ဦးလေးဖြစ်သူ ကျန်းရှင်းမင်နှင့် သူ့၏ဇနီးကို နှုတ်ဆက်ပြီးနောက် လီရှန်း ခေါင်းကိုအသာခါပြီး စုတ်နှစ်ချက်သပ်လိုက်သည်။
ကျန်းချောင်: “ကျဲ.. ဘာလို့ စုတ်သပ်နေတာလဲ”
“ငါတို့ရဲ့ ဦးလေး ဒီညတော့ ခက်ခဲတဲ့အချိန်တွေကို ကြုံတွေ့ရလိမ့်မယ်လို့ ခံစားမိလို့လေ”
လီရှန်းက ကျန်းချောင်၏နားအနီးကို တိုးကပ်ပြီး တီးတိုးပြောလိုက်သည်။
“ဒီညတုန်းက အန်တီက ငါ့ရဲ့ အထည်လုပ်ငန်းစက်ရုံက အလုပ်အတွက် အရမ်းစိတ်ဝင်တစားမေးနေတာကို မသတိထားမိဘူးလား? သူမက အဲဒီအလုပ်ကို တကယ်လိုချင်နေတာထင်တယ်၊ ငါ ရောင်းလိုက်ပြီဆိုတော့ နှမြောစရာပဲ”
“ရောင်းလိုက်တော့ရော ဘာဖြစ်လဲ? သူတို့ အစကတည်းက မမေးလို့ရောင်းလိုက်တာပဲလေ.. သူ့အပြစ်ပဲလေ”
ကျန်းချောင်က မျက်လုံးကိုလှိမ့်လိုက်သည်။ သူသည်လည်း ချန်ဖန်း၏ တတွတ်တွတ်ဖြင့်နားပူနားဆာ လုပ်တတ်သည်ကို စိတ်ပျက်ပေသည်။
“အန်တီက သူ့မောင်အတွက် အဲဒီအလုပ်ကို လိုချင်နေတာ ဖြစ်လိမ့်မယ်”
ယနေ့ခေတ်ကာလတွင် ဆရာ၊ ဆရာမ လုပ်ရခြင်းက အမှန်ပင် ခက်ခဲလွန်းသည်။
ကျောင်းသားများကို သင်ကြားရသည့်အပေါ် ခက်ခဲရုံသာမက အလုပ်တွင်လည်း အန္တရာယ်များနှင့် ပြည့်နှက်နေသည်။ မူလတန်းဆရာများက အဆင်ပြသေးသော်လည်း အလယ်တန်းနှင့် အထက်တန်းဆရာများအတွက်ကတော့ အလွန်ပင် ဆိုးရွားပေသည်။
မိသားစုထဲတွင် အဆက်အသွယ်ရှိသူများအားလုံး အလယ်တန်း သို့မဟုတ် အထက်တန်းဆရာ မဖြစ်ချင်ကြပေ။
စကားတစ်လုံး မှားပြောမိရုံနှင့်တောင် ပြဿနာကြီးတစ်ခုဖြစ်သွားနိုင်တယ်လေ။ ဘယ်သူက ဒါကို သည်းခံနိုင်မှာလဲ?
“မူလတန်းဆရာအတွက် နေရာတွေကလည်း အခုဘောက်ဆိုရင်လူပြည့်နေလောက်ပြီ”
“တကယ်လို့ သူသာ ဆရာလုပ်မယ်ဆိုရင် အလယ်တန်းဆရာပဲ လုပ်လို့ရတော့မှာလေ”
လီရှန်း မောင်ဖြစ်သူ၏စကားကြောင့် ပြုံးလိုက်ကာ မည်သည့်စကားကိုမှ ပြန်မပြောခဲ့ပေ။
ထိုညက လီရှန်းတစ်ယောက် သူမ၏မိသားစုဝင်များအားလုံးကဲ့သို့ပင် ကောင်းကောင်း အိပ်ပျော်ခဲ့သည်။
သူမက အိမ်မက်တစ်ခုပင် မြင်မက်ခဲ့သေးသည်။ ထိုအိမ်မက်ထဲတွင် ချုံကျိုး၌ ရောက်နေသော ကျန်းကျူးပင်းတစ်ယောက် သင်္ဘောပေါ်တွင် မုန်တိုင်းနှင့် တိုးနေသည့်အပြင် ရန်သူ့၏သင်္ဘောနှင့်လည်း ရင်ဆိုင်နေခဲ့ရသည်။
နှစ်ဖက်စလုံး အပြန်အလှန် စမ်းသပ်တိုက်ခိုက်ကြပြီးနောက် မည်သူက ပထမဆုံး သေနတ်ကို စတင်
ပစ်ဖောက်လိုက်သည်ကို မသိရချေ။
လေပြင်းမုန်တိုင်းနှင့် မိုးများကြားမှာပင် ကျန်းကျူးပင်းက သူ၏တပ်သားများကို တည်ငြိမ်စွာဖြင့် ကွပ်ကဲနေပြီး ရှေ့တန်းမှ ဦးဆောင်တိုက်ခိုက်နေခဲ့သည်။
ထိုအခိုက်တွင် ရုတ်တရက် ကျည်ဆန်တစ်တောင့်က သူ့ထံသို့ ဦးတည်ကာ ဝဲပျံလာခဲ့သည်။
လီရှန်း၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားရပြီး ကြောင့်လန့်စွာဖြင့် သတိလက်လွတ် အော်ဟစ်လိုက်မိသည်။
“သတိထား ! အန္တရာယ်ရှိတယ်!”
ကျန်းကျူးပင်းက ချက်ချင်းပင် ကိုယ်ကို ဝပ်ချလိုက်သဖြင့် ကျည်ဆန်ကို အချိန်မီရှောင်တိမ်းနိုင်ခဲ့သည်။
လီရှန်းတစ်ယောက် သက်ပြင်းချလိုက်မိကာ တစ်ဖက်လူကို ဒဏ်ရာရမရ သွားရောက်ကြည့်ရှုရန် ပြင်လိုက်စဉ်မှာပင် မြင်ကွင်းတစ်ခုလုံးက မှောင်ကျသွားပြီး အိမ်မက်က ပျက်ပြယ်သွားခဲ့လေသည်။
သူမ၏ အမြင်အာရုံက မြန်ဆန်စွာ ပိတ်ဆို့သွားသောကြောင့် ကျန်းကျူးပင်း၏ ကြောင်အသွားသော မျက်နှာအမူအရာကိုတော့ သူမ မမြင်လိုက်ရပေ။
တစ်ချိန်တည်းမှာပင် ပင်းချန်မြို့၌...
ဟဲထန်၏ ဦးလေးဖြစ်သူ လျို့ချန်လီတစ်ယောက် စိုက်ပျိုးရေးနှင့် တည်ဆောက်ရေးတပ်မဟာမှ ပညာတတ်လူငယ်ဖြစ်သည့် မိန်းကလေး လျို့ရှောင်ဟဲ၏ အခန်းထဲတွင် ရှိနေစဥ် သူ့၏ဇနီးဖြစ်သူ ဟဲဟွေ့ထံမှ ဖမ်းမိခြင်းကို ခံလိုက်ရသည်။
ဟဲဟွေ့တစ်ယောက် နှလုံးကွဲလုမတတ် ခံစားလိုက်ရပြီး တစ်ဖက်မှ မိန်းကလေး လျို့ရှောင်ဟဲ၏ ဆံပင်ကို ဆောင့်ဆွဲကာ အိမ်ပြင်မှ နှင်းတောထဲသို့ တရွတ်တိုက် ဆွဲထုတ်သွားခဲ့သည်။
လျို့ရှောင်ဟဲမှာ ဂွမ်းကပ်အင်္ကျီတစ်ထည်တည်းကိုသာ ဝတ်ထားသဖြင့် အပြင်သို့ရောက်ပြီး မကြာမီမှာပင် အအေးမိကာ သတိလစ်သွားတော့သည်။
လျို့ချန်လီတစ်ယောက် တစ်ခုခုဖြစ်သွားမည်ကို စိုးရိမ်သောကြောင့် သူမကို အိမ်ထဲသို့ ပြန်ချီလာခဲ့သည်။
ထိုဇနီးမောင်နှံမှာ လျို့ရှောင်ဟဲ သေသွားမည်ကို စိုးရိမ်နေခဲ့ကြသောကြောင့် အသံပင် မထွက်ရဲကြဘဲ တစ်ညလုံး ခန်ကို အပူပေး၍ အချိန်ကုန်လွန်ခဲ့ကြသည်။
(T/n : ခန် : အပူပေးလို့ရတဲ့ အုတ်ခုတင်မျိုး)
နောက်တစ်နေ့တွင်တော့ လီရှန်း မနက် စောစောထခဲ့သည်။
သူမက ထမင်းစားဆောင်မှ မနက်စာ ဝယ်ပြီးအပြန်လမ်းတွင် ဆေးဝါးစက်ရုံအကြောင်းကို လာရောက်စုံစမ်းသူတချို့နှင့် တွေ့ဆုံခဲ့လေ၏။
လီရှန်းက သူတို့မေးသမျှကို စိတ်ရှည်ရှည်ဖြင့် ဖြေကြားပေးသည့်အပြင် သူမ၏ မှတ်စုစာအုပ်များကို ကြည့်ရှုချင်သူများကိုပင် လာမည့်နှစ် စာမေးပွဲအတွက် ပြင်ဆင်နိုင်ရန် ငှားရမ်းပေးခဲ့သည်။
မကြာမီအချိန်အတွင်းမှာပင် စက်မှုစက်ရုံဝင်းအတွင်း၌ လီရှန်း၏ နာမည်က ပို၍ကျော်ကြားလာခဲ့သည်။
ထိုအကြောင်းများ ထုန်လင်း၏ နားထဲသို့ ရောက်သွားမည်ကို လီရှန်း မကြောက်ပေ။
အမှန်အတိုင်းပြောရလျှင် သူမက အထည်စက်ရုံမှ အလုပ်ကို ရောင်းလိုက်ပြီဖြစ်ကြောင်း ထုန်လင်းသိသွားသည့်အချိန်တွင် ဖြစ်သွားမည့် မျက်နှာအမူအရာကိုပင် မြင်ချင်နေသေးသည်။
သူမ အိမ်ပြန်ရောက်လျှင် မီးဖိုကို အရင်ဆုံးမီးထိုးပေးလိုက်သည်။ထို့နောက်တွင် လီရှန်းတစ်ယောက် ရေနွေးဖြင့် ပေါက်စီနှစ်လုံးနှင့် ပြုတ်ထားသော ကြက်ဥတစ်လုံးကို စားသောက်လိုက်လေ၏။ ကျန်ရှိသည့် အစားအသောက်များကိုတော့ အနွေးဓာတ်မပျက်စေရန် မီးဖိုပေါ်တွင်သာ တင်ထားပေးခဲ့သည်။
ထိုအလုပ်များအားလုံး ပြီးစီးပြီးနောက် ဖန်ချင်းလည်း နိုးလာခဲ့လေသည်။
“ဒီနေ့ အစောကြီးနိုးနေတာလား”
“အိပ်မပျော်လို့ပါ”
လီရှန်းက ပြုံးလိုက်ပြီး သူမ၏အလုပ်များကို ဖန်ချင်းထံသို့ လွှဲအပ်လိုက်ကာ အခန်းထဲသို့ဝင်လာခဲ့သည်။
ထို့နောက် သော့နှင့် မှတ်စုစာအုပ်ရှိသော အိတ်လေးကို ယူလိုက်သည်။
ဖန်ဟုန်ရှင်းမှ သတိပေးထားသောစကားများအရ ယနေ့တွင်သင်တန်းများ ပါဝင်လာနိုင်သောကြောင့် သူမဘက်မှ အပြည့်အဝ ပြင်ဆင်ထားရန် လိုအပ်ပေသည်။
လီရှန်း သူမ၏ ကိရိယာများကို ထပ်မံစစ်ဆေးပြီးနောက် အိတ်ကို ပခုံးတွင်လွယ်ကာ အလုပ်သွားရန် ထွက်လာခဲ့သည်။
ယနေ့တွင်တော့ သူမ အလွန်ပင် ကံကောင်းနေပုံရသည်။
ကားမှတ်တိုင်သို့ ရောက်သည်နှင့် ဘတ်စ်ကားကို ချက်ချင်းစီးလိုက်နိုင်ရုံသာမက လမ်းတစ်လျှောက်တွင်လည်း မီးပွိုင့်တိုင်းက စိမ်းနေပြီး ကားပေါ်တွင်လည်း လူ သိပ်မများပေ။
သူမအနေဖြင့် ဆေးဝါးစက်ရုံသို့ အေးအေးဆေးဆေးနှင့် သက်သောင့်သက်သာဖြစ်စွာ ရောက်ရှိသွားခဲ့သည်။
လီရှန်း၊ လီလင်းနှင့် စုဝေ့ချင်းတို့ ဆုံပြီး မကြာမီမှာပင် ဝန်ထမ်းရေးရာဌာနမှ အရာရှိရှု ရောက်လာခဲ့ကာ နာမည်များကို ခေါ်၍ ဌာနများ ခွဲဝေပေးလာသည်။
ပထမဆုံး ခေါ်လိုက်သော နာမည်က လီရှန်း ဖြစ်လေ၏။
“လီရှန်း၊ နည်းပညာဌာနကို သွားပါ”
“ကောင်းပါပြီ”
လီရှန်း ပြန်ဖြေလိုက်ပြီး နည်းပညာဌာန၏ ဆိုင်းဘုတ်နောက်တွင် သွားရပ်လိုက်သည်။
ဒုတိယတစ်ယောက်မှာ ရွှမ်ယန်ဟု အမည်ရသော အမျိုးသားတစ်ဦး ဖြစ်သည်။
ကြည့်ရသည်မှာ စာမေးပွဲ၏ရလဒ်အလိုက် နေရာချပေးပုံပင်။
“ရွှမ်ယန်၊ အရည်အသွေး ထိန်းသိမ်းရေးဌာနကို သွားပါ”
ရွှမ်ယန်က အရည်အသွေး ထိန်းသိမ်းရေးဌာန ဆိုင်းဘုတ်နောက်တွင် သွားရပ်လိုက်ပြီး လီရှန်းနှင့် ဆိုင်းဘုတ်နှစ်ခုမျှ ကွာဝေးသွားခဲ့သည်။
“စုဝေ့ချင်း၊ အတွင်းရေးမှူးရုံး”
စုဝေ့ချင်း: “?”
လီရှန်းက စုဝေ့ချင်းထံမှ အသံမကြာရသောကြောင်း လှမ်းကြည့်လိုက်လျှင် တစ်ဖက်လူ၏ ကြောင်အမ်းအမ်းမျက်နှာကို မြင်လိုက်ရသည်။
အချိန်ခဏတာမျှ တိတ်ဆိတ်သွားခဲ့လေ၏။
“... စုဝေ့ချင်း၊ အတွင်းရေးမှူးရုံးရဲ့ ဆိုင်းဘုတ်မှာ သွားရပ်လိုက်တော့.. မင်းက ဝါရင့်စာရေးဆရာတစ်ယောက်ပဲ၊ အခု စက်ရုံထဲကို ရောက်လာပြီဆိုမှတော့ မင်းရဲ့ အရည်အချင်းကိုသုံးပြီး စက်ရုံရဲ့ စာရေးဆရာ ဖြစ်လာရမယ်”
အရာရှိရှုက စုဝေ့ချင်းကို သိပုံရပြီး သူ့ကိုပြောသော လေသံမှာလည်း တခြားလူများထက် ပေါ့ပါးနေခဲ့သည်။
စုဝေ့ချင်းက သူ၏လက်ကို အသာထောင်လိုက်သည်။
“အရာရှိရှု၊ ကျွန်တော် နည်းပညာဌာနကိုသွားဖို့ လျှောက်ထားချင်ပါတယ်”
အရာရှိရှု၏ မျက်နှာက တည်တင်းသွားခဲ့သည်။
“ရဲဘော်စုဝေ့ချင်း၊ မင်းအနေနဲ့ အထက်လူကြီးတွေရဲ့ အမိန့်ကို နာခံပြီး အလုပ်ကို ရွေးချယ်မနေဖို့ မျှော်လင့်ပါတယ်.. မင်းက စက်ရုံရဲ့ အုတ်ခဲတစ်ခဲပဲ၊
ဘယ်နေရာက မင်းကို လိုအပ်သလဲ .. အဲဒီနေရာကို သွားရမယ်.. မင်းလည်း မင်းရဲ့ အလုပ်ကို အလေးအနက်ထားဖို့ ငါ မျှော်လင့်ပါတယ်”
စုဝေ့ချင်းတစ်ယောက် အဆူခံလိုက်ရသဖြင့် စိတ်ပျက်လက်ပျက်ဖြင့် အတွင်းရေးမှူးရုံး၏ ဆိုင်းဘုတ်နောက်တွင် သွားရပ်လိုက်ရတော့သည်။
အတွင်းရေးမှူးရုံးက ပထမဆုံး ဆိုင်းဘုတ်ဖြစ်ပြီး လီရှန်းက နောက်ဆုံးမှရေလျှင် ဒုတိယမြောက် ဖြစ်ပေသည်။ ထိုနှစ်ယောက်၏ကြားတွင် နေရာလွတ်က ကြီးမားပြီး နဂါးငွေ့တန်းကြီးဖြင့် ခြားထားသော နွားကျောင်းသားနှင့် ရက်ကန်းမယ်လေးတို့ကဲ့သို့ တစ်ဦးကိုတစ်ဦး လှမ်းကြည့်နေခဲ့ကြသည်။
စုဝေ့ချင်းက လီရှန်းကို မျက်လုံးဖြင့်အချက်ပြရန် ပြင်လိုက်စဉ်မှာပင် ရွှမ်ယန်ဆိုသူက ရုတ်တရက် ခေါင်းလှည့်ကြည့်လာခဲ့သည်။
သူ၏ အေးစက်သော မျက်ဝန်းထဲတွင်တော့ ‘ဒီတတိယရတဲ့တစ်ယောက်က ငါ့ကို ဘာလို့ ဒီလိုကြည့်နေတာလဲ’ ဆိုသည့် ဇဝေဇဝါ အမူအရာများ ထင်ဟပ်နေသည်။
စုဝေ့ချင်း: “...”
ထားလိုက်ပါတော့။ အလုပ်ဆင်းရင် အချိန်တွေ အများကြီး ရှိပါသေးတယ်။
ထို့ကြောင့် သူက မတ်မတ်ရပ်ကာ ကျန်ရှိနေသော လူအုပ်စုကို တည်ငြိမ်သော မျက်နှာဖြင့်သာ ကြည့်နေခဲ့လေ၏။
နည်းပညာဌာနသို့ ရောက်သွားသော လီရှန်းနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနသို့ ရောက်သွားသော ရွှမ်ယန်တို့ပြီးနောက်တွင် မူလက ထုတ်လုပ်မှုဌာနရုံးသို့ သွားရမည့် စုဝေ့ချင်းမှာလည်း သူ၏ ထူးချွန်သော အရည်အချင်းကြောင့် အတွင်းရေးမှူးရုံးသို့ ပြောင်းရွှေ့ခံလိုက်ရသည်။
ထို့ကြောင့် စာမေးပွဲတွင်စတုတ္ထမြောက်နေရာမှလူက ထုတ်လုပ်မှုဌာနရုံးသို့ သွားခဲ့ရသည်။
ပဉ္စမမြောက်မှစပြီး ကျန်ရှိသော ၁၀ ယောက်ခန့်မှာတော့ ထုတ်လုပ်မှုဌာနအောက်ရှိ အလုပ်ရုံအသီးသီးသို့ လူခွဲလိုက်ကြသည်။
ဤသို့ ခွဲဝေလိုက်ပြီးနောက် ထိုလူတစ်စုမှာ သမုဒ္ဒရာထဲက ရေစက်ကလေးများကဲ့သို့ပင် မသိသာစွာဖြင့် ပျောက်ကွယ်သွားကြတော့သည်။လီရှန်း ရောက်ရှိသွားသော နည်းပညာဌာနမှာ သုတေသနဌာန၏ ပြင်ပဌာနတစ်ခု ဖြစ်ပေသည်။ ဆေးဝါးများ ထုတ်လုပ်ခြင်း၊ ဖော်မြူလာများ ဖော်စပ်ခြင်းနှင့် စမ်းသပ်ချက် မှတ်တမ်းများ ပြုစုခြင်း အပါအဝင် အရာအားလုံးမှာ သုတေသနဌာန၏ လိုအပ်ချက်များအပေါ်တွင်သာ မူတည်သည်။
ဤအလုပ်က ရိုးရှင်းပုံရသော်လည်း အမှန်တကယ်တမ်းတွင်တော့ အတော်လေး ရှုပ်ထွေးပေသည်။
ကျွမ်းကျင်မှုဆိုင်ရာ ဗဟုသုတများ လိုအပ်ရုံသာမက လုံလောက်သော အခြေခံ အသိပညာလည်း ရှိရမည် ဖြစ်လေသည်။
***