လီရှန်း ဌာနသို့ ရောက်သည်နှင့် လျို့ အမည်ရသောအမျိုးသမီးတစ်ဦးဒလက်အောက်တွင် တွဲပေးခံလိုက်ရသည်။
ထိုအမျိုးသမီးမှာ အလွန်အလုပ်ရှုပ်နေသဖြင့် သူမကို ဂရုစိုက်ပေးနေရန် အချိန်မရှိခဲ့ချေ။ သူမက လီရှန်းကို “Latin ၏ဆေးဝါးပညာရပ်များ” ဟု ခေါင်းစဥ်တပ်ထားသော စာအုပ်တစ်အုပ်ကို ကမ်းပေးလိုက်ပြီး အေးစက်စွာအမိန့်ပေးလာခဲ့သည်။
“ဒီစာအုပ်ကို အမြန်ဆုံး အလွတ်ကျက်ထားလိုက်၊ ကျက်ပြီးသွားရင် ငါ့ဆီမှာ စာပြန်လာစစ်လို့ရတယ်”
ထို့ကြောင့် လီရှန်းတစ်ယောက် နည်းပညာဌာနတွင် စာအုပ်တစ်အုပ်ကို ပိုက်ကာ တစ်နေကုန်ထိုင်နေခဲ့ရသည်။
သူမက ယခင်ကမစ်ရှင်ကမ္ဘာများတွင် ဆေးပညာများကိုလေ့လာခဲ့ဖူးသောကြောင့် Latin ၏ဆေးဝါးပညာရပ်များနှင့် ရင်းနှီးပြီးသားဖြစ်သော်လည်း တိုက်ရိုက်ထုတ်မပြရဲပေ။
အခုအချိန်တွင် သူမက အထက်တန်းအောင်ခါစ သာမန်မိန်းကလေးတစ်ယောက်သာ ဖြစ်နေသည်မဟုတ်ပါလား။
အကယ်၍ သူမသာ အလွန်အမင်း ထူးချွန်ပြလိုက်ပါက သူမကို ပါရမီရှင်ဟု မည်သူကမှထင်ကြမည်မဟုတ်ဘဲ ချက်ချင်းပင်ဖော်ထုတ်ခံလိုက်ရပေလိမ့်မည်။
သူတို့က သူမကို လေ့ကျင့်ထားသော သူလျှိုဟုပင် ထင်သွားကြလိမ့်မည်။
အစ်မလျို့က လီရှန်းအနေနှင့် လက်တင်ဘာသာကို ဖတ်တတ်မဖတ်တတ်ဆိုသည်ကို ထည့်ပင်မစဉ်းစားပေ။
အမှန်အတိုင်းပြောရလျှင် သူမကိုယ်တိုင်လည်း မဖတ်တတ်ပေ။
သို့သော် သင်္ကေတကို မြင်လိုက်လျှင် မည်သည့်အရာကို ဆိုလိုခြင်းဖြစ်ကြောင်းကို သူမ သိသည်။
ထို့ကြောင့် အစ်မလျို့က လီရှန်းကို အလွတ်ရွတ်ပြခိုင်းရန် မလိုအပ်ဘဲ မှတ်ဉာဏ်ဖြင့် ချရေးခိုင်းရန်သာ ပြောခဲ့သည်။
သူမ အားလပ်သည့် အချိန်တိုင်းတွင် မျက်လုံးထောင့်မှ လီရှန်းကို လှမ်းကြည့်တတ်ပြီး တစ်ဖက်မှ ကလေးမလေးကခေါင်းငုံ့ကာ စာအုပ်ထဲတွင် ရေးလိုက်ခြစ်လိုက်ဖြင့် ကြိုးစားနေသည်ကို မြင်လျှင် ကျေနပ်စွာ ခေါင်းငြိမ့်မိတတ်သည်။
“ဒီကလေးက အတော်လေး အဆင်ပြေပုံရတယ်လို့ထင်လား”
နည်းပညာဌာနမှ ဒါရိုက်တာဝမ်က အစ်မလျို့ကို တီးတိုးမေးလိုက်သည်။
အစ်မလျို့က ခေါင်းငြိမ့်ပြလိုက်သည်။
“နောက်ဆုံးတော့ အားကိုးရပြီး အလုပ်ကြိုးစားမယ့်သူ တစ်ယောက်ကို ရှာတွေ့ပြီ”
မနှစ်က ဤနေရာသို့ ရောက်လာသည့်ဝန်ထမ်းသစ်ဆိုလျှင် တစ်ရက်တည်းနဲ့ ထုတ်လုပ်မှုအလုပ်ရုံသို့ ပြန်ပို့လိုက်ရကြောင်းကို သူမ မှတ်မိနေသေးသည်။
လီရှန်းက အလုပ်ဆင်းချိန်အထိ စာကျက်နေခဲ့သည်။
အစ်မလျို့က သူမ၏အနားသို့ လာကာ စားပွဲကို ခေါက်လိုက်သည်။
“အိမ်ပြန်ဖို့ အချိန်ရောက်ပြီ အလွတ်ကျက်တာ ဘယ်လိုနေလဲ?”
“ကျွန်မ နည်းနည်းတော့ နှေးနေတယ်၊ တစ်ဝက်ကျော်ကျော်လောက်ပဲ ရသေးတယ်”
လီရှန်းက အားနာသည့်အမူအရာဖြင့်ပြောလိုက်သည်။ သူမက သူမ၏ တိုးတက်မှုကို အတိုင်းအတာတစ်ခုအထိသာ ထိန်းညှိပြထားခြင်း ဖြစ်လေ၏။
မမျှော်လင့်ဘဲ အစ်မလျို့က အားရပါးရ ရယ်မောလာခဲ့သည်။
“ကောင်းတယ် ကောင်းတယ်.. မင်း မနက်ဖြန် ဆက်ကျက်လို့ရတယ်”
သူမက လီရှန်း၏ တိုးတက်မှုကို အမှန်တကယ်အင်ကျေနပ်နေခဲ့သည်။
“ကောင်းပါပြီ အစ်မလျို့”
လီရှန်းက စာအုပ်ကို စားပွဲ၏ ဘယ်ဘက်အပေါ်ထောင့်တွင် တင်လိုက်ပြီး မှတ်စုစာအုပ်ကို အိတ်ထဲသို့ထည့်ကာ ထိုင်ခုံကို စားပွဲအောက်သို့ သပ်သပ်ရပ်ရပ် ပြန်ထည့်လိုက်သည်။
ထို့နောက် အစ်မလျို့ကို နှုတ်ဆက်ကာ အိတ်ကိုဆွဲပြီး ထွက်လာခဲ့လေသည်။
သူမ၏ သွက်လက်သော လှုပ်ရှားမှုများကိုမြင်လျှင် အစ်မလျို့က ပို၍ပင် သဘောကျသွားခဲ့သည်။
ဤသည်က လုပ်ယူထားခြင်းမျိုး မဟုတ်ဘဲ ဗီဇအရဖြစ်ပေါ်လာသည့် အလေ့အကျင့်မျိုးသာဖြစ်ကြောင်းကို သူမ မြင်နိုင်ခဲ့သည်။
လီရှန်း ဆေးဝါးစက်ရုံ ဂိတ်ဝမှ ထွက်လာချိန်တွင် စုဝေ့ချင်းက စောင့်နေပေပြီ။ သူမကို မြင်သည်နှင့် သူက အမြန်ပင် လှမ်းကြိုလိုက်သည်။
“လာပြီလား ၊ ကိုယ် မင်းရဲ့ အဝတ်အစားတွေကို ကူပြီးသယ်ပေးလို့ရအောင် မင်းနဲ့အတူ အိမ်ကို လိုက်ခဲ့ပေးမယ်”
စုဝေ့ချင်းမီ လီရှန်းကို အဝတ်အစားများသိမ်းဆည်းဖို့ရန်အတွက် လိုက်ကူပေးမည်ဟု ပြောခဲ့သော်လည်း တကယ်တမ်းတွင်တော့ သူ့၏မျက်နှာတစ်ခုလုံးက နီမြန်းနေပြီး လက်ထဲတွင်လည်း ပန်းသီးအိတ်လေးတစ်အိတ်ကို ကိုင်ထားလေသည်။
လီရှန်း အံ့ဩတကြီးဖြင့် မေးလိုက်မိသည်။
“သမဝါယမဆိုင်မှာ ပန်းသီးတွေ ရောင်းနေပြီလား?”
“မဟုတ်ပါဘူး၊ ဒါက ကိုယ့်ရဲ့ဦးလေးက ပြည်နယ်မြို့တော်ကနေ ယူလာပေးတာ.. ဝေ့ဟိုင်ကထွက်တဲ့ နာမည်ကျော် ‘ရှောင်ကော်ကွမ်း’ ပန်းသီးစစ်စစ်တွေလေ.. မင်း တစ်လုံးလောက် မြည်းကြည့်မလား?”
စုဝေ့ချင်းက အိတ်ကိုဖွင့်ပြီး အထဲကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် အနီဆုံးတစ်လုံးကို ရွေးပြီး လီရှန်း၏လက်ထဲသို့ အတင်းထည့်ပေးလိုက်လေ၏။
လီရှန်း ချက်ချင်း ငြင်းဆန်လိုက်သည်။
“မစားတော့ပါဘူး၊ ဒီလိုဆောင်းတွင်းကြီးမှာ ပန်းသီးတွေစားရင် သွားတွေ ကျိန်းသွားလိမ့်မယ်”
သူမက ပန်းသီးကို အိတ်ထဲသို့ပြန်ထည့်ပေးရင်း ပြောလိုက်သည်။
“ရှင် ကျွန်မကို အထုပ်အပိုးအတွက်ကူညီပေးမယ်ဆိုရင်လည်း လူပဲလာခဲ့လေ၊ ဘာလို့ ပန်းသီးတွေ အများကြီး သယ်လာရတာလဲ?”
ထိုသို့မေးလိုက်သည့်အချိန်တွင် လီရှန်း၏ကြည်လင်နေတတ်သောမျက်ဝန်းလေးများတွင် ရှက်သွေးဖြန်းနေသောကြောင့် စုဝေ့ချင်းတစ်ယောက် ရင်ထဲတွင် တုန်ယင်သွားခဲ့ရသည်။စုဝေ့ချင်းက ချောင်းတစ်ချက်ခပ်တိုးတိုးဆိုးလိုက်ပြီး ပန်းသီးအိတ်ကို ကိုင်ထားသည့် လက်ချောင်းများကိုလည်း တင်းတင်းဆုပ်ထားမိသည်။
သူ့၏နှလုံးသားကလည်း အဆမတန်ပင် ခုန်လှုပ်နေခဲ့လေ၏။
သူက လီရှန်း၏မျက်လုံးများကို တည့်တည့်မကြည့်ရဲဘဲ ဘေးနားမှ ဆေးဝါးစက်ရုံ၏ ဆိုင်းဘုတ်ကိုသာ စိုက်ကြည့်ရင်း ပြောလိုက်သည်။
“ဒါက ... ကိုယ် အဲဒါကို ရည်ရွယ်တာ မဟုတ်ပါဘူး.. ဒါပေမဲ့ ပထမဆုံးအကြိမ် လာလည်တာဆိုတော့... ကိုယ့်ဘက်က စေတနာနည်းနည်းလောက်ပြသင့်တာမလား”
ယနေ့ခေတ်ကာလတွင် စားသောက်ကုန်များက အလွန်ပင် ဈေးကြီးလွန်းသည်။ သစ်သီးဝလံဆိုလျှင် ပို၍ပင် ရှားပါးပေသည်။
အထူးသဖြင့် ဝေ့ဟိုင်မှထွက်သည့် ‘ရှောင်ကော်ကွမ်း’ ပန်းသီးစစ်စစ်ဆိုသည်က အကောင်းဆုံးထဲမှ အကောင်းဆုံးပင်။ ဤသည်က ဆေးလိပ်၊ အရက်များထက် သူ့၏ စေတနာကို ပို၍ဖော်ပြနိုင်လိမ့်မည်ဟု သူ ယုံကြည်မိသည်။
“သူတို့တွေ နားလည်မှုလွဲသွားမှာကို မကြောက်ဘူးလား?”
“ဘာကို နားလည်မှုလွဲမှာလဲ?”
စုဝေ့ချင်းက ပြန်မေးပြီးမှ လီရှန်း သူ့အား မျက်စောင်းထိုးနေသည် မြင်လိုက်ရသည်။ နဂိုကတည်းက နီမြန်းနေသည့် သူ့၏နားရွက်များက ပို၍ပင် ပူပြင်းလာကာ ယားယံမှုတို့ကိုပါ ခံစားလာရသည်။
သူက နားရွက်ကို ကုတ်လိုက်ရင်း ရှက်ရွံ့စွာပြောလိုက်သည်။
“သူတို့ နားလည်မှုလွဲသွားရင်တောင် ကိုယ်က အဲဒီလို ဖြစ်စေချင်နေတာဆိုတော့...”
လီရှန်းက သူ့ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။
“ရှင်ရဲ့ အတွေးကတော့ အတော်လေး ကောင်းလွန်းနေတာပဲ”
စုဝေ့ချင်းက လီရှန်း၏ အမူအရာကို ခိုးကြည့်လိုက်သည်။ သူမက စိတ်ဆိုးနေပုံမရသောကြောင့် သူ ပို၍ပင် ရဲတင်းလာခဲ့သည်။
“ကိုယ်သာ ကောင်းကောင်းမတွေးဘဲ အရှေ့ကမလှုပ်ရှားဘူးဆိုရင် မင်းက တခြားရဲဘော်တွေကို စိတ်ဝင်စားသွားမှာပေါ့”
စုဝေ့ချင်းတစ်ယောက် ယနေ့ သူတို့နှစ်ယောက်၏ကြားတွင် ရပ်နေသော အရပ်ရှည်၍၊ ပိန်သွယ်သောလူငယ်ကို သတိရသွားခဲ့သည်။
သူ၏ မျက်နှာက လေးထောင့်ကျပြီးမျက်မှန်တပ်ထားသောကြောင့် ကြည့်လိုက်သည်နဲ့ ပညာတတ်တစ်ယောက်၏ပုံစံဖြစ်နေခဲ့သည်။
ဌာနများ ခွဲဝေပြီးသည့်နောက်တွင်လည်း ထို ရွှမ်ယန်ဆိုသူက ရဲဘော်လီရှန်းနဲ့ စကားပြောနေသည်ကို သူ မြင်လိုက်သေးသည်။
စုဝေ့ချင်းတစ်ယောက် ထိုအချိန်က အလွန်ပင်မနာလိုဖြစ်သွားရသော်လည်း သူ့ဘက်မှ မည်သည့်စကားကိုမှ ဝင်ပြောပိုင်ခွင့်မရှိသောကြောင့် ချဥ်တူးတေသည့် ရှာလကာရည်များကိုသာ မြိုချခဲ့ရသည်။
“ရှင် ဘာတွေ လျှောက်ပြောနေတာလဲ?”
လီရှန်း ရယ်မော၍ပြောလိုက်သည်။
ထိုအချိန်တွင်ပသ် ဘတ်စ်ကားက ဆိုက်လာခဲ့သည်။
“ကားလာပြီ၊ မြန်မြန်ပြန်ကြရအောင်၊ နောက်ကျရင် ကားမရှိဘဲနေဦးမယ်”
“အဲဒါက ပိုတောင်ကောင်းသေးတယ်မလား၊ ကိုယ် အရှက်မဲ့သလိုပြုမူပြီး မင်းတို့ရဲ့အိမ်မှာ တစ်ညလောက် တည်းသွားလိုက်မယ်
စုဝေ့ချင်းက မျက်နှာနီရဲစွာဖြင့်ပင်မယုံကြည်နိုင်စရာကောင်းစွာ ‘အရွက်မဲ့သလိုပြုမူတယ်’ဟု ပြောနေလာခဲ့သည်။
သို့သော်လည်း တကယ်တမ်းတွင်တော့ ထိုသူက အမှန်တကယ်ပင် မျက်နှာထူထဲသည်ပင်။ သူက ကားပေါ်တွင် အေးဆေးတည်ငြိမ်စွာ ရှိနေခဲ့သည်။ စက်မှုစက်ရုံဝင်းထဲသို့ ရောက်တဲ့အချိန်တွင်တော့ သူက မေးခွန်းများကို မေးမြန်းလာတော့သည်။
တစ်ယောက်ယောက်မှ လီရှန်းကို နှုတ်ဆက်လျှင် လီရှန်းက ပြန်မနှုတ်ဆက်ရသေးခင်မှာပင် သူက အရင်ဆုံး ဦးစွာ နှုတ်ဆက်ခဲ့သည်။
သူ့၏ နှုတ်ဆက်ပုံမှာ ‘စစ်မာကျောင်းရဲ့နှလုံးသားကို ဖြတ်သွားဖြတ်ဘာတိုင်း သိတယ်’ ဟူသောစကားအတိုင်း သူ့၏ ရည်ရွယ်ချက်ကို လူတိုင်းသိစေရန် ပြသနေသကဲ့သို့ပင်။
“ရှင် နည်းနည်းလောက် ငြိမ်ငြိမ်နေလို့ မရဘူးလား?”
လီရှန်းက စုဝေ့ချင်းရဲ့ အင်္ကျီလက်ကို လှမ်းဆွဲလိုက်သည်။
စုဝေ့ချင်းသည်က ယခုလေးတင် ထွက်သွားသောလူကို ငေးကြည့်နေဆဲပင်။ သူ့၏အင်္ကျီလက်ကို အဆွဲခံလိုက်ရမှသာ လီရှန်းကို အမြန်လှည့်ကြည့်ပြီး ပြောလာသည်။
“ကိုယ်က ဖော်ဖော်ရွေရွေ နေတာလေ.. တစ်ယောက်ယောက်က မင်းကို နှုတ်ဆက်နေတဲ့အချိန် ကိုယ်က ဘာမှမလုပ်ဘဲ ဒီအတိုင်းရပ်နေရင် ရှက်စရာမကောင်းဘူးလား”
ထို့အပြင် ရဲဘော်လီရှန်းသည်လည်း အမှန်တကယ် စိတ်ဆိုးနေပုံမရပါချေ။
သူက ပေတီးခုံမှ ပေတီးစေ့များကဲ့သိာ့ တစ်စုံတစ်ယောက်မှ ရိုက်သည့်အချိန်မှ လှုပ်ခြင်းမျိုးကို မလုပာသင့်ဘဲ ထက်ထက်မြက်မြက်အမူအရာမျိုး ရှိနေသင့်သည်ဟု ခံစားနေရသည်။
နောက်ပိုင်း သူတို့နှစ်ယောက် အမှန်တကယ် အဆင်ပြေသွားချိန်တွင် ‘ရဲဘော်လီရှန်းက ငတုံးတစ်ယောက်ကို လက်တွဲဖော်အဖြစ် ရွေးချယ်လိုက်တာပဲ’ လို့ ကွယ်ရာ၌ ပြောကြမှာကို သူ မလိုလားပါချေ။
“ကောင်းပါပြီ ..မြန်မြန်လျှောက်ရအောင်”
လီရှန်း စုဝေ့ချင်းကိုဦးဆောင်၍ အိမ်သို့ လျှောက်သွားခဲ့သည်။
စုဝေ့ချင်းကလည်း သူမ၏နောက်ကနေ အမြန်လိုက်သွားလေသည်။
စက်မှုစက်ရုံသည်လည်း ဤအချိန်က အလုပ်ဆင်းချိန်ဖြစ်နေခဲ့သည်။ သို့ရာတွင် နှစ်ကုန်ပိုင်းတွင် အလုပ်များနေကြသောကြောင့် အလုပ်ရုံထဲမှ မီးများက လင်းထိန်နေဆဲဖြစ်ပြီး စက်သံများကိုလည်း ကြားနေရသည်။
အေးစက်သည့် ရာသီဥတုကြောင့် ဝန်ထမ်းအိမ်ရာဝင်းတစ်ခုလုံးက တိတ်ဆိတ်ခြောက်ကပ်နေခဲ့လေ၏။
*