွေပဲဆိုတော့ ဒီလိုအလုပ်မျိုးကို လိုချင်မှာမဟုတ်ဘူးလို့ ကျွန်မ ထင်နေတာ.. လိုချင်နေမှန်းကိုသာ သိရင် မရောင်းလိုက်ပါဘူး”
ထို့ကြောင့် သူမက ကျန်းရှင်းမင်ကို လှည့်ကြည့်ကာ ညင်သာစွာ ပြောလိုက်သည်။
“ဦးလေးကလည်း ဘာလို့စောစောက မပြောခဲ့တာလဲ”
ကျန်းရှင်းမင်သည်ကား မည်သည်ကိုမျှမရိပ်မိဘဲ ရိုးဖြောင့်စွာသာ ပြောလာခဲ့သည်။
“ငါ့ရဲ့ ယောက္ခမဘက်က ဒီလိုမျိုး ပိုက်ဆံအနံ့ထွက်*တဲ့ အလုပ်မျိုးတွေကို မကြိုက်ကြဘူး၊ လျှောက်မတွေးနဲ့”
“အဟွတ်...”
လီရှန်း ရယ်မောချင်စိတ်ကိုမထိန်းနိုင်ဘဲ ချောင်းတစ်ချက်ဆိုးလိုက်မိသည်။
ကျမ်းရှင်းမင်၏စကားများက ရည်ရွယ်ချက်ရှိရှိ ပြောလာခြင်းလား၊ သို့မဟုတ် မရည်ရွယ်ဘဲပြောခဲ့သည်လားဆိုသည်ကို သူမ အမှန်တကယ်သိချင်နေခဲ့သည်။
ချန်ဖန်းရဲ့ မျက်နှာ အစိမ်းရောင် ပြောင်းသွားတာကို သူ မမြင်လိုက်ဘူးလား!
***